Tuesday, February 3, 2015

ပြည်လုံးကျွတ် ဆန္ဒခံယူပွဲတွင် ယာယီသက်သေခံလက်မှတ် ကိုင်ဆောင်ထားသူများပါ မဲပေးခွင့်ရှိမည်

 နိုင်ငံတော်သမ္မတက သဘောထားမှတ်ချက်ဖြင့် ပြန်လည်ပေးပို့ထားသည့် ပြည်လုံးကျွတ်ဆန္ဒ ခံယူပွဲ ဥပဒေတွင် ယာယီသက်သေခံလက်မှတ် (White Card) ကိုင်ဆောင်ထားသူများပါ မဲပေးခွင့်ရှိသည်ဟု ပြည်ထောင်စုလွှတ်တော်က ပြင်ဆင်အတည်ပြု လိုက်ပြီဖြစ်သည်။

ရခိုင်တိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ်များက အပြင်းအထန် ကန့်ကွက်ခဲ့သော်လည်း တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များနှင့် နယ်စပ်ဒေသမှ ကျန်တိုင်းရင်းသားကိုယ်စားလှယ်များက ထောက်ခံခဲ့သဖြင့် သမ္မတ၏ သဘောထားမှတ်ချက်အတိုင်း   ယာယီသက်သေခံလက်မှတ် ကိုင်ဆောင် ထားသူများပါ  မဲပေးခွင့်ရရှိခြင်းဖြစ်သည်။



ပြည်ထောင်စုလွှတ်တော်၏ မူလအတည်ပြုချက်တွင် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ၌ ယာယီသက်သေခံ လက်မှတ် ကိုင်ဆောင်သူများ မဲပေးခွင့်မရှိသော်လည်း နိုင်ငံတော်သမ္မတက ဥပဒေကို လက်မှတ်မထိုးဘဲ သဘောထားမှတ်ချက် ၁၁ ချက်ဖြင့် ပြန်လည်ပေးပို့ရာတွင် အဆိုပါအချက်ကို ထည့်သွင်းရန် ပေးပို့ထားခြင်းဖြစ်သည်။ ‘‘အထူးသဖြင့်တော့ ယာယီသက်သေခံလက်မှတ်ကတ်ပြား ထုတ်ပေးထားသူ အများစုဟာ ရခိုင်ပြည်နယ်မှ ဘင်္ဂါလီလူမျိုးများ၊ နယ်စပ်ဒေသများတွင် နေထိုင်သည့် နိုင်ငံသားစိစစ်ရန် ကျန်ရှိနေသေးသော တိုင်းရင်းသား အဖွဲ့အစည်းဝင်များ၊ မိသားစုများ ဖြစ်ကြပါတယ်’’ဟု တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ဒုတိယဗိုလ်မှူးကြီး စိုးမြင့်အောင်ကပြောကြားခဲ့သည်။

ယာယီသက်သေခံလက်မှတ်များကို ၁၉၅၁ အမျိုးသား မှတ်ပုံတင်ရေးနည်းဥပဒေပုဒ်မ (၁၃) အရ ထုတ်ပေးခြင်းဖြစ်၍ အမျိုးသားမှတ်ပုံတင်မထုတ်ပေးမီနှင့် အမျိုးသားမှတ်ပုံတင်ကတ်ပြားများ ပျက်စီး၊ မထင်မရှားဖြစ်၍ အဆိုပါကတ်ပြားအစား အခြားကတ်ပြားတစ်ခုပြုလုပ်ရန် လျှောက်လွှာတင်သွင်းချိန်တွင် ကာလအပိုင်းအခြား သတ်မှတ်၍ ထုတ်ပေးခြင်းဖြစ်သည်ဟု ပြည်ထောင်စုလွှတ်တော်၏ မူလအတည်ပြုချက်ကို ကန့်ကွက်ခဲ့သည့် ဘူးသီးတောင်မဲဆန္ဒနယ်မှ ဦးရွှေမောင်ကပြောသည်။

ပြည်ထောင်စုလွှတ်တော်တွင် အချေအတင်အငြင်းပွားမှုကို  မဲခွဲဆုံးဖြတ်ခဲ့ရာ၌ ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ် ၃၂၈ ဦးက ပြည်ထောင်စုလွှတ်တော်၏ မူလအတည်ပြုချက်ကို ကန့်ကွက်ခဲ့ သဖြင့် သမ္မတ၏ သဘောထား မှတ်ချက်အတိုင်း ယာယီသက်သေခံလက်မှတ် ကိုင်ဆောင်သူများပါ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ပြင်ဆင်မည့် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲတွင် မဲပေးပိုင်ခွင့် ရှိသွားခြင်းဖြစ်သည်။

7 Day Daily

No comments:

Post a Comment