Monday, February 2, 2015

NLD ပါတီ၏ စစ်တမ်းအရ ဒေါ်အောင်ဆန်းစုကြည်အား ထောက်ခံမှု မြင့်တက်နေဆဲဟု ဆို

 ဒေါ်အောင်ဆန်းစုကြည်အား ထောက်ခံမှု လျော့ကျနေသည် ဆိုခြင်းမှာ မဟုတ်မှန်ဘဲ NLD ပါတီ၏ မြန်မာပြည် အနှံ့ စစ်တမ်းအရ ထောက်ခံမှု မြင့်တက်နေဆဲ ဖြစ်ကြောင်း ယင်းပါတီ၏ ဗဟို သုတေသန လမ်းညွှန် အဖွဲ့ထံမှ သိရသည်။

                  ထောက်ခံမှု ရာခိုင်နှုန်းက အတိအကျနဲ့ ပြောလို့ မရဘူးဗျ။ ဘာကြောင့်လဲ ဆိုရင် ဒါပါတီ အတွင်းရေးဗျ။ ကျွန်တော်တို့ အဖွဲ့ ပြောလို့ ရတာ က နေအိမ် အကျယ်ချုပ်နဲ့ လွတ်လာတဲ့ အခြေအနေ အတိုင်းပဲ။ ဒေါ်အောင်ဆန်းစုကြည်ကို လူကြိုက် များတာ လျော့ကျ မသွားဘူး။ တချို့က လျော့ကျ သွားတယ်လို့ ပြောနေကြတာ ရှိတယ်။ ဒါပေမဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံမှုနှုန်းက မြင့်နေဆဲပဲ  ဟု NLD ဗဟို သုတေသန လမ်းညွှန် အဖွဲ့ အတွင်းရေးမှူး ဦးမျိုးရန်နောင်သိမ်းက The Messenger Media သို့ ပြောသည်။



                    အဆိုပါ သုတေသန စစ်တမ်းသည် NLD ပါတီ အပါအ၀င် တခြားအမည် မဖော် လိုသော အဖွဲ့အစည်း များနှင့် ပူးပေါင်း အဖွဲ့ ဖွဲ့ကာ ကောက်ယူ ခဲ့ခြင်း ဖြစ်ကြောင်း၊ မြန်မာပြည် အနှံ့ ကောက်ယူခြင်း ဖြစ်ပြီး၊ ပါတီတွင်း သီးသန့် အဖြစ် ကောက်ယူခဲ့ခြင်း ဖြစ်ကြောင်း ဦးမျိုးရန်နောင်သိမ်းက ပြောသည်။

                သံရုံး အသိုင်းအ၀ိုင်း ကြားထဲတွင် ဒေါ်အောင်ဆန်းစုကြည်အား ထောက်ခံမှု လျော့ကျသည် ဟူ၍ ပြောဆိုမှု များသည် မဟုတ်မှန်ဘဲ ပါတီ အနေဖြင့် ဒေါ်အောင်ဆန်းစုကြည်၏ လုပ်ဆောင်ချက်များကို သီးခြား ၀က်ဘ်ဆိုက် တစ်ခု မလွှင့်နိုင်သေး သောကြောင့် မသိရှိကြ ခြင်းသာ ဖြစ်ကြောင်း၊ ပါတီအတွင်း တာဝန် ခွဲဝေမှုသည် တိတိကျကျရှိ နေပြီး၊ ဒေါ်အောင်ဆန်းစုကြည်ကသာ ဆုံးဖြတ်နေသည် ဟူသော ဝေဖန်ချက်သည်လည်း မဟုတ် မှန်ကြောင်း ဦးမျိုးရန်နောင်သိမ်းက ဆိုသည်။

                လူဆိုတာ လူကြိုက်များတဲ့ ကာလ ရှိတယ်။ အတက်အကျ ရှိတယ်။ ဒါပေမဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံမှုများ မများဆိုတာ လာမယ့် ရွေးကောက်ပွဲမှာ စောင့်ကြည့်ပါ ဟု NLD ပါတီမှ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းက The Messenger Media သို့ ပြောသည်။ ဒေါ်အောင်ဆန်းစုကြည်သည် နေအိမ် အကျယ်ချုပ်မှ လွတ်လာပြီး နောက်ပိုင်းတွင် တရားဥပဒေ စိုးမိုးရေး ကော်မတီ ဥက္ကဋ္ဌ အဖြစ် တာဝန်ထမ်းဆောင်မှု၊ လွှတ်တော်ထဲသို့ ၀င်ရောက်မှုများနှင့် ပတ်သက်၍ လူထု ထောက်ခံမှု အနည်းအငယ် ကျဆင်း လာကြောင်း ဖေ၀န်မှုများရှိ နေသည်။

                ၂၀၁၂ ခုနှစ်မှာ ရှုံးထားတော့ ပြန်တည်ဆောက်တဲ့ အခါ အခု ပြန်တက်ကြွလာ ပါပြီ။ ပြည်သူက ကျွန်တော်တို့ဘက် ပါလာ တာလည်းရှိတယ်။ ၂၀၁၅ ခုနှစ်မှာ (၅၀) ရာခိုင်နှုန်း ဘယ်သူကျော်မလဲ ဆိုတာ စဉ်းစားရမှာပါ။ အပြတ် မနိုင်နိုင်ပါဘူး ဟု ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီမှ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးသာဝင်းက The Messenger Media သို့ ပြောသည်။ စစ်ကိုင်း တိုင်းဒေသကြီး၊ ပုလဲမြို့နယ်၊ ဆင်ရှင်ကျေးရွာ အတွင်းရှိ NLD ပါတီဝင် (၁၀) ဦးခန့်သည် ယခုလ (၃၀) ရက်နေ့က ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီသို့ ကူးပြောင်းခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

The Messenger

No comments:

Post a Comment