Wednesday, February 25, 2015

အပျက်အစီးများ ပြင်ရန်အတွက် ခြေစမ်းပွဲကစားကာ ရန်ပုံငွေရှာမည်၊ ရိုးမားပရိသတ်များ လက်တုံ့ပြန်မည်ကို စိုးရိမ်


အီတလီ ဘောလုံးအဖွဲ့ချုပ်နှင့် နယ်သာလန် ဘောလုံးအဖွဲ့ချုပ်တို့သည် နယ်သာလန် ကလပ်ဖီယင်နုအသင်း အားပေးသူများ၏ သောင်းကျန်းမှုကြောင့် ပျက်စီးသွားခဲ့ရသော ရောမမြို့ရှိ အများပြည်သူနှင့် သက်ဆိုင်သော အထင်ကရ နေရာများကို ပြန်လည် ပြုပြင်ရန်အတွက် နယ်သာလန်နှင့် အီတလီ လက်ရွေးစင်အသင်းတို့ကို ချစ်ကြည်ရေး ခြေစမ်းပွဲစဉ် ယှဉ်ပြိုင် ကစားစေခြင်းဖြင့် ရန်ပုံငွေများ ရှာဖွေရန် စီစဉ်ညှိနှိုင်းနေပြီ ဖြစ်ကြောင်း Football Italia က ဖော်ပြထားသည်။

ဖီယင်နု ပရိသတ်များသည် လွန်ခဲ့သည့် သီတင်းပတ်၌ ရိုးမားနှင့် ဖီယင်နုတို့ ယှဉ်ပြိုင်ကြသည့် ယူရိုပါလိဂ် ၃၂ သင်း အဆင့်ပွဲစဉ်ကို ကြည့်ရှုအားပေးရန်အတွက် ရောမမြို့သို့ ရောက်ရှိလာခဲ့စဉ်တွင် အကြမ်းဖက်မှုများ ကျူးလွန်ခဲ့ကြခြင်း ဖြစ်ပြီး ဖီယင်နု ပရိသတ်များ၏ ဖျက်ဆီးမှုကြောင့် နာမည်ကျော် ဘာကက်စီယာ ရေပန်း အပါအဝင် အထင်ကရ နေရာအချို့ ပျက်စီးသွားခဲ့ရကြောင်း ရောမမြို့တော် ဝန်အစ်ဂ်နာဇီယို မာရီနိုက အတည်ပြု ပြောကြားထားပြီး ဖြစ်သည်။
ရောမမြို့တော်ဝန် ကောင်စီသည် ယင်းအပျက်အစီးများကို ပြန်လည် ပြင်ဆင်ရန်အတွက် ပေါင်နှစ်သန်းခန့် အရေးပေါ် လိုအပ်လျက်ရှိကာ ယင်းအခက်အခဲကို နယ်သာလန်နှင့် အီတလီအသင်းတို့ ခြေစမ်းပွဲ ယှဉ်ပြိုင်ကစားကာ ရန်ပုံငွေ ရှာဖွေခြင်းဖြင့် ဖြေရှင်းရန် အီတလီ ဘောလုံးအဖွဲ့ချုပ်နှင့် နယ်သာလန် ဘောလုံးအဖွဲ့ချုပ် တာဝန်ရှိသူများက စီစဉ်လိုက်ကြခြင်း ဖြစ်သည်။
နယ်သာလန်ကလပ် ဖီယင်နု ပရိသတ်များ၏ အကြမ်းဖက်မှုကို ရောမမြို့ခံ ရဲတပ်ဖွဲ့က နံပါတ်တုတ်များနှင့် ရိုက်နှက်ကာ လူစုခွဲခဲ့ရပြီး ယင်းသို့ လူစုခွဲရာတွင် ထိခိုက်ဒဏ်ရာရရှိမှု ဖြစ်ပေါ်ခဲ့သည်များလည်း ရှိကြောင်း ရိုးမားရဲတပ်ဖွဲ့က ထုတ်ပြန် ကြေညာထားသည်။
ရိုးမားပရိသတ် ၂၄၀၀ သည် နောက်နေ့တွင် ယှဉ်ပြိုင်ကစားမည့် ယူရိုပါလိဂ် ၃၂ သင်းအဆင့် ပွဲစဉ်ကို ကြည့်ရှုရန်အတွက် ဖီယင်နုအသင်း အခြေစိုက်ရာ ရော့တာဒမ်မြို့သို့ ရောက်ရှိနေပြီဖြစ်ကာ ရောမမြို့တွင် ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်များကို လက်တုံ့ပြန်သည့် အနေနှင့် ရော့တာဒမ်မြို့တွင်းရှိ အထင်ကရ နေရာများကို ရိုးမား ပရိသတ်များက တိုက်ခိုက်ဖျက်ဆီး လာမည်ကို နယ်သာလန် အစိုးရက စိုးရိမ်မှုများ ရှိနေသည်။
နယ်သာလန်နှင့် အီတလီတို့၏ ခြေစမ်းပွဲကို ရော့တာဒမ်မြို့တွင် ကျင်းပရန် စီစဉ်နေခြင်း ဖြစ်သည်ဟု ရောမမြို့တော်ဝန် မာရီနိုက ထပ်လောင်း အသိပေးထားသေးသည်။
The Voice Weekly

No comments:

Post a Comment