Wednesday, February 11, 2015

တစ်နိုင်ငံလုံးရှိ အကျဉ်းထောင်များမှ ရာနှင့်ချီသော အကျဉ်းသားများကို ပြောင်းရွှေ့




ရန်ကုန် အင်းစိန် ဗဟိုအကျဉ်းထောင်နှင့် မန္တလေးရှိ အိုးဘိုထောင် အပါအဝင် နိုင်ငံတစ်ဝန်းရှိ အကျဉ်းထောင်များမှ ရာနှင့်ချီသော အကျဉ်းသားများကို ၎င်းတို့၏ မိသားစုဝင်များထံ အသိပေး အကြောင်းကြားခြင်း မရှိဘဲ ပြောင်းရွှေ့မှုများ ပြုလုပ်ခဲ့ကြောင်း ရွှေ့ပြောင်းခံ အကျဉ်းသားများ၏ မိသားစုဝင်များထံမှ စုံစမ်းသိရှိရသည်။

“ပြောင်းရမယ် ဆိုတာကို မိသားစုဝင်တွေကို ကြိုတင် အကြောင်းကြားတာ မရှိပါဘူး။ မနေ့ (ဖေဖော်ဝါရီလ ၉ ရက်) က ထောင်ဝန်ထမ်းတွေကနေ တစ်ဆင့် သိရတာ။ ရန်ကုန် ရောက်ရင်လည်း တခြားထောင်ကို ဆက်ပြောင်း ရဦးမယ်လို့ ယောက်ျားက ပြောတယ်” ဟု အိုးဘို အကျဉ်းထောင်တွင် ဖောက်ခွဲမှုဖြင့် ထောင်ဒဏ် ၁၅ နှစ် ကျခံနေရသူ နှစ်ကြီး အကျဉ်းသားတစ်ဦး၏ ဇနီးက ပြောဆိုသည်။
မြန်မာနိုင်ငံ တစ်ဝန်းရှိ အကျဉ်းထောင်များတွင် အကျဉ်းသား ပြောင်းရွှေ့မှုများ ပြုလုပ်နေချိန်တွင် အကျဉ်းသား မိသားစုများ အကြားတွင် ကျောင်းသားသပိတ်နှင့် ဆက်စပ်သည့် ကောလာဟလများလည်း ထွက်ပေါ်လျက်ရှိရာ ယင်းကဲ့သို့ သတင်း ထွက်ပေါ်ခဲ့ပြီးနောက် ဖေဖော်ဝါရီလ ၁၀ ရက် နံနက် ၈ နာရီခွဲခန့်တွင် မန္တလေး ဘူတာကြီးမှတစ်ဆင့် အကျဉ်းသား ၁၀၀ ကျော်ကို ရန်ကုန်မြို့တော်ရှိ အင်းစိန် အကျဉ်းထောင်သို့ ပြောင်းရွှေ့လိုက်ကြောင်း မန္တလေး ဘူတာကြီးတွင် ပြောင်းရွှေ့ အကျဉ်းသားများကို သွားရောက် တွေ့ဆုံခဲ့သော မိသားစုဝင်များထံမှ သိရှိရသည်။
“ကျောင်းသား သပိတ်ကလည်း ၁၃ ရက်နေ့လောက် ရန်ကုန်ရောက်မှာ ဆိုတော့ ထောင်လဲလှယ်တာလို့ ကြားရတာပဲ” ဟု အကျဉ်းသားတစ်ဦး၏ မိသားစုဝင်တစ်ဦးက ပြောကြားသည်။
ယင်းသို့ အကျဉ်းသား မိသားစုဝင်များအကြား ထွက်ပေါ်လျက်ရှိသော ကောလာဟလများမှာ မှန်ကန်မှု မရှိကြောင်း၊ မြစ်ကြီးနားနှင့် လားရှိုး အကျဉ်းထောင်များမှ အကျဉ်းသားများ များပြား လာသောကြောင့် အကျဉ်းထောင်၏ လုပ်ရိုးလုပ်စဉ်အတိုင်း ဆောင်ရွက်ရခြင်း ဖြစ်ပြီး အကျဉ်းသား ၅၀၀ ခန့်ကို အပြောင်းအရွှေ့ လုပ်ဆောင်ခြင်း ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေး ဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးရဲထွဋ်က ပြောကြားသည်။
အကျဉ်းသားများကို ထောင်တစ်ခုမှ တစ်ခုသို့ ပြောင်းရွှေ့ခြင်းသည် ထောင်၏ လုပ်ရိုးလုပ်စဉ် တစ်ခုဟု ဆိုသော်လည်း အင်းစိန်ထောင်မကြီး အနီးရှိ နိုင်ငံရေး အကျဉ်းသား အများစုကို ထားရှိရာ တွဲဖက်ထောင်ကို ရှင်းလင်းရေး ကိစ္စများ ပြုလုပ်နေပြီ ဆိုပါက မကြာမီ အကျဉ်းသားသစ်များ ထပ်မံရောက်ရှိလာလေ့ ရှိကြောင်း နှစ်ရှည် အကျဉ်းချ ခံရဖူးသည့် ၈၈ မျိုးဆက် ကျောင်းသားဟောင်း ကိုဂျင်မီက ၎င်း၏ အတွေ့အကြုံဖြင့် သုံးသပ်ပြောကြားသည်။
“အင်းစိန် တွဲဖက်ထောင် ရှင်း မရှင်းက အရေးကြီးတယ်။ တွဲဖက်ထောင် ရှင်းရင်တော့ ထောင်ပြင်ပမှာ Operation တစ်ခုခု လုပ်တော့မယ်ဆိုတာ ကျွန်တော့် အတွေ့အကြုံအရ အတပ်ပြောလို့ရတယ်” ဟု ကိုဂျင်မီက ဆိုသည်။
မြန်မာနိုင်ငံ၏ အကျဉ်းသား အများစု ထားရှိရာ အင်းစိန် အကျဉ်းထောင်၌ အကျဉ်းသားများ ပြောင်းရွှေ့မှုကို ဖေဖော်ဝါရီလ ၇ ရက်နေ့ စတင်ကာ မြောင်းမြနှင့် ပုသိမ် အကျဉ်းထောင်များသို့ လည်းကောင်း၊ အင်းစိန်ထောင်သို့ တောင်ကြီး တောင်လေးလုံး ရဲဖက်စခန်းနှင့် မန္တလေး အကျဉ်းသားများ ပြောင်းရွှေ့လာကြောင်း အင်းစိန်ထောင်မှ အနောက်ပိုင်းခရိုင် တရားသို့ တရားလာရောက် ရင်ဆိုင်သော အချုပ်သားများထံမှ သိရှိရသည်။
“အင်းစိန် အကျဉ်းသားတွေကို ၇ ရက်နေ့ ည ၁၂ နာရီ၊ ၁ နာရီ ဝန်းကျင်လောက်မှာ စပြီး အပြောင်းအရွှေ့ လုပ်ကြတာ၊ ပြောင်းလာတဲ့ အကျဉ်းသားတွေထဲမှာ နှစ်ကြီးသမားတွေ ကြိုးသမားတွေလည်း ပါတယ်၊ မနက်ကတောင် မြောင်းမြကို ၁၅၀ ရွှေ့သွားတယ်လို့ ထောင်ထဲမှာ ပြောနေကြတယ်” ဟု ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် အင်းစိန် အကျဉ်းထောင်မှ အနောက်ပိုင်းခရိုင် တရားရုံးသို့ တရားလာရောက် ရင်ဆိုင်သော အသက် ၄၀ ကျော်အရွယ် အချုပ်သားတစ်ဦးက ပြောကြားသည်။
လတ်တလော ပြောင်းရွှေ့မှု ပြုလုပ်ခဲ့သည့် အကျဉ်းသား ဦးရေ ၅၀၀ ခန့်ရှိပြီး မြစ်ကြီးနားနှင့် လားရှိုး ထောင်များရှိ နှစ်ကြီး အကျဉ်းသားများကို မန္တလေး မြို့တော်ရှိ အိုးဘို အကျဉ်းထောင်သို့ လည်းကောင်း၊ မန္တလေးမှ အကျဉ်းသားများကို ရန်ကုန်မြို့တော်ရှိ အင်းစိန် ဗဟို အကျဉ်းထောင်သို့ လည်းကောင်း၊ အင်းစိန်ထောင်မှ အကျဉ်းသားများကိုမူ ပုသိမ်နှင့် မြောင်းမြ အကျဉ်းထောင်များသို့ အသီးသီး ရွှေ့ပြောင်းထားကြောင်း နိုင်ငံတော်သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲထွဋ်က ပြောကြားသည်။
The Voice Weekly

No comments:

Post a Comment