Thursday, February 19, 2015

စစ်အုပ်ချုပ်ရေး ကြေညာထားသော်လည်း တရားဥပဒေစိုးမိုးရေးကိစ္စ ဖယ်မထားရန် ဒေါ်အောင်ဆန်းစုကြည် ပြောကြား

အစိုးရက ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသကို စစ်အုပ်ချုပ်ရေး ကြေညာထားသော်လည်း တရားဥပဒေစိုးမိုးရေးကို ဖယ်ရှား၍ မရကြောင်း ဒေါ်အောင်ဆန်းစုကြည်က ယနေ့ကျင်းပသော ပြည်သူ့လွှတ်တော် အစည်းအဝေးအပြီးတွင် သတင်းမီဒီယာများကို ပြောကြားသည်။
“ဘယ်လို အုပ်ချုပ်ရေးကိုသုံးသုံး တရားဥပဒေစိုးမိုးရေးကို ဖယ်ရှားလို့ ဘယ်ရမလဲ” ဟု ၎င်းကဆိုသည်။



ဖေဖော်ဝါရီလ ၁၇ ရက်နေ့တွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေသည့် လောက်ကိုင်မြို့နယ် အပါအဝင် ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသကို ရက်ပေါင်း ကိုးဆယ်ကြာ စစ်အုပ်ချုပ်ရေး ကြေညာချက် ထုတ်ပြန်ထားခြင်းနှင့် ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်က ယင်းသို့ မှတ်ချက်ပေး ပြောဆိုခြင်းဖြစ်သည်။
“စစ်ရေးအရ လိုအပ်တယ်လို့ ကြေညာတယ်လို့ ထင်တာပဲ၊ ဘာပဲပြောပြော ကာကွယ်စောင့်ရှောက်မှု ဆိုတာ တပ်မတော်မှာ တာဝန်ရှိတယ်” ဟု ၎င်းက ထပ်လောင်းပြောသည်။

လောက်ကိုင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးကျော်နီနိုင်ကမူ စစ်အုပ်ချုပ်ရေး ကြေညာခြင်းနှင့် ပတ်သက်ပြီး လက်ခံနိုင်သော်လည်း အစိုးရအနေနှင့် ရက်ပေါင်း ၉၀ အတွင်း တည်ငြိမ်အေးချမ်းရေး လုပ်သွားရန် လိုအပ်ကြောင်း The Voice သို့ ပြောကြားသည်။

တပ်မတော်နှင့် ဖုန်ကြားရှင် ဦးဆောင်သော ကိုးကန့်လက်နက်ကိုင် တပ်ဖွဲ့များသည် ဖေဖော်ဝါရီ ၉ ရက်နေ့မှ စတင်ကာ လောက်ကိုင်ဒေသအတွင်း တိုက်ပွဲများ ဖြစ်ပွားနေခြင်း ဖြစ်ပြီး စစ်ဘေးဒုက္ခသည်ပေါင်း နှစ်သောင်းကျော် ရှိလာပြီဖြစ်ကြောင်း ဒုက္ခသည် ကယ်ဆယ်ရေး အဖွဲ့များထံမှ သိရသည်။

လောက်ကိုင် စစ်ဘေးဒုက္ခသည်များကို ကွမ်းလုံမြို့နယ်နှင့် လားရှိုးမြို့နယ်တို့ရှိ ဒုက္ခသည်စခန်းများမှ တစ်ဆင့် နေရပ်သို့ ပြန်လည်ပို့ဆောင်နေကြောင်း မြို့နယ်ကယ်ဆယ်ရေး အဖွဲ့များထံမှ သိရသည်။

The Voice Weekly

No comments:

Post a Comment