Wednesday, February 11, 2015

ဒေါ်အောင်ဆန်းစုကြည် ရှာဖွေနေသော ရဲရင့်သော စစ်သားတစ်ယောက်


လာမည့်ဇွန်လတွင် အသက်(၇၀)ပြည့်တော့မည့် ဒေါ်အောင်ဆန်းစုကြည်အတိုက်အခံခေါင်းဆောင်သည် ပြောင်းလဲမှု၏သင်္ကေတ ဖြစ်လာခဲ့ပြီ။ သို့သော် အာဏာပါဝါကမူ တပ်မတော်လက်ထဲတွင်သာ ရှိနေဆဲ ဖြစ်ပါသည်။ဘယ်နေရာကကြည့်ကြည့် တစ်မျှော်တစ်ခေါ် မိုင်ပေါင်းများစွာ အလှမ်းဝေးသော ရင်တ ထိတ်ထိတ်ဖြစ်စရာ တောကြီးမျက်မည်းနေရာကို မြို့တော်အဖြစ် မြန်မာ့တပ်မတော်က တည်ဆောက်ခဲ့ရာ နေပြည်တော်။ ယင်းနေပြည်တော်ရှိ ခမ်းနားလှသော လွှတ်တော်ဝင်းကြီးအတွင်းက ဌာနချုပ် အသစ်ဆီရောက်အောင် ရှည်လျားသော ခရီးတစ်ခုကို ဒေါ်အောင်ဆန်းစုကြည်တစ်ယောက် ဖြတ်သန်း ခဲ့ပြီးပါပြီ။ အင်းလျားကန်ဘေး ရန်ကုန်နေအိမ်၌ နေအိမ်အကျယ်ချုပ်ကျခံခဲ့ရသော နှစ်ပေါင်းများစွာက သူ၏ နောက်တွင် ကျန်ရစ်ခဲ့ပြီးနောက် ယခုအချိန်တွင် သူသည် လုပ်ကြံခံခဲ့ရသည့် အမျိုးသားခေါင်းဆောင် ဖခင်ဦးအောင်ဆန်း၏ ပုံရိပ်လွှမ်းမိုးမှုရှိသော ရုံးတစ်ရုံးကို ကြီးကြပ်ဦးစီးနေလေပြီ။

သို့သော် လွတ်လပ်မှုနှင့် အာဏာဆိုင်ရာ ချောင်ပိတ်နေမှုများ၊ ထောင်ချောက်များ အားလုံးအတွက်  တစ်စုံ တစ်ရာကို သူ ရှာဖွေနေဆဲဖြစ်ပါသည်။ ထိုတစ်စုံတစ်ရာကတော့ ရာထူးအဆင့်အတန်းများကို ရိုက်ချိုးမည့် ၊ အာဏာပါဝါကို မြဲမြဲကျပ်ကျပ် ဆုပ်ကိုင်ထားသော ဗိုလ်ချုပ်ကြီးများကို အာဏာမှနေ၍ ကူညီကလော်ခွာထုတ်ပေးမည့် ရဲရင့်သောစစ်သားတစ်ယောက်ဖြစ်ပါသည်။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြောင်းလဲမည်ဆိုပါက လွှတ်တော်ကိုယ်စားလှယ်အားလုံး၏ ၇၅ ရာခိုင်နှုန်းကျော် ထောက်ခံမဲလိုအပ်သောကြောင့် လက်ရှိလွှတ်တော်တွင် ၂၅ ရာခိုင်နှုန်း နေရာယူထားသော တပ်မတော်၏ အမာခံအုပ်စုလက်ထဲတွင် ဖွဲ့စည်းပုံအခြေခံဥပဒေပြောင်းလဲရေးနှင့်ပတ်သက်၍ ထိရောက်သော ဗီတိုပါဝါ တစ်ခုရှိနေ၏။‘‘အထက်ကအမိန့်ကို ဆန့်ကျင်ပြီး မဲပေးဖို့ပြင်ဆင်ထားတဲ့ (တပ်မတော်သား) တစ်ယောက် တလေတောင် ကျွန်မ ခုချိန်ထိ မတွေ့ဖူးသေးဘူး’’ဟု ဆံကေသာထက်တွင် ပန်းများပန်ဆင် ထားသည့် ဒေါ်အောင်ဆန်းစုကြည်ကပြောသည်။
‘‘အဲဒါက အခြေအနေသစ်ကို လက်ခံလာတဲ့ တပ်မတော်ရဲ့ မေးခွန်းတစ်ခုပဲ။ သူတို့ တကယ် ဒီမိုကရေစီဆီ ပြောင်းလဲသွားချင်တယ်ဆိုရင် အရပ်သားအုပ်ချုပ်မှုကို သူတို့လက်ခံရမယ်။ အရပ်သားအခွင့်အာဏာ လုပ်ပိုင်ခွင့်ကသာ အမြင့်ဆုံးဖြစ်သင့်ပြီးတော့ အစိုးရကို ရွေးချယ်ခွင့်က ပြည်သူလူထုရဲ့အခွင့်အရေးပဲ’’ဟု ၎င်းကပြောသည်။
လာမည့်ဇွန်လတွင် အသက်(၇၀)ပြည့်တော့မည်ဖြစ်သော၊ မြန်မာနိုင်ငံ၏ ဒီမိုကရေစီစနစ်ဆီ အကူးအပြောင်းအပေါ် အနောက်တိုင်း၏ မျှော်လင့်ချက်များစွာ ချိတ်တွယ်ထားခံရသော ဒေါ်အောင်ဆန်းစုကြည်အတွက် အဆုံးအဖြတ်ပေးမည့် နှစ်တစ်နှစ်ကို ရောက်နေပါပြီ။ နိုဝင်ဘာလတွင် ကျင်းပနိုင်ဖွယ်ရှိသည့် ရွေးကောက်ပွဲများသည် ၁၉၆၂ ခုနှစ် တပ်မတော်အာဏာ လုယူခဲ့စဉ်ကတည်းကစ၍ တိုင်းပြည်သမိုင်းတွင် အလွတ်လပ်ဆုံး ရွေးကောက်ပွဲဖြစ်လာမည့်ဟန်ပေါ်သည်။ ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် ၁၉၉၀ ရွေးကောက်ပွဲတွင် ပြည်လုံးကျွတ်အနိုင်ရရှိခဲ့သည်။ သို့သော် စစ်အစိုးရက ရွေးကောက်ပွဲရလဒ်ကို မသိကျိုးကျွန်ပြုကာ ယင်းအစားလူမဆန်သည့် ချေမှုန်းမှုကိုသာ ဆောင်ရွက်ခဲ့၏။ ယခုအချိန်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ အဟန့်အတားများကို သူ ရင်ဆိုင်နေရသည်။ သို့သော် ဒီမိုကရေစီအရေးတော်ပုံကြီး ပေါ်ပေါက်ခဲ့ရာ ၁၉၈၈ ခုနှစ်က မြန်မာနိုင်ငံသို့ ပြန်လာခဲ့ပြီးနောက် နှစ်ပေါင်းသုံးဆယ်ခန့်အကြာတွင် တိုင်းပြည်၏ခေါင်းဆောင်အဖြစ် သူပေါ်ထွက်လာတော့မည်ဟု (ပို၍ပို၍ အလားအလာမရှိသည့်တိုင်) စိတ်ကူးကြံစည်၍ ရတန်ပါသေးသည်။
ပို၍ဖြစ်နိုင်ဖွယ်ရှိသည်ကတော့ ဒဏ္ဍာရီပုံပြင်တစ်ပုဒ်၏ ဇာတ်သိမ်းထက် နည်းနည်းလျော့သည့် အနေအထားဖြင့်သာ သူ့ကိုယ်သူ ကျေနပ်လက်ခံရပါလိမ့်မည်။ ယင်းအနေအထားက ပြဿနာလှိုင်းလုံးများ ရိုက်ပုတ်ခံနေရသလို နိုင်ငံတကာမျှော်လင့်ချက်များလည်း ရှိနေသည့် နိုင်ငံတစ်နိုင်ငံတွင် ဘုရင်မွေးထုတ်ပေးသူအဖြစ် နေရမည့် ဇာတ်ပို့နေရာပဲ ဖြစ်ပါသည်။  

အာရှ၏နောက်ဆုံး မဟာမျက်နှာစာ

ရွေးကောက်ပွဲများ၏ရလဒ်၊ ယင်းကိုဦးတည်သည့် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာနှင့် ဂိုဏ်းဂဏကွဲမှုဆိုင်ရာ တိုက်ပွဲများသည် မဟာအင်အားကြီး တရုတ်နှင့် အိန္ဒိယကြား ကွက်တိတည်ရှိနေသော မဟာဗျူဟာကျကျ အရေးပါသည့် တိုင်းပြည်တစ်ပြည်၏ အနာဂတ်ကို ပုံဖော်ပါလိမ့်မည်။ အာရှ၏ နောက်ဆုံးမဟာစီးပွားရေးမျက်နှာစာအဖြစ် အလားအလာရှိနေသော မြန်မာနိုင်ငံသည် ကုန်သွယ်ရေးဆိပ်ကမ်းမြို့တော်တစ်ခု ဖြစ်ခဲ့ဖူးပြီ။ အင်ပါယာထူထောင်သူတစ်ဦးလည်း ဖြစ်ဖူးခဲ့ပြီ၊ ကိုလိုနီစနစ်၏ သားကောင်လည်း ဖြစ်ခဲ့ဖူးပါပြီ။

မြန်မာနိုင်ငံကို ဆုတ်ဖြဲနေသည့် မျက်မှောက်ခေတ်အင်အားများထဲတွင် နှစ်ပေါင်း ၅၀ ကျော် သက်ဆိုးရှည်နေသော ပြည်တွင်းစစ်ပဋိပက္ခ၊ မြင့်တက်လာသည့် ဘာသာရေးဆိုင်ရာတင်းမာမှု ၊ ခိုင်မာသည့် စီးပွားရေးကြီးထွားမှု အသီးအပွင့်များ စားသုံးခွင့်ပွဲကြီးပွဲကောင်းကို လက်လွတ်ဆုံးရှုံးနေသူများထံမှ စိတ်ပျက်လက်ပျက်ဖြစ်ခြင်းများ ပါဝင်သည်။ သို့သော် ချုပ်ကိုင်ခွင့်အတွက် ကြိုးစားနေသော အုပ်စုများကို တစ်စုံတစ်ရာက စုစည်းသည်ဆိုလျှင် ယင်း၏အတိတ်က ရွှေထီးဆောင်းခဲ့ချိန်များကို နဂိုအတိုင်း ပြန်လည်ဖြစ်စေနိုင်သည့် စွမ်းရည်တစ်ခုသာဖြစ်သည်။

‘‘ကမ္ဘာကမြင်ဖူးသမျှ လူ့အဖွဲ့အစည်းတစ်ခုမှာ အထူးခြားအပြောင်မြောက်ဆုံး ပြောင်းလဲမှုတွေထဲက တစ်ခုကို ကျွန်တော်တို့ မြင်နေရပါတယ်’’ ဟု ရန်ကုန်အခြေစိုက် နိုင်ငံရေးလေ့လာသုံးသပ်သူ ရစ်ချတ်ဟော့ဆေးက ပြောသည်။

‘‘အဲဒါက တိုင်းပြည်ရဲ့ပြဿနာတွေအားလုံးကို မဖြေရှင်းနိုင်ဘူးဆိုတဲ့ အချက်လား။ ကောင်းပြီ ဒါက ယူတိုးပီးယား (အရာအားလုံးပြီးပြည့်စုံနေသော စိတ်ကူးယဉ်နေရာ၊ သုခဘုံ) မဟုတ်ဘူးလေ။ ဒါက အာရပ်နွေဦးတော်လှန်ရေးထက် အတော်အသင့် ပိုထိန်းကျောင်းထားတဲ့ အကူးအပြောင်းတစ်ခု၊ အဲဒါထက် သေချာသလောက် ပိုကောင်းတဲ့ အကူးအပြောင်းတစ်ခုပါ’’ဟု ရစ်ချတ်ကပြောသည်။

ပြောင်းလဲမှုကို ၂၀၁၀ နိုဝင်ဘာတွင် ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်မှ လွှတ်ပေးမှုဖြင့် အစပျိုးခဲ့သည်။ စစ်အစိုးရသည် လွှတ်တော်တစ်ရပ် ဖန်တီးခဲ့သည်။ နိုင်ငံရေးအကျဉ်းသား ရာပေါင်းများစွာ လွှတ်ပေးခဲ့သည်။ ဆင်ဆာလုပ်ငန်းကို ပိတ်သိမ်းခဲ့သည်။ ဗိုလ်ချုပ်ကြီးဟောင်းများနှင့် ပါဝင်သည့် အစိုးရသည် ဆယ်စုနှစ်ချီ စီးပွားရေးပိတ်ဆို့မှုများ အဆုံးသတ်ရန်အတွက် အနောက်တိုင်းနှင့် အလေးအနက်ဆွေးနွေးမှုများ စတင်ခဲ့သည်။ အနောက်တိုင်း စီးပွားရေးလုပ်ငန်းများအတွက်၊ တိုင်းပြည်ကို လုပ်ငန်းဆောင်ရွက်ရန် အဆင်မပြေသည့် ဒေသအဖြစ်မှနေ၍ ဆွဲဆောင်မှုအရှိဆုံး အလားအလာရှိ ဈေးကွက်တစ်ခုအဖြစ် ပြောင်းလဲခဲ့သည်။

ဗိုလ်ချုပ်ကြီးများနှင့် ဒီမိုကရေစီအတွက် ဒေါ်အောင်ဆန်းစုကြည်၏ ရုန်းကန်ရမှုကို သုံးမြှောင့်ဖန်တုံးက တစ်ဆင့်သာ မြန်မာနိုင်ငံကို  အနောက်ကမ္ဘာက ရှုမြင်ထားခဲ့ကြ၏။ လက်တွေ့ပုံပြင်ဇာတ်ထုပ်ကမူ သည့်ထက် ပိုရှုပ်ထွေးခက်ခဲလှပါသည်။ ၁၈၈၅ ခုနှစ်က အထက်မြန်မာပြည်ကို ဗြိတိသျှတို့ ကျူးကျော်ဝင်ရောက်ခဲ့စဉ်ကတည်းကပင် ကမ္ဘာပေါ်တွင် တိုင်းရင်းသားလူမျိုးနွယ်စုမျိုးစုံ အများဆုံးနိုင်ငံများအနက် တစ်နိုင်ငံဖြစ်သော မြန်မာနိုင်ငံသည် တည်ငြိမ်သည့် နိုင်ငံရေးမူဘောင်တစ်ခုကို ရေးဆွဲရန် အရေးနိမ့်သွားပြီဖြစ်သည်။ လွတ်လပ်ရေးရပြီးနောက် ၁၄ နှစ်အကြာ ၁၉၆၂ ခုနှစ်၌ တိုင်းရင်းသားလူနည်းစု လက်နက်ကိုင်များက နယ်စပ်ဒေသတစ်လျှောက် သီးခြားပြည်နယ်များရရှိရေး တိုက်ပွဲဝင်ခဲ့ကြသည့်အခါ တိုင်းပြည်ပြိုကွဲမည့် အန္တရာယ်နှင့် တိုင်းပြည်တည်ငြိမ်အောင် လုပ်ခြင်းဆိုသည့် ခေါင်းစဉ်အောက်တွင် ဗိုလ်ချုပ်ကြီးများက မြန်မာ့ဒီမိုကရေစီအတွေ့အကြုံ ဇာတ်သိမ်းကို ကြေညာခဲ့ပါသည်။

ဤသို့ဖြင့် ဗမာ့နည်းဗမာ့ဟန်ဆိုရှယ်လစ်စနစ်ဆီသို့ ဒုက္ခရောက်စေသော ပျက်စီးရာပျက်စီးကြောင်း လမ်းမသည် စတင်ခဲ့ပါသည်။ ထိုဗမာ့နည်းဗမာ့ဟန် ဆိုရှယ်လစ်စနစ် စမ်းသပ်မှုကြောင့် ဒေသတွင်းတွင် လူ့အခွင့်အရေးဆိုင်ရာနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အဆိုးဆုံးစံချိန်တင် နိုင်ငံများအနက် တစ်နိုင်ငံဖြစ်စေခဲ့သည်။ ထို့ကြောင့် လူနည်းစုများအရေးဆိုင်ရာ တိုင်းရင်းသားပြဿနာ အေးငြိမ်းအောင်ကြိုးပမ်းမှုတစ်ခုပါဝင်သည့် ယခုရွေးကောက်ပွဲအကြိုကာလသည် နိုင်ငံသစ်တစ်ခု ဖန်တီးခြင်းဖြစ်သလို လက်ရှိနိုင်ငံကို နောက်တစ်ဖန် နောက်ကြောင်းပြန်ဆွဲသည့် နိုင်ငံတစ်ခုလည်း ဖြစ်စေနိုင်သည်။

စာရေးဆရာလည်းဖြစ်၊ သမိုင်းပညာရှင်လည်းဖြစ်သူ ဦးသန့်မြင့်ဦးကမူ အဓိကဇာတ်ကောင်များ၏ ကျွမ်းကျင်လိမ္မာပါးနပ်စွာ ဦးတည်နေမှုများကို လက်ဘယ်နေရာမှာမှန်း မသိသေးသည့် ပိုကာကစားပွဲတစ်ခုနှင့် နှိုင်းယှဉ်သည်။

ယင်းသည် လက်တစ်ဆုပ်စာလူတစ်စု လက်ထဲတွင်သာ တည်ရှိနေပြီး သဘောတူညီချက်တစ်စုံတစ်ရာ မရရှိပါက ရွေးကောက်ပွဲနောက်ပိုင်းတွင် ယာယီနိုင်ငံရေးအကျပ်အတည်း ဖြစ်လာနိုင်ခြေရှိကြောင်း ၎င်းကဆိုသည်။

‘‘ကံဆိုးချင်တော့ တကယ့်နိုင်ငံရေးအပေးအယူညှိနှိုင်းမှုဆိုတဲ့ ယဉ်ကျေးမှုသိပ်မရှိဘူး။ မတူကွဲပြားမှုတွေကို မျက်နှာဖုံးတပ်ထားတဲ့ ယဉ်ကျေးတဲ့ ဆွေးနွေးမှုတွေပဲရှိတယ်’’ဟု ဦးသန့်မြင့်ဦးကပြောသည်။

အကဲဖြတ်မှုတစ်ခုအရတော့ ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် တိုင်းပြည်၏ အကျော်ကြားဆုံး လူကြိုက်အများဆုံး နိုင်ငံရေးသမားတစ်ယောက်ဖြစ်ပြီး လွှတ်တော်တွင် နေရာအများဆုံးရနိုင်ခြေရှိသော ပါတီခေါင်းဆောင်ဖြစ်သော်လည်း တိုင်းပြည်ကိုဦးဆောင်ရန်အတွက် အခွင့်အရေးနည်းနည်းသာ ရှိသည်ဟုသာ သုံးသပ်ထားသည်။

အနီးကပ်ဆုံး အဟန့်အတားကတော့ သူမကို ရည်ရွယ်ရေးဆွဲခဲ့ပုံရသော ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ပုဒ်မတစ်ခုပဲ ဖြစ်သည်။ ယင်းပုဒ်မက တိုင်းတစ်ပါး၏ နိုင်ငံခြားသားဖြစ်သော သားသမီးရှိသူကို သမ္မတဖြစ်ခွင့်မှ ပိတ်ပင်ထားသော ပုဒ်မဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်၏ သားနှစ်ဦးစလုံးမှာ ဗြိတိန်နိုင်ငံသားများ ဖြစ်နေသည်။ ပို၍နက်ရှိုင်းသည့် ပြဿနာကတော့ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၏ မသင်္ကာမှုများပဲဖြစ်၏။

ထူးဆန်းသည့် bedfellows

နိုင်ငံရေးလှည့်ကွက်များနှင့် အလှည့်အပြောင်းများ၏ နောက်ထပ်သင်္ကေတတစ်ခုကတော့ အသစ်သော မြန်မာနိုင်ငံတွင် ဒေါ်အောင်ဆန်းစုကြည်၏ အရင်းနှီးဆုံးမဟာမိတ်က သူ ဆယ်စုနှစ်လေးပုံတစ်ပုံစာမျှ အသေအလဲ ရင်ဆိုင်တိုက်ပွဲဝင်ခဲ့ရသော စစ်ဗိုလ်ချုပ်ကြီးဟောင်းတစ်ဦးပင်။ သူရဦးရွှေမန်းသည် အရပ်သားအုပ်ချုပ်မှုအောက်မှ ပူပူနွေးနွေး လွှတ်တော်တစ်ရပ်၏ ခေါင်းဆောင်တစ်ဦးအဖြစ် သူ့ကိုယ်သူ ပြောင်းလဲပုံဖော်လာသည်။ ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် သူရဦးရွှေမန်းကို သမ္မတအဖြစ် အမည်စာရင်းတင်သွင်းပြီး သူကိုယ်တိုင်ကမူ လွှတ်တော်ဥက္ကဋ္ဌ ဖြစ်လာလိမ့်မည် (သို့မဟုတ်) ပို၍ဖြစ်နိုင်ခြေရှိသည်က သူ့ပါတီ NLD ကို ချုပ်ကိုင်လွှမ်းမိုးနိုင်စွမ်းပေးမည့် အားကောင်းသော ပိတ်ကားနောက်ကွယ်မှ နေရာကို ယူလိမ့်မည်ဟု အချို့က မျှော်လင့်ကြသည်။

သို့သော် တပ်မတော်တွင်းမှ အခရာကျသောပုဂ္ဂိုလ်များက ဒေါ်အောင်ဆန်းစုကြည်ကို အယုံအကြည်မရှိကြသလို သူရဦးရွှေမန်းနှင့် ပတ်သက်၍လည်း အယုံအကြည်မရှိ လက်မခံကြပေ။ ၎င်းတို့၏ တက်မကိုင် ပဲ့ကိုင်ရှင်ဟောင်းများအနက် တစ်ဦးက သူ့ကိုယ်သူ အရပ်သား နိုင်ငံရေးသမားတစ်ဦးအဖြစ်နှင့် လွှတ်တော်ဒီမိုကရေစီ အားပေးမြှင့်တင်သူအဖြစ် ရုပ်လုံးသစ်ပုံဖော်လာသည့်အပေါ် တပ်မတော်အရာရှိကြီးတချို့က သစ္စာဖောက်ခံရသလို ခံစားကြရသည်။  

‘‘စိတ်ကူးက အတူတကွလုပ်ဆောင်ဖို့ပဲ။ ခင်ဗျားတို့ တပ်မတော်ကို ထွက်သွားခိုင်းလို့မရဘူး။ တပ်မတော်ကို ဖြေရှင်းနည်းရဲ့အစိတ်အပိုင်းအဖြစ် ခင်ဗျားတို့ မြင်ရမယ်။ ပြဿနာအစိတ်အပိုင်းအဖြစ် မဟုတ်ဘူး’’ဟု ဒုဗိုလ်မှူးကြီးတစ်ဦးဖြစ်ခဲ့သည့် ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်ကပြောသည်။

အစိုးရတပ်ဖွဲ့များနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအကြား ဆယ်စုနှစ်တစ်ဝက်ကျော်မျှ ပြည်တွင်းစစ်ပဋိပက္ခ အဆုံးသတ်ရေး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် တစ်နိုင်ငံလုံးအတိုင်းအတာ အပစ်အခတ်ရပ်စဲရေးတစ်ခု ဆောင်ရွက်ရန် အားထုတ်ကြိုးပမ်းနေကြသည်။ တိုင်းရင်းသားလူနည်းစုဒေသများမှ ပြည်သူအများအပြားအတွက်မူ ဖက်ဒရယ်ဖွဲ့စည်းတည်ဆောက်ပုံဆိုင်ရာ မည်သည့်ရှင်းလင်းချက်မျှ မပါဝင်သည့် ပြည်လုံးကျွတ် ရွေးကောက်ပွဲများမှာ စိတ်အနှောင့်အယှက်ဖြစ်စရာ တစ်ခုထက် နည်းနည်းပိုပါသည်။ အချို့ကဆိုလျှင် ဗိုလ်ချုပ်ကြီးများကို သတိထားသလိုပင် ဒေါ်အောင်ဆန်းစုကြည်ကိုလည်း သတိထားကြသည်။ အဘယ့်ကြောင့်ဆိုသော် လူများစုဖြစ်သော ဗမာတိုင်းရင်းသားလူမျိုးစု၏ ကိုယ်စားလှယ်များအဖြစ်သာ ၎င်းတို့နှစ်ဦးစလုံးကို ရှုမြင်ကြ၍ပဲဖြစ်ပါ၏။

Hardline ဗုဒ္ဓဘာသာများ

ဤကဲ့သို့ မသေချာမရေရာသည့်ဖြစ်စဉ်၌ နောက်ထပ် (စိုးရိမ်စရာ နောက်ဆက်တွဲအကျိုးဆက်များ ရှိလာနိုင်ခြေရှိသော) သဘောထားကွဲလွဲမှု ပြဿနာတစ်ရပ်ကတော့ ကြီးထွားလာသည့် ဘာသာရေးဆိုင်ရာ သည်းခံနိုင်မှု ပျောက်ဆုံးခြင်းနှင့် ဗုဒ္ဓဘာသာဝင်အချို့၏ အကြမ်းဖက်မှုအတွက် ပိုကျယ်ပြန့်လာသည့် နိုင်ငံရေးလွတ်လပ်မှု ခွင့်ပြုထားသလိုဖြစ်နေသည်။  ရခိုင်ပြည်နယ်တွင် မြင့်တက်လာသော သဘောထားကွဲလွဲမှု ပဋိပက္ခက လူဒါဇင်နှင့်ချီ အသက်ဆုံးရှုံးစေခဲ့ပြီး ထောင်ပေါင်းများစွာကို ဒုက္ခသည်စခန်းများတွင် ခိုလှုံရသူများ ဖြစ်စေခဲ့သည်။ နိုင်ငံ၏ ကျန်ဒေသများတွင်လည်း မြန်မာဗုဒ္ဓဘာသာဝင် အခြေခံအဖွဲ့အစည်းမှာ ကိုယ်ထိလက်ရောက် ကျူးလွန်ခံရပါပြီဆိုသော လက်ယာယိမ်းဘုန်းကြီးအချို့၏ မွတ်စလင်ဆန့်ကျင်ရေး ဟောပြောမှုများက တိုးပွားလာသည်။

နှစ်ဖက်စလုံးမှ ကြောက်ရွံ့မှုများနှင့်ပတ်သက်၍ အသိအမှတ်ပြုမှုတစ်ခု တောင်းဆိုသော ဒေါ်အောင်ဆန်းစုကြည်ကို မွတ်စလင်လူနည်းစုအား ကာကွယ်ရန် ခိုင်ခိုင်မာမာ ထုတ်ဖော်ပြောကြားမှု မပြုခြင်းအတွက် နိုင်ငံတကာက အပြစ်ရှာဝေဖန်ကြသည်။ မြန်မာနိုင်ငံအနေဖြင့် ကျပြန်လျှင်လည်း ဒေါ်အောင်ဆန်းစုကြည်ကို ဗုဒ္ဓဘာသာအကျိုးစီးပွားနှင့် ပတ်သက်၍ ခုခံကာကွယ်ရာတွင် ပျော့ညံ့သူတစ်ယောက်အဖြစ် အချို့က လှောင်ပြောင်တိုက်ခိုက်ကြပြန်သည်။

အစိုးရနှင့်နီးစပ်သော မသမာသည့် အင်အားစုများက ဘာသာရေးပဋိပက္ခများကို တမင်တကာ စည်းကျဝါးကျ လုပ်ဆောင်နေပြီး ဒေါ်အောင်ဆန်းစုကြည်အပေါ် ဖိအားပိုများစေရန်အလို့ငှာ ယင်းပဋိပက္ခကို ပိုပြင်းထန်အောင် လုပ်နိုင်ကြောင်း မြန်မာနိုင်ငံတွင် အကျော်ကြားဆုံး အတိုက်အခံများအနက် တစ်ဦးဖြစ်သည့် ဦးဇာဂနာကပြောသည်။

‘‘ဒါတွေကို ကန့်လန့်ကာနောက်ကွယ်မှာ စစ်တပ်ကလူတွေက ထိန်းချုပ်ထားတာ’’ဟု ဦးဇာဂနာကပြောသည်။ သူက ဘာသာများအကြား တင်းမာမှုကို ချိန်ကိုက်ဗုံးတစ်လုံးနှင့် ပုံခိုင်းပြောပြခဲ့သည်။

ရွေးကောက်ပွဲများ၏ ရလဒ်က မည်သို့ပင်ဖြစ်ဖြစ် ၊ အာဏာယူသူ မည်သူပင်ဖြစ်ဖြစ် နက်ရှိုင်းလှသည့် ပြဿနာများနှင့် တိုင်းပြည်တစ်ပြည်ကို အမွေဆက်ခံရပေလိမ့်မည်။  ပြီးခဲ့သည့်နှစ်ကရော ယခုနှစ်အတွက်ပါ ၂ နှစ်စလုံး စီးပွားရေးတိုးတက်မှုကို ၈ ရာခိုင်နှုန်းထက်မက ကမ္ဘာ့ဘဏ်က ခန့်မှန်းတွက်ချက်သော်လည်း လူတိုင်းခံစားခွင့်မရှိပါ။ ဖန်တီးခဲ့သော ချမ်းသာကြွယ်ဝမှု အများစုမှာ အခွင့်ထူးခံ စီးပွားရေးသမား အနည်းစုဆီသို့သာ ရောက်ရှိသွားခဲ့သည်။  

‘‘စစ်တပ်ဟာ ဒီနေရာကို နှစ်ပေါင်း ၅၀ကြာ စနစ်တကျ ဖျက်ဆီးခဲ့တာပဲ’’ ဟု အနောက်တိုင်းသံတမန်တစ်ဦးက ပြောသည်။

‘‘စစ်တပ်ကိုယ်၌ကလွဲရင် အဖွဲ့အစည်းအားလုံးက မျှော်လင့်ချက်မဲ့လောက်အောင် ဆိုးရွားတဲ့အနေအထားမှာရှိတယ်’’ဟု ၎င်းကပြောသည်။

နိုဝင်ဘာ၌ မည်သူပဲနိုင်နိုင် တရုတ်နှင့် အမေရိကန်တို့၏ ယှဉ်ပြိုင်မှုဖိအားများကို အောင်အောင်မြင်မြင် ညှိနှိုင်းရမည်ဖြစ်သည့်တိုင်အောင် နူးညံ့သိမ်မွေ့သော မဟာဗျူဟာကျဟန်ချက်ညီ ကစားကွက်ကို ကစားရပေလိမ့်မည်။ ဘေဂျင်းဆီမှ ငွေများက ယခင်အာဏာရှင်စနစ်ကို မပြိုလဲအောင် ထောက်ပံ့ကူညီခဲ့သည်။ မြန်မာနိုင်ငံမှာ တွင်းထွက်သတ္တုများ၊ သစ်များ၊ ရေအားလျှပ်စစ်နှင့် အကျိုးအမြတ်များကို နှိုက်ယူရန် တရုတ်၏ လူမဆန်သော ချဉ်းကပ်မှုအဖြစ် တွေ့မြင်ရသည့် ခါးသီးမှုလည်း ကျယ်ကျယ်ပြန့်ပြန့် တည်ရှိနေသည်။ အမေရိကန်၏ ရင်းနှီးမြှုပ်နှံမှုမှာလည်း ယင်းကွက်လပ်ကိုဖြည့်ဆည်းရန် အနေအထား၌ မရှိသေးပေ။ မြန်မာ၏ စွမ်းဆောင်ရည်နှင့် အခြေခံအဆောက်အအုံအားနည်းမှု၊ တာရှည်သော အမေရိကန်ပိတ်ဆို့မှုကြောင့် အဟန့်အတားဖြစ်နေဆဲဖြစ်သော အမေရိကန်ကုမ္ပဏီများသည် ရင်းနှီးမြုပ်နှံရန် အများမျှော်လင့်သည်ထက် ပိုနှေးကွေးလာသည်။

အရေးကြီး အပြောင်းအလဲနှစ်သို့ ဝင်ရောက်လာသည့်အချိန်တွင် မသေချာမရေရာမှုများ ခြုံလွမ်းနေသော မြန်မာနိုင်ငံအနေအထားသည် သူ၏ အနာဂတ်အစိုးရ ဘယ်လိုပုံစံမျိုး ဖြစ်မလဲဆိုသည့် မေးခွန်းတစ်ခုအပေါ် ဒေါ်အောင်ဆန်းစုကြည်၏ တုံးတိတိတုံ့ပြန်မှု၌ ကြည်လင်ပြတ်သားသွားသည်။ အပြောင်းအလဲတွင် အနေအထားကြီးမားစွာ ရှိနေသော်လည်း သူသမ္မတဖြစ်လျှင် ဘာလုပ်မလဲဆိုသည်နှင့် ပတ်သက်၍ မပီမပြင် မရေမရာ ဖြစ်နေသောကြောင့် ဒေါ်အောင်ဆန်းစုကြည်ကို အချို့က ဝေဖန်ကြသည်။

‘‘အဲဒါက အင်မတန်ကြီးမားတဲ့ မေးခွန်းတစ်ခု။ အင်မတန်မှ မရေမရာတဲ့ မေးခွန်းတစ်ခုပဲ’’ဟု ဒေါ်အောင်ဆန်းစုကြည်က တုံ့ပြန်ဖြေကြားခဲ့သည်။

‘‘ရွေးကောက်ပွဲတွေကို ကျွန်မတို့ ဝင်ပြိုင်မလားမပြိုင်ဘူးလားဆိုတာတောင် ကျွန်မတို့ မဆုံးဖြတ်ရသေးဘူး။ ဆိုတော့ ဘယ်လိုအစိုးရမျိုးဖြစ်လာမလဲဆိုတာကို ကျွန်မ ဘယ်လိုပြောနိုင်ပါ့မလဲ’’ဟု သူမကပြောသည်။

မျက်နှာစာမှ သဗ္ဗရနံပေါင်း သောင်းပြောင်းထွေလာ

စီးပွားရေးတံခါးပိတ်ဝါဒကို အဆုံးသတ်လိုက်ကတည်းက သွန်ကျလာခဲ့သည့် စီးပွားရေးလုပ်ငန်းများအတွက် မြန်မာ၏ အဓိကမြို့တော် ရန်ကုန်သည် ရုတ်တရက်ချမ်းသာမှုကြောင့် အလျင်အမြန်ကြီးထွားနေသည့် မြို့အဖြစ်ရော ဧည့်သည်များ ရုတ်တရက်ရောက်ချလာသည့် မြို့အဖြစ်ပါ နှစ်မျိုးစလုံးကို တွေ့ကြုံလိုက်ရပါပြီ။ ဝင်ရောက်လာနေသည့် အနောက်တိုင်း လူသုံးကုန်ပစ္စည်းကုမ္ပဏီများက မြို့တော်ကြီးတွင် စီးပွားရေးလုပ်ငန်းသံများ တဝီဝီပေးလာသည်။ ယင်းမှာ ကားတင်သွင်းမှု ဆက်လက်စီးဝင်နေသည့်အတွက် ယာဉ်ကြောကျပ်မှုက လစဉ်လိုလို ပိုဆိုးလာပုံပေါ်သည့် အားထုတ်မှုတစ်ခုပဲဖြစ်သည်။

ဆက်သွယ်ရေးကဏ္ဍကိုလည်း နော်ဝေး၏ တယ်လီနောနှင့် ကာတာ၏ အူရီးဒူးဆိုသည့် မိုဘိုင်းဝန်ဆောင်မှုအသစ်များ စတင်ခြင်းဖြင့် အသွင်ပြောင်းခဲ့ပြီ။ ယင်းကြောင့် ဆင်းမ်ကတ်ဈေးနှုန်းများ အမေရိကန်ဒေါ်လာ ၁၀၀၀ အထက်မှနေ၍ ၂ ဒေါ်လာအောက်သို့ တစ်ရှိန်ထိုးကျဆင်းသွားစေခဲ့သည်။

ကိုကာကိုလာ၊ ယူနီလီဗာ အစရှိသည့် ကုမ္ပဏီများကလည်း လူဦးရေ သန်း ၅၀ ကျော်ရှိသည့် မြန်မာ့ဈေးကွက်တွင် လုပ်ငန်းလည်ပတ်မှုကို ပြန်လည်စတင်သူကစ၊ ယခုမှစတင်ထူထောင်သူကထောင် လုပ်လာကြသည်။

ကြီးမားလှသည့် ဂျပန်ကျောထောက်နောက်ခံပြု သီလဝါစက်မှုဇုန်ကလည်း စက်ရုံများတည်ဆောက်ရန်အတွက် နိုင်ငံခြားကုမ္ပဏီ ၂၀ နှင့် အပေးအယူသဘောတူညီနိုင်ပြီဟု ဆိုလာသည်။ ယင်းစက်မှုဇုန်သည် နိုင်ငံတစ်ဝန်း၌ အကောင်အထည်ဖော်ရန်ရှိနေသည့် အလားတူစီမံချက်များအတွက် စံပြတစ်ခုဖြစ်လာရန် အစိုးရကမျှော်လင့်ထားသည်။ သို့သော် ပိုနက်ရှိုင်းလှသည့် ဇာတ်ထုပ်တွင်မူ စိတ်ထက်သန်နေသော နိုင်ငံမျိုးစုံကိုရော အစိုးရကိုပါ အားတက်စေမှု နည်းပါးလှပါသည်။ အထည်ချုပ်စက်ရုံကဲ့သို့ ဖွံ့ဖြိုးပြီးစက်ရုံအချို့မှာ စစ်အစိုးရ၏ ဖရိုဖရဲကမောက်ကမ စည်းမျဉ်းများ၏ အကျိုးဆက်နှင့် နိုင်ငံတကာပိတ်ဆို့မှုများအောက်တွင် သဘောတူစာချုပ်ချုပ်ဆိုခဲ့မိပြီးနောက် ဆုံးရှုံးမှုများကို ပြန်အဖတ်ဆည်နေရသည်။

မြန်မာနိုင်ငံကို စူးစမ်းရန်လာရောက်ကြသော နိုင်ငံခြားကုမ္ပဏီများမှာ ပြဿနာများစွာကြောင့် ဦးကျိုးကာ အိမ်ပြန်ကုန်ကြသည်။

ပြဿနာများဟုဆိုရာ၌ လျှပ်စစ်ဓာတ်အားကဲ့သို့ အခြေခံဝန်ဆောင်မှုကင်းမဲ့ခြင်းမှစ၍ (ဓာတ်သတ္ထုမှ ဘီယာအထိ စက်မှုလုပ်ငန်းများတွင် စစ်တပ်နှင့် ၎င်း၏ခရိုနီများနှင့် ချိတ်ဆက်နေသည့် ကုမ္ပဏီများနှင့် ယှဉ်နေရခြင်း) နိုင်ငံရေးနှင့် ဥပဒေရေးရာ အခက်အခဲများအထိ ကျယ်ပြန့်လှပါသည်။

သီလဝါအပါအဝင် တိုင်းပြည်တစ်ဝန်းမှ စီးပွားရေးလုပ်ငန်းများသည် စစ်တပ်က သမိုင်းဝင်သိမ်းဆည်းထားသည့် အနေအထားကြောင့် မြေယာပြဿနာများကို ရင်ဆိုင်ရ၏။

ယခုနှစ်၏ အရေးကြီး သမိုင်းဝင်ရွေးကောက်ပွဲကို အာရုံစိုက်နေသည့်အတွက်ကြောင့် အဆိုပါပြဿနာများ သိပ်မကြာမီအချိန်မှာပဲ လျော့နည်းသွားမှု မြင်ရမည့်ပုံမရှိသေးပါ။ သယံဇာတရင်းမြစ်များနှင့် မဟာဗျူဟာကျ ပထဝီဝင်တည်နေရာဖြစ်နေခြင်းကြောင့် နိုင်ငံတစ်ဝန်း စိတ်လှုပ်ရှားတက်ကြွမှုများ ရှိနေခဲ့သော်လည်း ယင်းအချက်အကြောင့် ဆွဲဆောင်မှုရှိသည့် စီးပွားရေးမျက်နှာစာတစ်ခု ဖြစ်လာမည့်ပုံလည်း ရှိမနေပေ။

(Financial Times မှ Myanmar: Suu Kyi's search for "one brave soldier" ဆောင်းပါးကို ငြိမ်းငြိမ်းပြည့် ဘာသာပြန်ဆိုသည်။)
7 day

No comments:

Post a Comment