Tuesday, February 3, 2015

လေးပွင့်ဆိုင်ဆွေးနွေးပွဲ တက်ရောက်ခဲ့၍ ဒေါက်တာသိန်းလွင်ကို ဒီချုပ်က စည်းမျဉ်းစည်းကမ်းများနှင့်အညီ ဆောင်ရွက်မည်ဟု ထုတ်ပြန်


အမျိုးသားပညာရေး ဥပဒေပြင်ဆင်ရေးအတွက် လေး ပွင့်ဆိုင်တွေ့ဆုံမှုတွင် NNER ကိုယ်စားလှယ်အဖြစ် ပါဝင်ဆွေး နွေးနေသည့် အမျိုးသားဒီမိုကရေ စီအဖွဲ့ချုပ် အရန်ဗဟိုအလုပ်အမှု ဆောင်အဖွဲ့ဝင် ဒေါက်တာသိန်း လွင်သည် ပါတီဗဟိုအလုပ်အမှု ဆောင်အဖွဲ့၏ ကြိုတင်သဘော တူညီချက်မရရှိဘဲ ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သည့်အတွက် ပါ တီ စည်းမျဉ်းစည်းကမ်းများနှင့် အညီ ဆက်လက်ဆောင်ရွက် သွား မည်ဖြစ်ကြောင်း အမျိုးသား ဒီမို ကရေစီအဖွဲ့ချုပ်က ကြေညာချက်တစ်စောင်ထုတ်ပြန်သည်။



ဖေဖော်ဝါရီ ၂ ရက်က အဆိုပါကြေညာချက်မတိုင်မီ နာရီအနည်းငယ်ခြား၍ ဒီချုပ်က ဒေါက်တာသိန်းလွင်အား စည်းမျဉ်းစည်းကမ်းများနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဟု ထုတ်ပြန်ခဲ့ပြီး ထပ်မံထုတ်ပြန်ရာတွင် စည်းမျဉ်းစည်းကမ်းနှင့် အညီ ဆက်လက်ဆောင်ရွက်မည်ဟု ပါရှိခြင်းဖြစ်သည်။

ပထမ ကြေညာချက်တွင် အမျိုးသားပညာရေးဥပဒေ ပြင်ဆင်ရေးအတွက် အဆိုပါအစည်းအဝေးသို့ တက်ရောက်လျက်ရှိသော NNER (နိုင်ငံလုံးဆိုင်ရာပညာရေး ပြုပြင်ပြောင်းလဲမှုကွန်ရက်) ၏ ကိုယ်စားလှယ် ဒေါက်တာ သိန်းလွင်သည်  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ် မဟုတ်ကြောင်း၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်များ အနေဖြင့် အဖွဲ့ချုပ်၏ စည်းမျဉ်းစည်းကမ်းများအရ ဗဟိုအလုပ်အမှုဆောင်အဖွဲ့၏ ကြိုတင်သဘောတူညီချက်မရှိဘဲ အခြားအဖွဲ့အစည်းတွင် ဦးဆောင်ပါဝင်ဆောင်ရွက်ခွင့်မရှိကြောင်း ဖော်ပြထားပြီး အဖွဲ့ချုပ်၏စည်းမျဉ်းစည်းကမ်းများကို ဖောက်ဖျက်ခြင်းအတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က စည်းမျဉ်းစည်းကမ်းများနှင့်အညီ အရေးယူ ဆောင်ရွက်သွားမည်ဟု ဒီချုပ်က  ကြေညာချက်အမှတ် ၈/ ၀၂/၂၀၁၅ ဖြင့် ထုတ်ပြန်ခဲ့သည်။

အဆိုပါ ကြေညာချက်နှင့် ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်၏  ပြောရေးဆိုခွင့်ရှိ ဦးဉာဏ်ဝင်းအား ဆက်သွယ်မေးမြန်းရာတွင် ‘‘ကျွန်တော်အဲဒီကြေညာချက်နဲ့ ပတ်သက်ပြီး ဖြေဖို့ အဆင်သင့်မဖြစ်သေးပါဘူး’’ဟု ပြန်လည်ဖြေကြားခဲ့သည်။

ဒီချုပ်က ဒုတိယအကြိမ်ထုတ်ပြန်ချက်တွင်မူ ဒေါက်တာသိန်းလွင်သည် ဒီချုပ်ဗဟိုကော်မတီဝင် တစ်ဦးဖြစ်ပြီး ဒီချုပ်အဖွဲ့ဝင်များအနေဖြင့် အခြားအဖွဲ့အစည်းများနှင့် ဆက်သွယ်ဆောင်ရွက်ရာတွင် ဗဟိုအလုပ်အမှုဆောင်အဖွဲ့က အပ်နှင်းသောတာဝန်အရသာ ဆောင်ရွက်ခွင့်ရှိသည်။

ထို့ကြောင့် ဒီချုပ်က စည်းမျဉ်းစည်းကမ်းများနှင့်အညီ ဆက်လက်ဆောင်ရွက်မည်ဟု ပြင်ဆင်ဖော်ပြထားသည်။

ဒီချုပ်၏ ပထမ ကြေညာချက်ထွက်ပေါ်လာပြီး နောက်ပိုင်းတွင် NNER မှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ထံ အိတ်ဖွင့်ပေးစာတစ်စောင်ကို ဖေဖော်ဝါရီ ၂ ရက်က ပေးပို့ကြောင်း ထုတ်ပြန်သည်။

အဆိုပါ အိတ်ဖွင့်ပေးစာ တွင် ဒေါက်တာသိန်းလွင်သည် NLD ပါတီ၏ အဖွဲ့ဝင်ဖြစ်သော် လည်း NNER တွင် မိမိဆန္ဒအလျောက် ဦးဆောင်ပါဝင်ခဲ့ခြင်းဖြစ်ကြောင်း၊ ကျောင်းသားများ၏ ဒီမိုကရေစီ ပညာရေးလှုပ်ရှားမှု အရေးကြီးလှသော အချိန်တွင်မှ ကြေညာချက်ထုတ်ပြန်လိုက်ခြင်းအပေါ် နားမလည်နိုင်ဖြစ်သဖြင့်  ဖြေရှင်းပေးစေလိုကြောင်း တောင်းဆိုထားသည်။

‘‘NLD က သူတို့ NLD ကို ကိုယ်စားမပြုပါဘူးဆိုပြီးတော့ ပြောတယ်။ ပါတီစည်းကမ်းတွေ ကို မလိုက်နာပါဘူးလို့ ပြော တယ်။ ဒီစည်းကမ်း၊ မူဝါဒတွေက လက်ရှိဒီလေးပွင့်ဆိုင်ဆွေးနွေးပွဲ ကို သွားလိုက်တဲ့အပေါ်မှာ ဘာတွေများ NLD ကို ဆိုးကျိုးဖြစ် သွားစေလဲဆိုတာ မေးခွန်းပြန်မေး ချင်ပါတယ်’’ဟု NNER အဖွဲ့ဝင် ဒေါ်သူသူမာကပြောသည်။

ထို့အတူ အမျိုးသားပညာ ရေးဥပဒေပြင်ဆင်ရန် သပိတ်မှောက်ဆန္ဒပြနေသည့် ကျောင်းသားများကို  ဦးဆောင်နေသည့် ဒီမိုကရေစီပညာရေး လှုပ်ရှားမှုဦးဆောင်ကော်မတီကလည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ထုတ်ပြန်ကြေညာချက်သည် လေးပွင့်ဆိုင်ညှိနှိုင်းဆွေးနွေးမှုကို နှောင့်နှေးစေသည့်သဘော သွယ်ဝိုက်သက်ရောက်စေသည့်အတွက် ကြေညာချက်ကို အချိန်ကိုက်မထုတ်ပြန်သင့်ကြောင်း သဘောထားကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။

‘‘ဒီလို ထုတ်ပြန်ချက်ထုတ် လိုက်တဲ့အတွက် ဆွေးနွေးပွဲကို ထိခိုက်မှုမျိုးတော့ မရှိပါဘူး။ ဒီမိုကရေစီပညာရေး လှုပ်ရှားမှု အပေါ်မှာတော့ ဒီလိုကြေညာချက်ထုတ်ပြန်ခြင်းမျိုးက အန္တရာယ်ရှိလာမှာကို စိတ်ပူမိတာတော့ အမှန်ပဲ’’ ဟု သပိတ်မှောက် ကျောင်းသားခေါင်းဆောင် တစ်ဦးဖြစ်သည့် မဖြိုးဖြိုးအောင်ကပြော သည်။

ဒေါက်တာ သိန်းလွင်သည် NNER  စတင်ဖွဲ့စည်းသော ၂၀၁၃ဇန်န၀ါရီလ ကတည်းက ပါဝင်ခဲ့သူဖြစ်ကာ မြန်မာနိုင်ငံပညာရေး ပြုပြင်ပြောင်းလဲမှုလုပ်ငန်းများ လုပ်ဆောင်နေသူတစ်ဦးလည်းဖြစ်သည်။

Eleven Media Group

No comments:

Post a Comment