Wednesday, February 18, 2015

ကြက်ခြေနီများကို ပစ်မှတ်အဖြစ် တိုက်ခိုင်းခြင်းမပြုရန် မေတ္တာရပ်ခံ

မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ စေတနာလုပ်အားရှင် ၂ ဦးသည် ဖေဖော်ဝါရီလ ၁၇ ရက်အင်္ဂါနေ့တွင် လောက်ကိုင်ဒေသမှ တိုက်ပွဲများကြောင့် ထွက်ပြေးတိမ်းရှောင်သူများကို မော်တော်ယာဉ်များဖြင့် ကူညီပို့ဆောင်ပေးစဉ် ပစ်ခတ်တိုက်ခိုက်ခံရ၍ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ကြက်ခြေနီများကို ပစ်မှတ်အဖြစ် တိုက်ခိုက်ခြင်းမပြုရန် မြန်မာနိုင်ငံကြက်ခြေနီအသင်းက မေတ္တာရပ်ခံလိုက်ကြောင်း သိရှိရသည်။
ထိုမတော်တဆမှုသည် ကွမ်လုံမြို့နယ်နှင့် ချင်းရွှေဟော်မြို့နယ်တို့အကြား ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ စေတနာလုပ်အားရှင် နှစ်ဦးတွင် တစ်ဦးမှာ ဦးခေါင်းပိုင်းတွင်လည်းကောင်း၊ တစ်ဦးမှာ ဝမ်းဗိုက်ပိုင်း တွင် လည်းကောင်း ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါသည်။ ယခုအခါတွင် စေတနာလုပ်အားရှင် နှစ်ဦးလုံးသည် ကွမ်းလုံမြို့နယ် ပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူ နေလျက်ရှိပြီး ၄င်းတို့အနက် ဦးခေါင်းဒဏ်ရာ ရရှိသူ တစ်ဦးမှာ ခွဲစိတ်ကုသမှု ခံယူခဲ့ရကြောင်းနှင့် ၄င်းတို့၏ ကျန်းမာရေးအခြေအနေမှာ စိုးရိမ်စရာ မရှိကြောင်းသိရှိရသည်။
ဟိုပန်မြို့နယ်ကြက်ခြေနီအသင်းခွဲမှ တာဝန်ရှိသူများ နှင့်စေတနာလုပ်အားရှင် များသည် ဖြစ်စဉ်နှင့် ပက်သက်သော သတင်းအချက်အလက်များ ပိုမိုရရှိရန်နှင့် ဒဏ်ရာရရှိသူ များကို ကူညီရန် ဖေဖော်ဝါရီလ(၁၈)ရက်နေ့တွင် ကွမ်းလုံမြို့နယ်သို့ သွားရောက်မည် ဖြစ်သည်။

မြန်မာနိုင်ငံကြက်ခြေနီအသင်းဥက္ကဌ၊ ပါမောက္ခဒေါက်တာသာလှရွှေမှ ယခုလို တိုက်ခိုက်ခံရခြင်းနှင့် ပတ်သက်၍ “တိုက်ပွဲကြောင့် နေရပ်ပြန်သူများကို လူသားချင်းစာနာထောက်ထားတဲ့ အကူအညီတွေ ပေးနေစဉ်မှာ အခုလို ဒဏ်ရာရရှိ ကြောင်းသိရတဲ့အတွက် အလွန်ပဲ ၀မ်းနည်းရပါတယ်။ ဒီလို အခက် အခဲတွေကြားထဲက ကူညီပေးနေတဲ့သူတို့ကို လေးစား ရမှာဖြစ်ပြီး ပစ်မှတ်အဖြစ် မတိုက်ခိုက် သင့်ပါဘူး” ဟု ပြောကြားခဲ့သည်။
အခင်းဖြစ်ပွားစဉ်တွင် စေတနာလုပ်အားရှင်များသည် ကြက်ခြေနီအမှတ်အသားကို ထင်ရှားစွာ ဝတ်ဆင်ထားကြသည်။ ယခုတိုက်ခိုက်ခံရမှုနှင့် ပတ်သက်၍ မည်သူ့တွင် တာဝန်ရှိကြောင်း မသိရှိရသေး သော်လည်း အခင်းဖြစ်ပွားခဲ့ရာ နေရာသည် မြန်မာ့တပ်မတော်စစ်ကြောင်း အနီးအနားတွင် မဟုတ်ကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အရှေ့မြောက်ပိုင်းတွင် ဖေဖော်ဝါရီလဆန်းမှ စတင်ဖြစ်ပွားခဲ့သည့် ပြင်းထန်သော တိုက်ပွဲများကြောင့် နေရပ်ရွှေ့ပြောင်းကြသူလူပေါင်း သုံးထောင်ကျော်ကို ဒေသခံကြက်ခြေနီများက အကူအညီပေးလျက်ရှိသည်။ နေရပ်ပြန်မိသားစုအများစုသည် သယ်ယူပို့ဆောင်ရေးယာဉ်များ မရှိသောကြောင့် အကူအညီရရှိနိုင်မည့် လားရှိုး၊ ပြင်ဦးလွင်နှင့် မန္တလေးမြို့များသို့ ခြေလျင်ရောက်ရှိ လာခဲ့ကြသည်။

ဧရာဝတီ

No comments:

Post a Comment