Thursday, February 19, 2015

ကိုးကန့်ဒေသတွင် ပြစ်မှုကျူးလွန်သူများကို စစ်ခုံရုံးဖြင့်ပါ စစ်ဆေးဆုံးဖြတ်မည်

ရှမ်းပြည်နယ်မြောက်ပိုင်း အရှေ့မြောက်တိုင်းစစ်ဌာနချုပ် လက်အောက် ကုန်းကြမ်းမြို့နယ်နှင့် လောက်ကိုင်မြို့နယ်တို့ကို စုစည်းထားသော ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသကို အရေးပေါ်အခြေအနေ ကြေညာ၍ စစ်အုပ်ချုပ်ရေး ထုတ်ပြန်ပြီးနောက်ပိုင်း ယင်းဒေသအတွင်း ပြစ်မှုဆိုင်ရာ မှုခင်းများကို စစ်ခုံရုံးဖြင့် စစ်ဆေးဆုံးဖြတ်မည် ဖြစ်ကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးမှ ဖေဖော်ဝါရီလ ၁၈ ရက်တွင် သတင်းထုတ်ပြန်သည်။



စစ်ခုံရုံးဖြင့် စစ်ဆေးဆုံးဖြတ်မည့် ပြစ်မှုများမှာ နိုင်ငံတော်အား သစ္စာဖောက်ဖျက် ပုန်ကန်မှု၊ အစိုးရအား အကြည်ညိုပျက်စေမှု၊ မတရားအသင်း အက်ဥပဒေအရ ပြစ်မှုများ၊ လက်နက်ဥပဒေအရ ပြစ်မှုများ၊ လူသတ်မှု၊ လူသေမှု၊ မုဒိမ်းမှု၊ လုယက်မှု၊ ဓားပြမှု၊ အဂတိလိုက်စားမှု၊ ၁၉၉၃ ခုနှစ် မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ ပြစ်မှုများကို စီရင်ဆုံးဖြတ်မည် ဖြစ်သည်။
ထို့ပြင် ပြည်သူပိုင်ပစ္စည်း ကာကွယ်ရေး အက်ဥပဒေအရ ပြစ်မှုများ၊ ၁၉၆၃ ခုနှစ် အများနှင့် သက်ဆိုင်သော ပစ္စည်းများ ကာကွယ်စောင့်ရှောက်ရေး ဥပဒေအရ ပြစ်မှုများ၊ ၁၉၅၀ ပြည့်နှစ် အရေးပေါ်စီမံမှု အက်ဥပဒေအရ ပြစ်မှုများ၊ သတင်းမီဒီယာအရ ပြစ်မှုများ၊ ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေအရ ပြစ်မှုများကို စစ်ခုံရုံးဖြင့် စစ်ဆေးဆုံးဖြတ်မည် ဖြစ်ကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်မှ သိရသည်။

စစ်အုပ်ချုပ်ရေး ထုတ်ပြန်ထားသည့် ကာလအတွင်း အဆိုပါပြစ်မှုများနှင့် ပတ်သက်၍ တည်ဆဲဥပဒေများတွင် မည်သို့ပင် ပါရှိစေကာမူ စစ်ခုံရုံးက ပြစ်မှုထင်ရှား စီရင်ပါက သေဒဏ်၊ နှစ်အကန့်အသတ် မရှိသော အလုပ်နှင့် ထောင်ဒဏ်၊ သုံးနှစ်အောက် မလျော့သော အလုပ်နှင့် ထောင်ဒဏ် သို့မဟုတ် သုံးနှစ်အောက် မလျော့သော အလုပ်နှင့် ထောင်ဒဏ်အပြင် ငွေဒဏ်များကို ချမှတ်နိုင်ကြောင်း သိရသည်။

ကိုးကန့် စစ်အုပ်ချုပ်ရေးဒေသ အဖြစ် ဖေဖော်ဝါရီလ ၁၇ ရက် ည ၇ နာရီတွင် ကြေညာပြီးနောက် ည ၈ နာရီတွင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဒေသကွပ်ကဲမှု စစ်ဌာနချုပ် (လောက်ကိုင်) ၏ ဒေသကွပ်ကဲရေးမှူး ဗိုလ်မှူးကြီး စောမြင့်ဦးကို ယင်းဒေသ၏ အုပ်ချုပ်ရေး၊ လုံခြုံရေး၊ တရားစီရင်ရေး၊ တည်ငြိမ်အေးချမ်းရေး လုပ်ငန်းများ ဆောင်ရွက်ရန် တာဝန်ပေးအပ်ကြောင်း အမိန့်ထုတ်ပြန်ခဲ့သည်။

The Voice Weekly

No comments:

Post a Comment