Wednesday, February 25, 2015

ခင်ဦးမြို့နယ်တရားသူကြီးအား အလိုမရှိကြောင်းနှင့် မျှတသော တရားစီရင်မှုစနစ် ပေါ်ပေါက်စေရန် ဒေသခံများ ဆန္ဒပြ

ခင်ဦးမြို့နယ်တရားသူကြီးအား အလိုမရှိကြောင်း ဒေသခံများက ဖေဖော်ဝါရီ ၂၄ ရက်တွင် မြို့တွင်းလမ်းများမှ တရားရုံးသို့ ချီတက် ဆန္ဒထုတ်ဖော်ခဲ့ကြ သည်။ ခင်ဦးမြို့နယ် မဒေါင်းကြီးကျေးရွာ ဒေသခံများဦးဆောင်သော ရာဂဏန်းခန့်ရှိ ဆန္ဒထုတ်ဖော်သူများက အဂတိတရားကင်းရှင်းပြီး မျှတသော တရားစီရင်ရေးစနစ်ကို အလိုရှိကြောင်း နှင့် ၎င်းတို့ကျေးရွာမှ ကျောင်းအကျိုးတော်ဆောင်အဖွဲ့ကို မြို့နယ်တရားရုံးက ဒဏ်ငွေရိုက်ခြင်း အပေါ် အဓိက ဆန္ဒထုတ်ဖော်ရခြင်း ဖြစ်ကြောင်း သိရသည်။



ပညာရေးဝန်ကြီးဌာန၏ ခွင့်ပြုချက် တစ်စုံတစ်ရာမပါဝင်ဘဲ မူလတန်းကျောင်းဆောင် ပြောင်းရွှေ့ရန် ကြိုးပမ်းမှုကြောင့် ကျောင်းအကျိုးတော်ဆောင်အဖွဲ့မှ ၁၃ ဦး ကို အကျိုးဖျက်ဆီးမှုဖြင့် ဖေဖော်ဝါရီ ၇ ရက် က မြို့နယ်တရားရုံးတွင် ဒဏ်ငွေ ကျပ် ၁ဝဝဝဝ စီ ပေးဆောင်စေခဲ့ခြင်းအပေါ် ဆန္ဒထုတ်ဖော်ရခြင်းဖြစ်ကြောင်း ဒေသခံများက ပြောကြားသည်။

“ကျောင်းအတွက် မြေနေရာလှူတဲ့သူကို အကျိုးဖျက်ဆီးမှုနဲ့ တရားစွဲဆိုတာပါ။ ဒါက မတရားဘူး။ ကောင်းမွန်အောင်လုပ်တဲ့သူကို ဖျက်ဆီးတယ်ဆိုပြီး အမိန့်ချတာမှာ တရားစီရင်ရေးစနစ်က လွဲချော်နေ တယ်လို့ ကျွန်တော်တို့ပြောချင်တယ်” ဟု ဆန္ဒထုတ်ဖော်သူ မဒေါင်းကြီးကျေးရွာဒေသခံ ဦးသိန်း က ဆိုသည်။

လွန်ခဲ့သောနှစ်ပိုင်းက ဖြစ်ပွားခဲ့သော ခွင့်ပြုချက်မဲ့ မူလတန်းကျောင်း ရွှေ့ပြောင်းခြင်းတွင် ပညာရေးဝန်ကြီးဌာနက တရားစွဲဆိုခြင်း မဟုတ်ကြောင်းနှင့် လက်ရှိတရားစီရင်မှုကို နှစ်ဖက်အမှုရင်ဆိုင်သူများက လုံးဝကျေနပ်မှုမရှိကြောင်း သိရသည်။

“ကျွန်တော်တို့ရွာက မူလတန်းကျောင်းကို ဖျက်ဆီးသွားပြီး သူတို့ရွာဘက်မှာ ကျောင်းရွှေ့ဆောက်တာ။ အဲဒီမှာ ခွင့်ပြုချက်မပါလို့ ပညာရေးဝန်ကြီးဌာနကို တင်ပြတယ်။ သူတို့က အထက်အမိန့်မရလို့ တရားမစွဲဘူး။ ကျွန်တော်တို့ ရွှေကာကျေးရွာဒေသခံတွေက တရားစွဲခဲ့တယ်။ ဒါပေမဲ့ ပြည်သူပိုင်ပစ္စည်း ဖျက်ဆီးမှုနဲ့ အမှုလက်မခံဘဲ အကျိုးဖျက်ဆီးမှုနဲ့ပဲ အမှုဖွင့်ခဲ့တာ။ တိုင်းအထိ အဆင့်ဆင့် တက်ခဲ့ပေမယ့် အမှုပြင်ဆင်မပေးခဲ့ဘူး။ အခု အမိန့်ချမှတ်မှု အပေါ် သူတို့ဘက်က ဆန္ဒထုတ်ဖော်သလို ကျွန်တော်တို့ဘက်ကလည်း ဒီတရားစီရင်ရေးစနစ်ကြောင့် အများကြီးနစ်နာခဲ့ရတယ်”ဟု ရွှေကာကျေးရွာဒေသခံ ဦးအောင်ချစ်ဝင်းက ပြောကြားသည်။

ယခုဖြစ်စဉ်မှာ ဌာနဆိုင်ရာများ၏ တာဝန်လစ်ဟင်းမှုကြောင့် အဓိကဖြစ် ပွားရခြင်းဖြစ်ပြီး ယခင်နှစ်ကလည်း ခင်ဦးမြို့နယ် တရားရုံးနှင့် အုပ်ချုပ်ရေး ပိုင်းကို ဒေသခံများက ဆန္ဒပြခဲ့ကြသည်။

“ပညာရေးဝန်ကြီးဌာနက ခွင့်ပြုမိန့် မပေးပေမယ့် တရားမစွဲဘူးဆိုတော့ ခွင့်ပြုပေးသလို ဖြစ်တာပေါ့။ သူတို့ ခွင့်ပြုပေးရင်တော့ အကျိုးဖျက်ဆီးမှု မမြောက်တော့ဘူးလေ။ ဝန်ထမ်းတွေက ကိုယ့်အလုပ် ကိုယ့်တာဝန် ကိုယ်မသိဘဲ အထက်ကခိုင်းတာပဲ လိုက်လုပ်နေကြလို့ ဒီလိုပြဿနာတွေ ဖြစ်ရတာပါ”ဟု ခင်ဦးမြို့ခံ တက်ကြွလှုပ်ရှားသူတစ်ဦးက သုံးသပ်သည်။

ဆန္ဒပြသူများသည် နိုင်ငံတော်အလံများကို ကိုင်ဆောင်ကာ ချီတက်ခဲ့ကြပြီး တရားဝင်ခွင့်ပြုမိန့်ဖြင့် ပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။

ခင်ဦးမြို့နယ်တွင် အစိုးရဌာနများနှင့် ပတ်သက်ပြီး မကြာခဏ အငြင်းပွား ဖွယ်ဖြစ်ရပ်များ ပေါ်ပေါက်နေကြောင်းနှင့် တရားစီရင်ရေးအပေါ် အုပ်ချုပ်ရေးပိုင်းက ဝင်ရောက်လွှမ်းမိုးမှုများရှိကြောင်း ဒေသခံများက ပြောကြားသည်။  

Eleven Media Group

No comments:

Post a Comment