Monday, February 2, 2015

ခြောက်ပွင့်ဆိုင် ဆွေးနွေးပွဲကို ငြင်းပယ်ခြင်း မဟုတ်ဘဲ တွေ့ဆုံမှုများကို ပုံစံမျိုးစုံဖြင့် ပြုလုပ်သွားမည်ဟု နိုင်ငံတော်သမ္မတ ပြောကြား


ပြည်ထောင်စုလွှတ်တော်က အတည်ပြုပြီး ဒုတိယအကြိမ် သဝဏ်လွှာ ပေးပို့ကာ ထပ်မံ တိုက်တွန်းထားသော ခြောက်ပွင့်ဆိုင် ဆွေးနွေးပွဲကို ငြင်းပယ်ခြင်း မဟုတ်ဘဲ ကျယ်ပြန့်သော ပါဝင်မှုများဖြင့် တွေ့ဆုံမှုများကို ပုံစံမျိုးစုံဖြင့် ပြုလုပ်သွားမည် ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ပြောကြားသည်။



ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ထုတ်လွှင့်သော နိုင်ငံတော်သမ္မတ၏ လစဉ်မိန့်ခွန်းတွင် ခြောက်ပွင့်ဆိုင် ဆွေးနွေးပွဲနှင့် ပတ်သက်ပြီး ၎င်းက အထက်ပါအတိုင်း ပြောကြားခြင်း ဖြစ်သည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်နိုင်ရေးအတွက် ပြည်ထောင်စု လွှတ်တော်က အတည်ပြု တိုက်တွန်းသော ခြောက်ပွင့်ဆိုင် ဆွေးနွေးပွဲကို ငြင်းပယ်ခြင်း မဟုတ်ဘဲ အစိုးရ လွှတ်တော် ကိုယ်စားလှယ်များနှင့် တပ်မတော်တို့သာမက ပါဝင်သင့် ပါဝင်ထိုက်သူများ ပါဝင်ရန် လိုအပ်ကြောင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ပြောဆိုသည်။

“ကျယ်ပြန့်တဲ့ ပါဝင်မှုတွေ ဖြစ်အောင်လည်း လုပ်ဆောင်ရမှာ ဖြစ်တယ်ဆိုတဲ့ ရပ်တည်ချက်ကို ဆုပ်ကိုင်ထားရှိပါတယ်။ ပေးအပ်လာတဲ့ အခြေအနေ အတွင်းမှာ တွေ့ဆုံမှုတွေကို ပုံစံမျိုးစုံနဲ့ လုပ်ဆောင်သွားမှာ ဖြစ်တဲ့ အကြောင်းလည်း အသိပေး ပြောကြားလိုပါတယ်” ဟု ၎င်းကဆိုသည်။

ယင်းသို့ ကျယ်ပြန့်စွာ ပါဝင်သော တွေ့ဆုံမှုမျိုးကို ပြုလုပ်မည့် ရပ်တည်ချက်ကိုသာ ဆုပ်ကိုင်ထားရှိသောကြောင့် ပြည်ထောင်စု လွှတ်တော်မှ တိုက်တွန်းထားသော ခြောက်ပွင့်ဆိုင် ဆွေးနွေး ပွဲကို လက်မခံသေးကြောင်းဟုသာ ယူဆရမည် ဖြစ်ကြောင်း အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်က ပြောကြားသည်။

“မငြင်းဘူးသာ ပြောနေပေမယ့် လက်ခံလား ဆိုတော့လည်း ရေရေရာရာ မပြောဘူး။ သူရဲ့ ရပ်တည်ချက်ကိုပဲ ထုတ်ပြောသွားတာဆိုတော့ ခြောက်ပွင့်ဆိုင်ကို မလုပ်ချင်သေးဘူး ဆိုတာနဲ့ အတူတူပါပဲ” ဟု ၎င်းက သုံးသပ်ပြောကြားသည်။

ပြည်ထောင်စုလွှတ်တော်အတွင်း အခြေခံဥပဒေ ပြင်ဆင်နိုင်ရေး အကျပ်အတည်းကို ဖြေရှင်းနိုင်ရန်အတွက် နိုင်ငံတ်ာသမ္မတ၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ လွှတ်တော်ဥက္ကဋ္ဌ နှစ်ဦး ၊NLD ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် တိုင်းရင်းသားကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ် တစ်ဦးတို့ အမြန်ဆုံး တွေ့ဆုံဆွေးနွေးရေးကို ပြည်ထောင်စုလွှတ်တော်က အတည်ပြု တိုက်တွန်းထားသော်လည်း ဇန်နဝါရီလ ၁၉ ရက်နေ့တွင် ပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးသို့ ခြောက်ပွင့်ဆိုင် တွေ့ဆုံရေးထက် ပြည်သူများ လက်ခံသော တွေ့ဆုံဆွေးနွေးပွဲ ပုံစံကို စဉ်းစားသုံးသပ်ရန် နိုင်ငံတော်သမ္မတက သဝဏ်လွှာ ပြန်လည်ပေးပို့ခဲ့သည်။

သို့သော်လည်း ခြောက်ပွင့်ဆိုင် ဆွေးနွေးပွဲကိုသာ ပြုလုပ်ရန် ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက နိုင်ငံတော်သမ္မတထံ ဇန်နဝါရီလ ၂၂ ရက်နေ့တွင် သဝဏ်လွှာ ပေးပို့ပြီး ထပ်မံတိုက်တွန်း ထားသည်။

The Voice Weekly

No comments:

Post a Comment