Monday, February 23, 2015

တပ်မတော်သားများကို ဦးပိုင်တွင် အစုရှယ်ယာထည့်ဝင်ရန် ညွှန်ကြား

မြန်မာ့တပ်မတော်၏ ပြီးခဲ့သည့် လေးလပတ်အစည်းအဝေးတွင် တပ်မတော်ပိုင်စီးပွားရေးလုပ်ငန်းဖြစ်သော မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်သို့ တပ်မတော်သားများကို ဧပြီလနောက်ဆုံးထား၍ အစုရှယ်ယာ များ ထည့်ဝင်ရန် သတ်မှတ်ပေးလိုက်ကြောင်း သတင်းရရှိသည်။
မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်တွင် အစုရှယ်ယာထည့်သွင်းရန်သတ်မှတ်ထားသော နှုန်းထားမှာ ဒုတိယ ဗိုလ်မှူးကြီးနှင့်အထက် ကျပ် ၁၀ သိန်း၊ ဗိုလ်မှူးအဆင့် ကျပ် ငါးသိန်း၊ ဒုဗိုလ် မှ ဗိုလ်ကြီးအဆင့် ကျပ် သုံးသိန်း၊ အခြားအဆင့်စစ်သည် (လူပျို) ကျပ်နှစ်သိန်းနှင့် အခြားအဆင့်စစ်သည်(အိမ်ထောင်သည်) ကျပ်တစ်သိန်းတို့ဖြစ်သည်။
အထက်ပါနှုန်းထားထည့်ဝင်ကြရန် နေပြည်တော်တိုင်းစစ်ဌာနချုပ် တွင် ပြုလုပ်သော ၂၀၁၄ (တတိယ)လေးလပတ်အစည်းအဝေးမှ ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပြီး တစ်ဦးချင်းအစုရှယ်ယာထည့်ဝင်နှုန်းကို လာမည့် ဧပြီ ၃၀ရက်၌ အပြီးထည့်ဝင်ရမည်ဟု ညွှန်ကြားထားကြောင်း သတင်း ရရှိသည်။
‘‘တစ်နှစ်ကို ၃၀ ရာခိုင်နှုန်း ရတယ်။ တစ်ရာထည့်ထားရင် ၃၀ ရတယ်။ အဆင်ပြေတယ်’’ ဟု မြန်မာ့ တပ်မတော်မှ ဗိုလ်မှူး ကြီးတစ်ဦးကပြောသည်။

မြန်မာ့စီးပွားရေးဦးပိုင်ကုမ္ပ ဏီ၏ ရှယ်ယာများကို တစ်စုလျှင် ကျပ်ငါးထောင် သတ်မှတ်ထား သည်။
‘‘ကျွန်တော်ဆို ငါးသိန်းထည့် ထားတာ။ ခုဆို နှစ်တိုင်း တစ်သိန်းခွဲရနေတယ်’’ဟု မြောက် ပိုင်းတိုင်းစစ်ဌာနချုပ်မှ ဗိုလ်မှူး တစ်ဦးက ဆိုသည်။
တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က တပ်မတော်ပိုင် စီးပွားရေးလုပ်ငန်းများကို အများပိုင်ပြောင်းလဲ လုပ်ကိုင်မည်ဖြစ်ပြီး၊ သို့သော် အချိန်အနည်းငယ်ယူရမည် ဟု 7Day အား ဖေဖော်ဝါရီ ၁၄ ရက်တွင် ပြောသည်။
တပ်မတော်၏ အဓိကစီးပွား ရေးလုပ်ငန်းကြီးနှစ်ခုမှာ မြန်မာ့စီး ပွားရေးဦးပိုင်လီမိတက်နှင့် မြန်မာ့စီးပွားရေးကော်ပိုရေးရှင် (MEC) တို့ဖြစ်ပြီး အကျိုးအမြတ်ရသည့် လုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံလုပ် ကိုင်လျက်ရှိသည်။
‘‘အများပိုင်လုပ်မှာပါ။ အဲဒီ မှာလည်း ရှယ်ယာဝင်ထားတာ တပ်မတော်သားတွေရဲ့ ရှယ်ယာ တွေပါတယ်။ စစ်မှုထမ်းဟောင်း တွေရဲ့ ရှယ်ယာတွေပါတယ်။ ပါ ထားတဲ့အခါကျတော့ တစ်ဦးချင်း အစ်ကိုတို့လည်း အဲဒီမှာ အစုရှယ် ယာဝင်ထားတာပဲ။ ဥပဒေအရ ၀င်ခွင့်ပေးထားတယ်။ အဲဒါတွေ ပေါင်းပြီး ဒီလုပ်ငန်း လုပ်တာ။ MEC ကျတော့ ကာကွယ်ရေးနဲ့ အစိုးရနဲ့ ပေါင်းတဲ့ဟာပေါ့။ အစိုး ရရဲ့ ကာကွယ်ရေး ၀န်ကြီးဌာနရဲ့ ငွေကတော့ နည်းပါတယ်။ စစ် ထောက်ချုပ်ရုံးငွေကတော့ ပိုပြီး တော့ များတာပေါ့။ ဒါတွေလည်း တဖြည်းဖြည်းနဲ့ ပြောင်းမှာပါ’’ဟု တပ်မတော်ကာကွယ်ရေးဦးစီး ချုပ်က 7Day Daily နှင့် အင်တာဗျူးတွင် ပြောကြားခဲ့သည်။
7 Day Daily

No comments:

Post a Comment