Tuesday, February 24, 2015

မြို့ပြဆူညံမှုများနှင့် ကင်းလွတ်ရာပန်းဆိုးတန်းက RangoonTea House


ဓာတ်ပုံများ -  Steve Tickner/ The Irrawaddy


 အင်္ဂလန်နိုင်ငံမြောက်ပိုင်းတွင် ကြီးပြင်းခဲ့ရသော်လည်း မြန်မာနိုင်ငံသည် ကိုထက်မြက်ဦးအတွက် အပျော်ဆုံး နေရာ ဖြစ်ပါသည်။ မြန်မာနိုင်ငံသည် သူတို့မိသားစုအားလပ်ရက်များတွင် သွားရောက်လေ့ရှိသည့် နေရာဖြစ်သလို ဆန်းဒါးလန်းမှာရှိစဉ် သူ့မိခင် ချက်ကျွေးတတ်သော အစားအစာများ၏ မူရင်းဒေသလည်း ဖြစ်နေပါသည်။

  
ဆိုင်ပိုင်ရှင် - ကိုထက်မြက်ဦး

တက္ကသိုလ်ကဘွဲ့ရပြီး တပတ်အကြာမှာပဲ ကိုထက်မြက်ဦး  မြန်မာနိုင်ငံသို့  ပြန်လာခဲ့သည်။ အခုအချိန်မှာတော့ Rangoon Tea House ၏ ပိုင်ရှင် ဖြစ်နေလေပြီ။ Rangoon Tea House က မြန်မာနိုင်ငံ၏ စီးပွားရေးမြို့တော် ရန်ကုန်မှ သမိုင်းဝင် နေရာတခုဖြစ်သည့် ပန်းဆိုးတန်းလမ်းအောက်ဆုံးဘလောက်မှာရှိသော အဆင့်မြင့် လက်ဖက်ရည်ဆိုင်တဆိုင်ဖြစ်သည်။

“ကလေးဘဝက ကျနော့်အတွက် ကျနော့်အမေလုပ်ပေးခဲ့တဲ့ အစားအသောက်တွေကြောင့် ဒီဆိုင် ဖြစ်လာပါတယ်” ဟု ကိုထက်မြက်ဦးကပြောသည်။ စမူဆာမှစ၍ မုန့်ဟင်းခါးအထိ ဒေသထွက် အရည် အသွေးမြင့်ပစ္စည်းများ အသုံးပြုထားသည့်အကြောင်း ရှင်းပြရင်း ထိုသို့ပြောခြင်းဖြစ်သည်။




အစားအစာစာရင်း (Menu) တွင်လည်း အဆင့်မီလက်ဖက်ရည်ဆိုင်များတွင် ရရှိနိုင်သည့် လက်ဖက်သုပ်၊ နန်းကြီးသုပ်၊ ကြက်သားပလာတာအစရှိသည်တို့ ပါဝင်နေသည်။ တချိန်တည်းမှာပင် မြန်မာအစားအစာကို ပထမဆုံး မြည်းစမ်းကြည့်မည့် သူများအတွက်လည်းလက်ဖက်အမျိုးမျိုး၏ သရုပ်ဖော်ပုံများကိုဖော်ပြထားသည်။ 

ဆိုင်၏ အပြင်အဆင်ကလည်း ပလက်ဖောင်းပေါ်တွင် ပလတ်စတစ်ခုံငယ်များ ချခင်းပြီး ဖွင့်ထားသည့် ပုံမှန်မြင်နေကျ လက်ဖက်ရည်ဆိုင်များနှင့် အတော်လေး ခြားနားနေသည်။ ခေတ်ဟောင်း တက္ကစီများတွင် သုံးသော မီတာများနှင့် ဆူဖြိုးသော ဝမ်းဗိုက်ပုံများ ပြသထားခြင်းက မြန်မာ့အယူအဆအရ ချမ်းသာ ကြွယ်ဝမှုပုံစံကို ဖော်ပြနေသည်။ အရောင် အတွဲအစပ်အနေဖြင့် အဖြူရောင်နှင့် အနက်ရောင်ကို လိုအပ် သလောက်သာ သုံးထားပြီး မြင့်မားသောမျက်နှာကြက်ကြောင့်  ကျယ်ဝန်းမှု၊  သန့်ရှင်းမှုကိုခံစားရရှိနိုင်ပါသည်။




ကိုထက်မြက်ဦးက အားလုံးနှင့် ဆီလျော်သော ပတ်ဝန်းကျင်ဖြစ်သည့် လက်ဖက်ရည်ဆိုင်၏ သဘောကိုလည်း ရှင်းပြသည်။ လက်ဖက်ရည်ဆိုင်ကို လူတိုင်းလာရောက်ပြီး အစားအစာများ စားသောက်နိုင်သည်။ စကားစမြည် ပြောဆိုနိုင်ကြသည်။

“လက်ဖက်ရည်ဆိုင်ဆိုတာခွဲခြားမှု မရှိရဘူး။ လူတိုင်းဒီကိုလာနိုင်တယ်”ဟုသူကပြောသည်။ သို့သော်လည်း လက်ဖက်ရည်တခွက်ကို ၁၅၀ဝ ကျပ် ဖြစ်သည့်အတွက် လူတိုင်းလာနိုင်ကြမည် မဟုတ်ပါ။

ထို့အပြင် ပန်းဆိုးတန်းလမ်းပေါ်တွင် ၅၀ဝ ကျပ်လောက်နှင့် ရနိုင်သည့် မုန့်ဟင်းခါးတပွဲကို ၅၀ဝ၀ ကျပ် ပေးရသည်။



“ကျနော်တို့က အမြတ်များများလိုချင်လို့ ဈေးတင်ရောင်းနေတာမဟုတ်ပါဘူး။ နိုင်ငံခြားသားခရီးသည်တွေ ဒီကိုလာပြီး မုန့်ဟင်းခါးတပွဲ အတွက် ၅၀ဝ၀ ပေးတာကိုလည်း မလိုချင်ပါဘူး။ ကျနော်တို့ အစားအစာရဲ့ အရည်အသွေးကြောင့်ပါ။ ကျနော်တို့ ဒီလောက်ယူရတာက ကျနော်တို့ ထည့်သွင်းအသုံးပြုထားတဲ့ ပစ္စည်းတွေ၊ ပေးရတဲ့အချိန်တွေနဲ့ အစားအစာတွေထဲမှာ ထည့်ပေးထားတဲ့ ကျနော်တို့ရဲ့ ဂရုစိုက်မှုကြောင့် ဖြစ်ပါတယ်” ဟု သူကပြောသည်။

အမှန်တကယ်ပင် သူပြောပြသည့် ဂရုစိုက်မှုဆိုတာကို နားထောင်ကြည့်ပြီး အစားအစာများ၏ နောက်ကွယ်တွင် ရှိနေသည့် လနှင့်ချီကာ ကြာမြင့်သော လုပ်ငန်းစဉ်များကို ကြားသိခဲ့လျှင် စမူဆာနှင့် စားရသည့် အချဉ်ရည်မှ သိမ်မွေ့သောမန်ကျည်းမှည့်အရသာ၊ မုန့်ဟင်းခါးနှင့်အတူ စားသုံးရမည့် ပဲကြော်များ၊ ကြက်သွန်ကြော်များကို ပိုမိုခံစားနိုင်ပေလိမ့်မည်။

Ragoon Tea House  က မြန်မာအစားအစာများကိုသန့်ရှင်းစွာ ပြုလုပ်ခြင်းဖြင့် အောင်မြင်မှု ရယူနိုင်ရန် မျှော်လင့်ထားသည်။



အုန်းနို့ခေါက်ဆွဲကိုအဆင့်အတန်းသစ်တခုရအောင် ပြုလုပ်ပြင်ဆင်နေသည်။ စာရေးသူ၏ အမြင်အရဆိုလျှင် အစားအစာများသည် သာမန်နှင့်ကွဲပြားသည့်အချိန်တွင် အကောင်းဆုံးဖြစ်ကြောင်း ငြင်းမရနိုင်ပါ။ လပေါင်းများစွာ အချိန်ယူပြင်ဆင်ခဲ့ရသည့် မုန့်ဟင်းခါးတွင် အဆင့်မြင့်ပစ္စည်းများ အသုံးပြုထားသည် ဆိုလျှင်ပင် အနံ့ အရသာ ဟန်ချက်ညီမျှမှုက အံ့အားသင့်ဖွယ်ရာဖြစ်ရန် အနည်းငယ်မျှ လိုအပ်နေသေးသည်။ သို့သော်လည်း ဝက်သားပေါက်စီ၏ အနံ့အရသာကတော့ တော်တော်လေး ကောင်းပါသည်။ မကြာသေးမီက အစားအစာစာရင်းတွင်  ဖြည့်သွင်းခဲ့သော အုန်းနို့ခေါက်ဆွဲနှင့် ငါးအစာသွပ် မုန့်ကလည်း ကောင်းမည့်ပုံရှိပါသည်။


Rangoon Tea House
အမှတ် - ၇၇၊ ပန်းဆိုးတန်းလမ်း(ကမ်းနားလမ်း ဘလောက်)၊ ပထမထပ်၊ ကျောက်တံတားမြို့နယ်၊
ဖုန်း - ၀၉-၅၁၇၈၃၂၉ 

1 comment:

  1. ပြန်မာ့ သားကောင်းကိုသဘောကျတယ်ဗျာ။ကလိမ်ကကျစ်သတင်းဌာန myutsawmyit ဆိုယင် comment ကိုစီစစ်ပြီးတင်တာဗျ။အစိုးရကိုတော့ သတင်းလွတ်လပ်ခွင့် တဲ့  သူတို့ ကျတော့ စီစစ်ပြီးတင်တယ်။လိမ်ညာဝါဒ
    ဖြန့် တာတွေကို အမှန်တိုင်းေ၇းယင်ဖျက်ပစ်။လူလိမ်တွေ။မြန့် မာ့ သားကောင်းကအရမ်းလွတ်လပ်တယ်သဘောကျတယ်ဗျာ။

    ReplyDelete