Monday, February 2, 2015

အစိုးရသည် ပြည်သူကိုလေးစားမှုမရှိ တန်ဖိုးမထားပါက နိုင်ငံတိုးတက်အောင်လုပ်ပေးနိုင်မည်မဟုတ်ဟု ဒေါ်အောင်ဆန်းစုကြည်ပြော

အစိုးရတစ်ရပ်သည် ပြည်သူ လူထုကို လေးစားမှုမရှိ တန်ဖိုးမထားပါက နိုင်ငံတိုးတက် အောင် လုပ်ပေးနိုင်မည်မဟုတ်သလို ပြည်သူများဘက် မှ နိုင်ငံသား တာဝန်ကျေပွန်သည့် အရည်အချင်းရှိနေ ပါက အစိုးရကို ကိုယ့်သဘောကျ ရွေးချယ်ထိန်းကွပ် ထားနိုင်မှာဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။
ဇန်နဝါရီ ၃၁ ရက်က မန္တလေးတိုင်းဒေသ ကြီး ပျော်ဘွယ်မြို့နယ်တွင်ပြုလုပ်သည့် ဗိုလ်ချုပ်အောင် ဆန်း နှစ် ၁ဝဝ ပြည့် မွေးနေ့အကြို လူထုဟောပြောပွဲတွင် ယင်းကဲ့သို့ ပြောဆိုလိုက်ခြင်းဖြစ်သည်။
ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ''ပြည်သူ လူထုကို မလေးစားဘူး၊ တန်ဖိုးမထားဘူးဆိုရင် ဒီနိုင်ငံ ကို တိုးတက်အောင် လုပ်ပေးနိုင်မှာမဟုတ်ပါဘူး။ ရိုးရိုး ရှင်းရှင်းပါပဲ။ ပြည်သူလူထုကို လေးစားရမယ်။ တန်ဖိုး ထားရမယ်။ ဒီတော့ ပြည်သူကလည်း ကိုယ့်ကိုလေးစား အောင်၊ တန်ဖိုးထားအောင် နေကြရမယ်။ ကိုယ့်ရဲ့အ ခွင့်အရေးတွေကို ကာကွယ်ရုံတင်မက ကိုယ့်ရဲ့တာဝန် တွေကိုလဲ သိတတ်ရမယ်။ တာဝန်တွေကိုလဲ ကျေပွန်ရ မယ်။ ဒါမှ တခြားသူတွေက ကိုယ့်ကိုလေးစားမှာ၊ တန် ဖိုးထားမှာ။ ကျွန်မတို့ပြည်သူတွေ အရည်အချင်း တက် လာပြီဆိုလို့ရှိရင် ဘယ်အစိုးရမဆို ပြည်သူရဲ့ စစ်မှန်တဲ့ ကောင်းမွန်တဲ့ဆန္ဒကို လွန်ဆန်လို့ ရမှာမဟုတ်တော့ပါ ဘူး''ဟု ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်က ဆက်လက်၍ ''အတိတ်ကို စဉ်းစားဖို့မဟုတ်ပါဘူး။ အတိတ်ကို ပြန် ကြည့်ပြီးတော့ အနာဂတ်အတွက် ဘာတွေလုပ်ဖို့ ကျန် သေးသလဲဆိုတာ စဉ်းစားဖို့လိုပါတယ်။ ကျွန်မတို့က ဖေဖေရဲ့ နှစ် ၁ဝဝ ပြည့်မွေးနေ့ အထိမ်းအမှတ်ပွဲတွေ လုပ်တယ်ဆိုတာက အတိတ်ကိုပြန်ပြီးတော့ သတိရရုံအ တွက် မဟုတ်ပါဘူး။ အနာဂတ်အတွက် ကျွန်မတို့နိုင်ငံ မှာ ဘာတွေလုပ်ဖို့ လိုအပ်နေသေးသလဲဆိုတာကို ကျွန်မ တို့ရဲ့ ပြည်သူပြည်သားတွေ အထူးသဖြင့် လူငယ်တွေကို စဉ်းစားစေချင်လို့ ဖြစ်ပါတယ်''ဟု ပြောသည်။
ကမ္ဘာပေါ်ရှိ အတိုးတက်ဆုံး၊ အချမ်းသာဆုံး နိုင်ငံများတွင် အစိုးရသည် ပြည်သူလူထုကို လေးစား တန်ဖိုးထားသော နိုင်ငံတွေဖြစ်နေသလို ပြည်သူကို တန် ဖိုးမထားပါက ထိုနိုင်ငံ တစ်နိုင်ငံသည် ဘယ်တော့မှ မတိုးတက်၊ မချမ်းသာနိုင်သည်ကို နိုင်ငံရဲ့ အစိုးရလုပ် ချင်သူ ပုဂ္ဂိုလ်တိုင်းက သတိချပ်ရန် လိုအပ်ကြောင်းကို လည်း ဒေါ်အောင်ဆန်းစုကြည်က ယင်းလူထုဟော ပြောပွဲတွင် သုံးသပ်ပြောဆိုသွားခဲ့သည်။
''တာဝန်ဝတ္တရားအရ ဆိုရင်တော့ ငါတာ ဝန်ယူမယ်ဆိုပြီး ဒီလိုလုပ်လို့ မရဘူး။ ပြည်သူက တာ ဝန်ပေးမှ တာဝန်ယူရမှာဖြစ်ပါတယ်။ ပြည်သူက တာဝန် မပေးဘဲနဲ့ ငါတို့ပဲ တာဝန်ယူလိုက်မယ်ဆိုတာက တကယ် တော့ ပြည်သူလူထုကို ကိုယ်စားပြုတဲ့ အစိုးရမျိုး ဖြစ် မှာမဟုတ်ပါဘူး။ ပြည်သူလူထုကို ကိုယ်စားမပြုရင် ပြည် သူလူထုကို လေးစားမှာမဟုတ်ဘူး၊ တန်ဖိုးထားမှာမဟုတ် ဘူး''ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင် ဆန်းစုကြည်က ဆက်ပြောသွားခဲ့သည်။

TheFlowerNews
Yangon Media Group

No comments:

Post a Comment