Wednesday, February 11, 2015

တစ်ဖက်နဲ့တစ်ဖက် ယုံကြည်မှု လျော့နည်းနေတယ်လို့ ဒေါက်တာအောင်ထွန်းသက်ပြော


အမျိုးသားပညာရေးဥပဒေ ပြင်ဆင်ရေးအတွက် ဒီနေ့ (ဖေဖော်ဝါရီလ ၁၁ရက်) နံနက် ၉ နာရီ မိနစ် ၄၀ ခန့်က ပြန်လည်စတင်လိုက်တဲ့ လေးပွင့်ဆိုင်ဆွေးနွေးပွဲမှာ ဒေါက်တာအောင်ထွန်းသက်က တစ်ဖက်နဲ့ တစ်ဖက်ယုံကြည်မှု အားနည်းနေကြကြောင်း ပြောကြားလိုက်တယ်လို့ The Voice သတင်းထောက်က သတင်းပေးပို့ပါတယ်။

အဲ့ဒီဆွေးနွေးပွဲမှာ အစိုးရလွှတ်တော်ဘက် ကိုယ်စားပြု Moderator အဖြစ် ဆောင်ရွက်နေတဲ့ ဒေါက်တာအောင်ထွန်းသက်က “မှန်တာပြောရရင် ယုံကြည်မှုနည်းနေတယ်၊ တစ်ဖက်နဲ့တစ်ဖက် မယုံကြည်ကြဘူး။ ကိုယ်တိုင်ယုံကြည်ထိုက်သူ မဖြစ်ဘူးဆိုရင် ယုံကြည်မှု တည်ဆောက်တဲ့အခါ အင်မတန်ခဲယဉ်းပါတယ်” လို့ လေးပွင့်ဆိုင်ဆွေးနွေးပွဲ ဖွင့်ပွဲ အမှာစကားမှာ ထည့်သွင်း ပြောကြားလိုက်ပါတယ်။
ယုံကြည်မှုတည်ဆောက်ဖို့ ပွင့်လင်းမြင်သာမှုရှိရန်၊ တစ်ဖက်နဲ့တစ်ဖက် ပြောဆိုမှုတွေကို ဗွေမယူဘဲ တုံ့ပြန်ရန်၊ လူတိုင်းကို ဂရုစိုက်ရန်၊ ရိုးသားရန်၊ ယုံကြည်ထိုက်သူတွေဖြစ်အောင် ကြိုးစားရန်စတဲ့ အချက်တွေ လိုအပ်တယ် လို့လည်း သူက ပြောဆိုထားပါတယ်။
အဲ့ဒီဆွေးနွေးပွဲမှာ NNER ကျောင်းသားကိုယ်စားပြု Moderator အဖြစ် ပေါင်းကူးအဖွဲ့မှ ဒေါက်တာကျော်သူက ဆောင်ရွက်နေပြီး ပညာရေးဝန်ကြီးလည်း တက်ရောက် ဆွေးနွေးနေတယ်လို့ သိရပါတယ်။
The Voice Weekly

No comments:

Post a Comment