Wednesday, February 4, 2015

SB နှင့် စသုံးလုံးကို သမ္မတရုံး လက်အောက်ပြောင်းရန် ညွန်ကြားခြင်း မရှိသေးဟု ပြည်ထဲရေး ဒုဝန်ကြီးဆို

ပြည်ထဲရေး ဝန်ကြီးဌာနအောက်ရှိ သတင်းတပ်ဖွဲ့ (SB) နှင့် အထူးစုံစမ်း စစ်ဆေးရေးအဖွဲ့ (စစစ) တို့ကို သမ္မတရုံး လက်အောက်သို့ ပြောင်းရွှေ့ပြီး အဖွဲ့နာမည်နှင့် လုပ်ငန်းစဉ် အသစ်များဖြင့် ပြင်ဆင် ဖွဲ့စည်းရန် ညွန်ကြားထားခြင်း မရှိသေးကြောင်း ပြည်ထဲရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ် ကျော်ကျော်ထွန်း က ပြောကြားသည်။

ဖေဖော်ဝါရီလ ၃ ရက်နေ့တွင် ပြုလုပ်သော အမျိုးသားလွှတ်တော် အစည်းအဝေးအပြီး သတင်း မီဒီယာများနှင့် တွေ့ဆုံစဉ် ၎င်းက အထက်ပါအတိုင်း ပြောကြားခြင်း ဖြစ်သည်။

နိုင်ငံတော်သမ္မတရုံး လက်အောက်သို့ ပြည်ထဲရေး ဝန်ကြီးဌာန လက်အောက်ရှိ သတင်းတပ်ဖွဲ့ (SB) နှင့် စသုံးလုံး တပ်ဖွဲ့ဝင်များကို ပြောင်းရွှေ့ ဖွဲ့စည်းရန် လက်ရှိအချိန်ထိ ညွှန်ကြားချက် ရောက်ရှိခြင်း မရှိသေးဘဲ ပြည်ထဲရေး ဝန်ကြီးဌာန တာဝန်ရှိသူများ အနေနှင့် ယင်းအကြောင်းအရာများ မသိရှိသေးကြောင်း ၎င်းကဆိုသည်။



“ကျွန်တော်တို့အနေနဲ့ အရင်ကတည်းက နိုင်ငံတော် သမ္မတရုံးကို မြန်မာနိုင်ငံ ရဲတပ်ဖွဲ့တို့၊ အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့၊ SB တို့ကို လုပ်ငန်းသဘောအရ တွဲပေးတာတွေ ရှိတာပေါ့၊ အဲဒီလို သီးခြားဖွဲ့စည်းမယ် ဆိုတာတော့ ကိုယ်တို့ဆီကို ညွှန်ကြားချက် ဝင်မလာဘူး။ ဘယ်သူတွေ ပါတယ်၊ ဘာတွေလုပ်မယ် ဆိုတာလည်း ကိုယ်တို့တွေ မသိဘူး၊ ပြည်ထဲရေး ဝန်ကြီးဌာနအနေနဲ့ လက်ရှိအချိန်ထိ ပြောင်းလဲမှု မရှိပါဘူး” ဟု ၎င်းကဆိုသည်။

ထို့အပြင် ပြည်ထဲရေး ဝန်ကြီးဌာန လက်အောက်ရှိ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနများကို သမ္မတရုံး လက်အောက်သို့ ပြောင်းရွှေ့မည်ဆိုသည့် သတင်းမှာလည်း မဟုတ်မှန်ကြောင်း ၎င်းကထပ်လောင်း ပြောကြားသည်။

ထို့အပြင် သတင်းတပ်ဖွဲ့ SB အရာရှိ တစ်ဦးကလည်း “ကောလာဟလ သတင်းတွေပဲ ထွက်တာ ရှိပါတယ်၊ လက်ရှိ အချိန်အထိ အတည်ပြုချက် မရှိပါဘူး” ဟု ပြောကြားသည်။

တပ်မတော် အစိုးရလက်ထက်တွင် လုံခြုံရေး လုပ်ငန်းများကို တပ်မတော် ထောက်လှမ်းရေးအဖွဲ့က အဓိက လုပ်ကိုင်ခဲ့သော်လည်း ဗိုလ်ချုပ်ကြီး ခင်ညွှန့် ထိန်းသိမ်း ခံရပြီးနောက်တွင် တပ်မတော် ထောက်လှမ်းရေးအဖွဲ့ ဖျက်သိမ်းခဲ့သည်။

ယင်နောက်မှ စတင်ကာ လုံခြုံရေး ကိစ္စရပ်များကို တာဝန်ယူ ဆောင်ရွက်နေသော သတင်းတပ်ဖွဲ့ (SB) နှင့် အထူးစုံစမ်းစစ်ဆေးရေး အဖွဲ့အစည်းများကို နိုင်ငံတော်သမ္မတရုံး လက်အောက်သို့ ပြောင်းလဲ ဖွဲ့စည်းမည် ဖြစ်ကြောင်း ဇန်နဝါရီလအတွင်း ပြည်တွင်းမီဒီယာ အချို့တွင် ဖော်ပြခဲ့ခြင်း ဖြစ်သည်။

The Voice Weekly

No comments:

Post a Comment