Tuesday, February 24, 2015

ကျောင်းသားများအား ပြင်းထန်စွာရိုက်သည့် ဘော်ဒါကျောင်းဆရာကို အမှုဖွင့်

စာမေးပွဲဖြေဆိုနေသော အဋ္ဌမတန်း၊ န၀မတန်းကျာင်းသားများ အား ငါးမူးလုံး ရေပိုက်ဖြင့် အ ချက်ငါးဆယ်ကျော် ရိုက်နှက်အ ပြစ်ပေးသော ပုဂံရွှေပြည်ဘော်ဒါ ဆောင်မှ ဆရာတစ်ဦးကို ပုဒ်မ ၃၂၃ ဖြင့် အမှုဖွင့်အရေးယူထား ကြောင်း သတင်းရရှိသည်။
ဖေဖော်ဝါရီ ၂၁ ရက် ညတွင် ပုဂံမြို့ရှိ ပုဂံရွှေပြည် ဘော်ဒါဆောင်မှ ဆရာဦးကျော်စိုးကြည် သည် စာမေးပွဲဖြေဆိုနေသော န၀မတန်းကျောင်းသားများနှင့် အဋ္ဌမတန်းကျောင်းသား ငါးဦး ခန့်အား ငါးမူးလုံးရေပိုက်ဖြင့် အချက်ငါးဆယ်ကျော် ရိုက်နှက်ခဲ့သည်။၎င်းတို့အနက်မှ အဋ္ဌမတန်း ကျောင်းသားအသက် (၁၄) နှစ်အရွယ် မောင်လင်းဝေသန့်သည် ရိုက်နှက်ခံရမှုကြောင့် တင်ပါးတွင် အညိုအမည်းဒဏ်ရာများ ရရှိခဲ့သည်။

ဒဏ်ရာ ရရှိမှုများပြားသော ကြောင့် မောင်လင်းဝေသန့်၏ မိဘများက ရိုက်နှက်ခဲ့သော ဆရာကိုအမှုဖွင့် တိုင်ကြားခဲ့ခြင်းဖြစ်သည်။ ရိုက်နှက် အပြစ်ပေးခံရသော ကျောင်းသားများ သည် ပြီးခဲ့သည့်သီတင်းနှစ်ပတ်ခန့်က ညဘက်တွင် ဘော်ဒါဆောင်မှ အပြင်သို့ ခိုးထွက်၍ အပြစ်ပေး ဆုံးမခြင်းဖြစ် ကြောင်း မောင်လင်းဝေသန့်၏ အဘိုး ဦးမျိုးချစ်က ပြောသည်။
‘‘ဖြစ်တာကလည်း ပြီးခဲ့တဲ့ နှစ်ပတ်လောက်က ဖြစ်တာ ပါ။ အဲဒီတုန်းကလည်း မိဘတွေခေါ်ပြီး သတိပေး လက်မှတ်ထိုးခဲ့ပြီးပါပြီ။ စာမေးပွဲဖြေမှ ဒီလိုရိုက်နှက်အပြစ်ပေးတာပါ။ ကိုယ့်တပည့်ကို အပြစ်ရှိလို့ ရိုက်နှက်တာ ကို လက်ခံပါတယ်။ ဒီလိုမျိုး မြင်မကောင်းအောင် ရိုက်တာတော့ လွန်တယ်။ သူ့သူငယ်ချင်းတွေက ပြောတာတော့ ၈၂ ချက် အရိုက်ခံရတယ်လို့ ပြောတယ်။ သင်္ချာနေ့ကဆို ထိုင်ရတာ နာနေလို့မတ်တတ်ရပ်ပြီး ဖြေခဲ့ရတယ်လို့ပြောတယ်။ ခုစာမေးပွဲဖြေတာ နာနေတော့ အဆင်မပြေဘူးပေါ့’’ဟု ဦးမျိုးချစ်က ပြောသည်။
မြေးဖြစ်သူကို ရိုက်နှက်မှုကြောင့် ဘော်ဒါဆောင်တာဝန်ရှိ သူများ၏ တောင်းပန်မှုကို စောင့်ဆိုင်းသော်လည်း လာရောက်တောင်းပန်ခြင်းမရှိ၍ အမှုဖွင့် တိုင်ကြားခဲ့ခြင်းဖြစ်ကြောင်း ဦးမျိုးချစ်က ဆက်လက်ပြောသည်။
ဖေဖော်ဝါရီ ၂၃ ရက်က ဖြေဆိုသော သင်္ချာဘာသာကို မောင်လင်းဝေသန့် လာရောက်ဖြေဆိုခဲ့ ကြောင်း ပုဂံမြို့အထက်တန်း ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင် ဆန်းတင့်က ပြောသည်။
‘‘ကျောင်းသားတွေ ညဘက်အပြင်ထွက်ကြလို့ ဆရာတစ်ယောက်က ရေပိုက်နဲ့ ရိုက်လိုက်တာ ဟုတ်ပါတယ်။ အချက် ၈၀ ကျော်ထိ ရိုက်တာတော့ မဟုတ်ပါဘူး။ ကျွန်မတို့ဘက်က သွားပြီးတောင်းပန်တာတွေ လုပ်ပါတယ်။ ကျွန်မတို့ ဘော်ဒါဖွင့် လာတာ ဆယ်နှစ်ကျော်ပါပြီ။ နာမည်ပျက်လည်း မရှိခဲ့ပါဘူး။ ကျောင်းသားတွေက အုပ်စုတွေဖွဲ့ပြီး အပြင်မှာရန်ဖြစ်တာတွေ ဖြစ်နေလို့ အဲဒီလိုမလုပ်အောင် သတိပေးဆုံးမတာပါ။ ကျွန်မကလည်း ဖြစ်တဲ့အချိန်မှာ ရန်ကုန်မှာရောက်နေလို့ပါ’’ဟု ပုဂံရွှေပြည် ဘော်ဒါဆောင် တာဝန်ခံဒေါ်ဥမ္မာက ပြောသည်။ ကျောင်းသားများအား ရိုက်နှက်အပြစ်ပေးသော ဆရာဦးကျော်စိုးကြည်ကို ပုဒ်မ ၃၂၃ ဖြင့် ဖမ်းဆီးထားကြောင်း ပုဂံမြို့ရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြော သည်။ ပုဒ်မ၃၂၃သည် ထောင်ဒဏ် တစ်နှစ်ထိဖြစ်စေ၊ ငွေဒဏ်တစ်ထောင်ကျပ်ဖြစ်စေ (သို့မဟုတ်) ပြစ်ဒဏ် နှစ်ရပ်စလုံး ဖြစ်စေ ကျခံနိုင်သည်။
7Day Daily

No comments:

Post a Comment