Thursday, February 26, 2015

ဖောက်ခွဲရေးယမ်းအဖြစ် သုံးနိုင်သော အမိုးနီးယားနိုက်ထရိတ်ပါ ဓာတ်မြေသြဇာများ အပါအ၀င် စက်ပစ္စည်းများ ဖမ်းဆီးရမိမှု ဖြစ်စဉ်ကို အကောက်ခွန်သို့ လွှဲပြောင်းပြီး MI Form အသုံးပြုခဲ့သူ တပ်မတော်မှ နှစ်ဦးကိုလည်း စစ်ဆေးနေ

ကျပ်သန်းပေါင်း ၂၅ဝဝ ကျော်တန်ဖိုးရှိ ဖောက်ခွဲရေးယမ်းအဖြစ် သုံးနိုင်သော အမိုးနီးယားနိုက်ထရိတ်ပါ ဓာတ်မြေဩဇာများ အပါအဝင် ဖုန်း၊ စက်ပစ္စည်းများ ဖမ်းဆီးရရှိမှု ဖြစ်စဉ်ကို အကောက်ခွန်ဌာနသို့ လွှဲပြောင်းလိုက်ပြီဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေး ဗဟိုမှ သိရသည်။
ယင်းအပြင် ပစ္စည်းများကို တပ်မတော် စက်မှုကုန်ကြမ်း တင်သွင်းသယ်ယူခွင့် (Military Import Form) MI Form အား မသမာသော နည်းလမ်းဖြင့် အသုံးပြုခဲ့မှုအပေါ် သက်ဆိုင်ရာတပ်က စစ်ဆေးမှုများ ပြုလုပ်နေကြောင်း သိရသည်။
တရားမဝင်ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေး ဗဟိုမှ တာဝန်ရှိသူ တစ်ဦးက “မန္တလေး အကောက်ခွန် ဌာနကို လွှဲပြောင်းပေးလိုက်ပြီး ဖြစ်စဉ်မှာ အဓိကပါဝင်တဲ့သူ နှစ်ဦးကိုတော့ သက်ဆိုင်ရာတပ်ကပဲ စစ်ဆေးမှုတွေ ပြုလုပ်နေပါတယ်” ဟု ပြောကြားသည်။

တရုတ်နိုင်ငံဘက်မှ မန္တလေးလမ်းကြောင်းအတိုင်း သယ်ဆောင်လာသည့် ကုန်တင်ကားကြီး ၁၇ စီးပေါ်မှ ဇန်နဝါရီ ၂၄ ရက်က နောင်ချိုမြို့တွင် တားဆီးစစ်ဆေးစဉ် ဖောက်ခွဲရေးယမ်းအဖြစ် သုံးနိုင်သော အမိုနီးယားနိုက်ထရိတ်ပါ ဓာတ်မြေဩဇာအိတ် ၁ဝဝဝဝ ကျော်နှင့် အရေအတွက် သောင်းနှင့်ချီရှိသော ဖုန်း၊ တီဗွီ၊ အီးဗွီဒီ၊ ဒီဗွီဒီတို့ကို တရားမဝင် တင်သွင်းခဲ့မှုတွင် တပ်မတော်မှ ဗိုလ်ကြီးအဆင့်ရှိသူနှင့် တပ်ကြပ်ကြီးအဆင့်ရှိသူ တစ်ဦးတို့ ပါဝင်ခဲ့ကြောင်း တရားမဝင်ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေး အဖွဲ့ထံမှ သိရသည်။
ဖမ်းဆီးမှုကို အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်က အဓိက လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း တရားမဝင် ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေး အဖွဲ့မှ တာဝန်ရှိသူများက ဆိုသည်။
မည်သည့်တပ်ရင်းမှဟု ထုတ်ပြန်ပြောဆိုခြင်း မရှိခဲ့ဘဲ သက်ဆိုင်ရာ စစ်ဌာနချုပ်က စစ်စည်းကမ်းနှင့်အညီ အရေးယူရန် စစ်ဆေးနေပြီဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေး အဖွဲ့မှ သိရသည်။
အမိုးနီးယားနိုက်ထရိတ် အပါအဝင် မူးယစ်ဆေးဝါး ချက်လုပ်ရာတွင် အသုံးပြုသည့် ဓာတုပစ္စည်းများကို ပြည်တွင်းသို့တင်သွင်းရန် တားမြစ်ထားပြီး ယခုတစ်ကြိမ် အပါအဝင် သုံးကြိမ်မြောက် ဖမ်းဆီးနိုင်ခဲ့ကြောင်း တရားမဝင်ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေးအဖွဲ့က ထုတ်ပြန်ခဲ့သည်။
ယင်းဖမ်းဆီးမှုမှာ တရားမဝင်ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေးအတွက် ပမာဏ အများဆုံးနှင့် တန်ဖိုးများပြားသည့် ဖြစ်ရပ်တစ်ခု ဖြစ်ကြောင်း၊ လက်ရှိ ၂ဝ၁၄-၂ဝ၁၅ ဘဏ္ဍာနှစ်၏ ကိုးလတာကာလအတွင်း ကျပ်သန်း ၃ဝဝဝ ကျော် ဖမ်းဆီးထားနိုင်ခဲ့ပြီး လက်ရှိဖြစ်စဉ် ပါဝင်ပါက ကျပ်သန်း ၆ဝဝဝ နီးပါးအထိ စံချိန်တင် ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်သည်။
၂ဝ၁၂ ခုနှစ်တွင် တရားမဝင်ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေး ဗဟိုကော်မတီကို သမ္မတက ဖွဲ့စည်းပေးခဲ့ပြီးနောက် အပြည်ပြည်ဆိုင်ရာလေဆိပ်၊ ရေဆိပ်၊ ကုန်းလမ်းနှင့် နယ်စပ်ကုန်သွယ်ရေး ဒေသများတွင် တရားမဝင်ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေး အဖွဲ့ များဖြင့် တားဆီး၊ ဖမ်းဆီးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
Eleven Media Group

No comments:

Post a Comment