Saturday, March 7, 2015

ဥပဒေနှင့်မညီဘဲ ဆန္ဒပြသူများအား ရဲတပ်ဖွဲ့ အသုံးပြု ဖြိုခွင်းလျှင် အပြစ်ပြော မည် မဟုတ်ဟု ဆို

မတ်လ ၅ ရက်နေ့ ဆူးလေတွင် ဖြစ်ပွားခဲ့သော ဖြစ်စဉ်အရ နောင်တွင် ဆန္ဒပြသူများအား ဖြိုခွင်းခြင်း၊ ဖမ်းဆီးခြင်းများ ပြုလုပ်ပါက ရဲတပ်ဖွဲ့ကိုသာ အသုံးပြုရန် ပြည်သူများက တောင်းဆိုလိုက်ကြောင်း၊ ထိုသို့ တာဝန်ရှိသူ ရဲတပ်ဖွဲ့ က သာ ရှင်းလင်းခြင်း ပြုလျှင် အပြစ်ပြောမည် မဟုတ်ကြောင်း သိရှိရသည်။
“ဥပဒေမဲ့ ဆန္ဒပြတယ်။ သတိပေးတယ်။ ဖမ်းတယ်။ လက်ခံပါတယ်။ ဒါပေမယ့် လက်ပတ်အနီတွေနဲ့ အရပ်သား တွေ ကို မသုံးသင့်ဘူး။ ရဲတပ်ဖွဲ့ကပဲ လုပ်ရမယ်။ ရဲက ဖမ်းတယ်၊ ဖြိုခွင်းတယ် ဆိုရင် လက်ခံ ပါတယ်” ဟု ၈၈ မျိုးဆက်မှ ကိုကိုကြီးက သတင်းစာရှင်းလင်းပွဲတွင် ပြောကြားလိုက်သည်။

ဥပဒေနှင့်မညီသော ဆန္ဒပြမှုများကို ရှင်းလင်းရမည်မှာ ရဲတပ်ဖွဲ့၏ တာဝန် သာ ဖြစ်ကြောင်း၊ အရပ်သားများကို အသုံးပြုခြင်းကြောင့် ရှုပ်ထွေးမှုများ ဖြစ်ပေါ်လာနိုင်ကြောင်း၊ ရဲတပ်ဖွဲ့ကသာ ကိုင်တွယ်ဖြေရှင်းလျှင် အပြစ်ပြောမည် မဟုတ်ကြောင်း ယင်းသတင်းစာရှင်းလင်းပွဲ၌ ပြောကြား ခဲ့သည်။
အလားတူ သတင်းမီဒီယာသမားတစ်ဦးကလည်း “ရန်ကုန်မှာ ဆူပူမှုတွေ မဖြစ်အောင် ဖမ်းရတယ် ဆီးရတယ် ဆိုတာ မှန်ပါတယ်။ အရပ်သားတွေကို ဖမ်းခိုင်းတာတော့ ဒီမိုကရေစီခေတ်ကြီးမှာ မရှိသင့်တော့ဘူး။ ရဲတပ်ဖွဲ့က ဖမ်းဆီးတယ် ဆိုရင် လက်ခံပါတယ်။ ရဲတပ်ဖွဲ့ကပဲ တာဝန်ယူသင့်တယ်” ဟု ပြောသည်။
“ဥပဒေမဲ့ ဆန္ဒပြနေတာတွေ အကြိမ်ကြိမ်သတိပေးသော်လည်း မလိုက် နာဘူး။ ဒီတော့ ကျွန်တော်တို့ ဘက်မှာလည်း လုပ်ရကိုင်ရတာ ခက်ခဲပါ တယ်။ ရဲတပ်ဖွဲ့ဝင်ပြန်ရင်လည်း အင်အားသုံးတယ်၊ အကြမ်းဖက်ပါတယ် ပြောကြဦးမယ်။ ဘာလုပ်လုပ် ဝေဖန်တာတွေကနေ လွတ်မယ် မထင်ပါဘူး။ အခုတော့ နိုင်ငံရေးအဖွဲ့အစည်း တွေကရော ပြည်သူတွေကပါ ရဲတပ်ဖွဲ့ ကပဲ တာဝန်ယူဖြေရှင်းဖို့ တောင်းဆိုလာကြတဲ့ အတွက် နောင်မှာ ဖြစ်ပေါ်လာတဲ့ ဥပဒေမဲ့ ဆန္ဒပြမှုတွေကို ရဲတပ်ဖွဲ့သုံးပြီး ဖြေရှင်းသွားပါ့မယ်။ ဒီနေ့ ကြေးသွန်း ဘုရားကြီးမှာ ဆန္ဒပြဖို့ စည်းရုံးနေတာ တွေ့ရပါတယ်။ အဲဒီအဖွဲ့ကိုလည်း ကျွန်တော်တို့ ဥပဒေနဲ့အညီ လုပ်ဖို့ သတိပေးမှာပါ။ ဒီလို သတိပေးပြီး မေတ္တာရပ်ခံလို့ မရတော့ဘူး။ ဆက်ပြီး လုပ်လာမယ် ဆိုရင်တော့ ကျွန်တော်တို့ ဖမ်းဆီးတာတွေ လုပ်ရတော့မှာပါ။ ဒီတစ်ကြိမ် မှာတော့ ရဲတပ်ဖွဲ့နဲ့ပဲ လုပ်သွားမှာပါ။ အားလုံးက လိုလားနေတဲ့အတိုင်း၊ အားလုံးက တောင်းဆိုကြတဲ့ အတိုင်း ဥပဒေနဲ့မညီညွတ်တဲ့ ဆန္ဒပြမှုတွေကို ရဲတပ်ဖွဲ့နဲ့ပဲ နှိမ်နင်းခြင်း၊ ဖြိုခွင်းခြင်း၊ ဖမ်းဆီးခြင်း၊ လူစုခွဲခြင်းတွေ ဆောင်ရွက်မှာပါ။ ဒီလို လုပ်တဲ့အခါမှာတော့ အားလုံးရဲ့ တောင်းဆိုချက် အတိုင်း လုပ်ကိုင်ရတာ ဖြစ်တဲ့ အတွက် နားလည်ပေးဖို့ မျှော်လင့်ပါတယ်” ဟု ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ အရာရှိကြီးတစ်ဦးက ပြောကြား သည်။
သတင်းမီဒီယာများနှင့် ပြည်သူများအကြားတွင် တရားဥပဒေနှင့် မညီ ညွတ်သော ဆန္ဒပြမှုများကို ရဲတပ်ဖွဲ့ဖြင့်သာ ဆောင်ရွက်ရန် တိုက်တွန်း မှုများကို အလေးထား ဆောင်ရွက်မည် ဖြစ်ကြောင်း၊ လူအုပ်စုများကို ဖြိုခွင်းရာတွင် ရဲတပ်ဖွဲ့အင်အား အလုံအလောက်ဖြင့် စနစ်တကျ ဆောင် ရွက်သွားမည် ဖြစ်ကြောင်း ၄င်းက ပြောသည်။
ယမန်နေ့က ဖမ်းဆီးခဲ့သူ အားလုံးကို ယနေ့ နံနက်ပိုင်းတွင် ပြန်လွှတ်ပေး ခဲ့ကြောင်း သိရှိရသည်။
Myanmar Liberal Nationalist

No comments:

Post a Comment