Wednesday, February 18, 2015

ရေနံချောင်း မြို့မဈေးကြီး မီးလောင်မှု ဆိုင်ခန်းပေါင်း သုံးရာကျော် ဆုံးရှုံး

မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ် မြို့မ (မြောက်) ရပ်ကွက် လမ်းမတော်လမ်းရှိ ရေနံချောင်း မြို့မဈေးကြီးတွင် ဖေဖော်ဝါရီလ ၁၇ ရက် နံနက် ၂ နာရီ ၁၅ မိနစ်ခန့်က မီးလောင်မှု ဖြစ်ပွားခဲ့ရာမှ ဈေးဆိုင်ခန်း ၃၁၂ ခန်း မီးလောင် ဆုံးရှုံးခဲ့ကြောင်း မကွေးခရိုင် ရဲတပ်ဖွဲ့မှူးရုံးထံမှ စုံစမ်းသိရှိရသည်။

“တစ်ဈေးလုံးနီးပါး မီးလောင်တာ။ နံနက်လေးနာရီ ထိုးခါနီးမှ မီးငြှိမ်းနိုင်ခဲ့တယ်။ မီးလောင်မှုရဲ့ အကြောင်းအရင်းကို ခုထိ ဘာမှ မသိရသေးတာကြောင့် မီးသတ်နဲ့ ရဲပူးပေါင်းပြီး စုံစမ်းစစ်ဆေးနေတယ်” ဟု ရေနံချောင်း မြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

အဆိုပါ မြို့မဈေးကြီး မီးလောင်မှုကြောင့် ဈေးအတွင်းရှိ သွပ်မိုး ထရံကာထားသော ဆိုင်ခန်း ၃၁၂ ခန်းမှ အဝတ်အထည်၊ ဆေးဝါးနှင့် ကုန်ခြောက်ပစ္စည်းများ မီးလောင် ဆုံးရှုံးခဲ့ကြောင်း၊ မီးလောင်မှု ဖြစ်ပွားစဉ် နီးစပ်ရာ မြို့နယ်ပေါင်းစုံမှ မီးငြှိမ်းသတ်ယာဉ်များ လာရောက် ဝိုင်းဝန်း ငြှိမ်းသတ်မှုကြောင့် ဈေးအရှေ့ဖက်ရှိ အထည်ဆိုင် တစ်ချို့နှင့် အုန်းသီးဌက်ပျောသီး ရောင်းသည့် ဆိုင်ခန်းတစ်ချို့ မီးလောင်မှုဘေးမှ ကင်းလွတ်ခဲ့ကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ထံမှ စုံစမ်းသိရှိရသည်။
“၁၉၉၄ ခုနှစ်တုန်းက ဒီလိုမျိုး တစ်ဈေးလုံး မီးလောင်ခံရဘူးတယ်။ မနည်းကုန်းရုန်းရှာပြီး ဈေးဆိုင် ပြန်ဖွင့်ခဲ့ရတာ အခုတစ်ကြိမ် ထပ်လောင်ခံရတာကြောင့် လုပ်စားနေတဲ့ လက်ကို ရိုက်ချိုးခံရသလိုပဲ။ မီးက အရမ်းပြင်းတော့ ကိုယ့်ဆိုင်က ပစ္စည်းတွေကို သယ်ယူချိန်တောင် မရလိုက်ဘူး” ဟု ယင်းမြို့မဈေး ကြီးအနီး နေထိုင်သော အဝတ်အထည် ရောင်းသူ ဦးမျိုးအောင်က ပြောဆိုသည်။

ရေနံချောင်း မြို့မဈေးကြီး မီးလောင်မှု အကြောင်းအရင်းကို သက်ဆိုင်ရာ တာဝန်ရှိသူများက စုံစမ်းလျက် ရှိပြီး လတ်တလောတွင် ယင်းဈေးကြီးကို ရက်အကန့်အသတ်မရှိ ပိတ်ထားပြီး မီးလောင်ပြင် ရှင်းလင်းရေးကို ဆောင်ရွက်လျက် ရှိကြောင်း၊ မီးလောင်ခံရသည့် ဆိုင်ခန်းပိုင်ရှင်များ ဈေးပြန်လည် ရောင်းချနိုင်ရန် ယာယီ ဈေးနေရာတစ်ခု ရက်ပိုင်းအတွင်း သတ်မှတ် ပေးနိုင်ရေးအတွက် မြို့နယ် အုပ်ချုပ်ရေး အဖွဲ့ဝင်များက ညှိနှိုင်း ဆွေးနွေးနေကြောင်း ရေနံချောင်း မြို့မရဲစခန်းထံမှ သိရှိရသည်။

The Voice Weekly

No comments:

Post a Comment