Wednesday, February 18, 2015

အီရတ်တွင် လူ ၄၅ ဦးအား အိုင်အက်စ်တို့က အရှင်လတ်လတ်မီးရှို့ သတ်

အီရတ်နိုင်ငံ အနောက်ပိုင်း အယ်လ်ဘဂ္ဂဒါဒီမြို့တွင် အိုင်အက်စ်တို့က လူ ၄၅ ဦးကို အရှင်လတ်လတ်မီးရှို့ သတ်ပစ်ခဲ့ကြကြောင်း ဌာနေရဲ အကြီးအကဲဖြစ်သူက ပြောသည်။ထိုသို့ အသတ်ခံရသူများသည် မည်သူ မည်ဝါများ ဖြစ်သည်နှင့် မည်သည့်အကြောင်းကြောင့် သတ်ဖြတ်ခြင်းကို သေချာ မသိရ သေးသော်လည်း ရဲမှူးကြီး ကာဆင်အယ်လ်အိုဘိုင်ဒီက အသတ်ခံရသူများတွင် လုံခြုံရေး တပ်သားများလည်း ပါဝင်ဖွယ်ရှိကြောင်း ပြောသည်။



အင်းအယ်လ်အဆတ် လေတပ်စခန်းအနီးတွင်းရှိသည့် ယင်းမြို့ နေရာများစွာကို အိုင်အက်စ်တို့က သိမ်းပိုက် ထားသည်။ လုံခြုံရေးတပ်ဖွဲ့ မိသားစုများနှင့် တာဝန်ရှိသူများနေထိုင်ရာ နေရပ်နေရာသည်လည်း အိုင်အက်စ်တို့၏ တိုက်ခိုက်မှုအောက် ရောက်ရှိနေကြောင်း ကာဆင်က ပြောသည်။

အစိုးရနှင့် နိုင်ငံတကာအဖွဲ့ အစည်းများသို့လည်း ၎င်းက အကူအညီတောင်းလျက်ရှိသည်။

ယင်းနယ်မြေတွင် တိုက်ပွဲများဖြစ်ပွားနေခြင်းနှင့် ဆက်သွယ်မှု ခက်ခဲခြင်းတို့ကြောင့် သတင်းအချက်အလက် အတည်ပြုချက်ရရှိရေး ခက်ခဲလျက်ရှိနေသည်။

ယခုလ အစောပိုင်းက ဆီးရီးယားတွင် ဒီဇင်ဘာလအတွင်းက လေယာဉ်ပျက်ကျ၍ ဖမ်းဆီးခံရသည့် ဂျော်ဒန်လေယာဉ်မှူးကို အိုင်အက်စ်အဖွဲ့ က အရှင်မီးရှို့ သတ်ဖြတ်သည့် ဗီဒီယိုကို ထုတ်လွှင့်ခဲ့သည်။

အမေရိကန် မရိန်းတပ်သား ၃၂၀ ခန့်က အီရတ်တပ်ဖွဲ့ များကို စစ်သင်တန်းပေးလျက်ရှိသည့် အယ်လ်အဆတ် လေတပ်စခန်းမှ ငါးမိုင်ခန့်သာ ကွာဝေးသည့် အယ်လ်ဘဂ္ဂဒါဒီမြို့ကို အိုင်အက်စ်တို့က လပေါင်းများစွာ ဝိုင်းရံတိုက်ခိုက်ကာ သိမ်းပိုက်ရရှိသွားခဲ့ခြင်း ဖြစ်သည်။

အီရတ် အန်ဘာပြည်နယ်အတွင်း အစိုးရထိန်းချုပ်ထားနိုင်သည့် နယ်မြေများမှာ အနည်းအကျဉ်းသာ ရှိတော့သည်။ ယင်းဧရိယာ နယ်မြေတွင် အိုင်အက်စ်နှင့် မဟာမိတ် ဆွန်နီအာရတ်လူမျိုးစုအုပ်စုတို့က ၂၀၁၄ ခုနှစ် ဇန်နဝါရီလမှ စတင်ကာ ထိုးစစ်များ ဆင်နွှဲခဲ့ခြင်း ဖြစ်သည်။

အဆိုပါလေတပ်စခန်းသို့ လည်း အသေခံဗုံးခွဲသမားများ ပါဝင်သည့် အိုင်အက်စ်စစ်သွေးကြွများ ပြီးခဲ့သည့် ရက်အနည်းငယ်အတွင်းက လာရောက်တိုက်ခိုက်ခဲ့ရာ အမေရိကန် ကျောထောက်နောက်ခံပြုသည့် အီရတ်တပ်ဖွဲ့များက ပြန်လှန်တိုက်ထုတ်လိုက်နိုင်ခဲ့သည်။

Mizzima

No comments:

Post a Comment