Thursday, February 26, 2015

မြောင်းဖော်ရန် မိကျောင်းကန် သပိတ်စခန်း ဖျက်သိမ်းမည်ဟု အုပ်ချုပ်ရေးမှူးကပြော သပိတ်စခန်း လုံးဝ ဖျက်သိမ်းပေးမည် မဟုတ်ဟုလည်း ဆန္ဒပြသူများကဆို

 ပလက်ဖောင်းမြောင်းဖော်ရန်ဟုဆိုကာ မိကျောင်းကန် သပိတ်စခန်းကို ဖျက်သိမ်းရန် ကျောက်တံတားမြို့ နယ် ရပ်ကွက် အုပ်ချုပ်ရေးမှူးအဖွဲ့က ဖေဖော်ဝါရီ ၂၅ ရက် နံနက် ၇ နာရီက လာရောက်မေတ္တာရပ်ခံခဲ့သော်လည်း ဖျက်သိမ်းပေးမည် မဟုတ်ဟု မိကျောင်းကန် သပိတ်စခန်းမှ ဦးမောင်မောင်က မဇ္ဈိမကို ပြောသည်။
သပိတ်စခန်း ဖျက်သိမ်းပေးရန် ကျောက်တံတားမြို့နယ် ရပ်ကွက်အုပ်ချုပ် ရေးမှူးဦးဆောင်သည့် အဖွဲ့ဝင် ခုနစ်ဦးက လာရောက်ပြောကြားခဲ့ခြင်းဖြစ်သည်ဟု ၎င်းက ဆိုသည်။
ဦးမောင်မောင်က ''ကျွန်တော်တို့က တောင်းဆိုထားတဲ့ မြေမရမချင်း ဖယ်သွားဖို့ မရှိဘူး။ သူတို့ ဘာလုပ် လုပ်ခံသွားမယ်'' ဟု ပြောသည်။

မိကျောင်းကန် သပိတ်စခန်းမှ ဆန္ဒထုတ်ဖော်နေသူများက မိမိတို့သိမ်းဆည်းခံရသည် မြေကိုလည်းကောင်း၊ အလားတူ ကာလတန်းဖိုးရှိသည့် နစ်နာကြေးကိုလည်းကောင်း၊ အစားထိုးမြေကိုလည်းကောင်း ပြန်ရရှိရန် ဆန္ဒဖော်ထုတ်ခြင်း ဖြစ်သည်။

မြောင်းဖော်ရန် မိကျောင်းကန်သပိတ် စခန်းဖျက်သိမ်းရေးနှင့် ပတ်သက်ပြီး ကျောက်တံတားမြို့နယ် အပိုင်း (၁) ရပ်ကွက် အုပ်ချုပ်ရေးမှူးဦးမြင့်သိန်းက ''ကျွန်တော်မသိဘူး။ မဟာဗန္ဓုလပန်းခြံက ကျောက်တံတားမြို့ နယ်၊ အပိုင်း(၂) ဖြစ်လို့ပါ။ ကျွန်တော်က အပိုင်း(၁) ကပါ'' ဟု ပြောသည်။

ရန်ကုန်မြို့တော်ခန်းမ ဝင်/ထွက် ပေါက်ကို တားသပိတ်လုပ်ဆောင်ခဲ့သည့် မိကျောင်းကန် သပိတ်စခန်းမှ တရားစွဲဆို ခံထားရသူ ၁၄ ဦးကို ကျောက်တံတားမြို့ နယ်တရားရုံးက တစ်ဦးလျှင် ထောင်ဒဏ် ခြောက်လစီ ဖေဖော်ဝါရီ ၁၈ ရက်က အမိန့်ချခဲ့သည်။ ထို့အပြင် သပိတ်ခေါင်းဆောင် ဦးစိန်သန်းမှာလည်း သပိတ်စခန်း ဖွင့်လှစ်ခြင်း အပါအဝင် ငြိမ်းချမ်းစွာစုဝေးခြင်း၊ စီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေ ပုဒ်မ ၁၈ ဖြင့် ထောင်နှစ်နှစ် ကျခံနေရခြင်းဖြစ်သည်။

သင်္ဃန်းကျွန်းမြို့နယ်၊ မိကျောင်းကန် ၁၊ ၂၊ ၃ ရပ်ကွက် မြေသိမ်းခံရခြင်းနှင့် ပတ်သက်ပြီး ဆန္ဒဖော်ထုတ်မှု ခုနစ်ကြိမ်နှင့် သပိတ်စခန်း သုံးကြိမ်ဖွင့်လှစ်ခဲ့ပြီး ပထမအကြိမ် သပိတ်စခန်းကို ၂ဝ၁၃ ခုနှစ် အောက်တို ဘာ ၂ ရက်က ငါးရက်တိုင် ဖွင့်လှစ်ခဲ့ပြီး ဒုတိယအကြိမ် သပိတ်စခန်းကို နိုဝင်ဘာ ၂၆ ရက်က စတင်ဖွင့် လှစ်ခဲ့ပြီး ဒီဇင်ဘာ ၁၂ ရက်တွင် ပိတ်သိမ်းခဲ့ခြင်းဖြစ်သည်။ ယင်းသပိတ်စခန်းပိတ်သိမ်းပြီး သုံးလအကြာ မတ် ၂၄ ရက်က မဟာဗန္ဓုလ ပန်းခြံအနီးရှိ ရန်ကုန် တရားလွှတ်တော်ရုံး ရှေ့တွင် သပိတ်စခန်းပြန်လည် ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး ရက်ပေါင်း ၃၃၉ ရက် ရှိပြီ ဖြစ်သည်။
မဇ္စျိမ

No comments:

Post a Comment