Tuesday, March 24, 2015

ပင်မကျောင်းသားသပိတ် ဖြိုခွဲခံရပြီးနောက် ဖမ်းဆီးခံထားရသည့် ကျောင်းသားများနှင့် ၀န်းရံသူများအပေါ် လွတ်လပ်မျှတသည့် တရားစီရင်ရေးရရှိရန် နယ်ပယ်အသီးသီးမှ တောင်းဆို



မတ် ၁၁ ရက်ညက ကျောင်းသားများကို အချုပ်ကားဖြင့် ရုံးထုတ်လာသည်ကို တွေ့ရစဉ် 

လက်ပံတန်းတွင် ဖမ်းဆီးခံထားရသည့် ကျောင်းသားများနှင့် ဝန်းရံသူများကို မတ် ၂၅ ရက်တွင် ဒုတိယအကြိမ် ရုံးထုတ်မည်ဖြစ်ပြီး ၎င်းတို့အပေါ်တွင် လွတ်လပ်မျှတသည့် တရားစီရင်ရေးရရှိရန် လိုလားကြောင်း နယ်ပယ်အသီးသီးမှ တောင်းဆိုခဲ့ကြသည်။

ဒီမိုကရေစီပညာရေး ပင်မသပိတ် စစ်ကြောင်းအား ရဲတပ်ဖွဲ့ဝင်များက မတ် ၁ဝ ရက်က အကြမ်းဖက်ဖြိုခွင်းခဲ့ပြီး မတ် ၁၁ ရက်က လက်ပံတန်းမြို့နယ် တရားရုံး၌ ပထမအကြိမ် ရုံးထုတ်ခဲ့သည်။ ဖမ်းဆီးခံထားရသူများအတွက် ဥပဒေကြောင်းအရ ရှေ့နေလိုက်ခွင့် ရရှိရန်အတွက် ရှေ့နေများက လျှောက်ထားခဲ့သော်လည်း ရရှိခဲ့ခြင်းမရှိခဲ့ဘဲ မတ် ၂၅ ရက် ဒုတိယအကြိမ်တွင် ထပ်မံလျှောက်ထားမည်ဖြစ်ပြီး ဖမ်းဆီးခံကျောင်းသားများနှင့် ဝန်းရံသူများကို လွတ်လပ်မျှတသည့် တရားစီရင်ရေး ရရှိရန်အတွက် နယ်ပယ်အသီးသီးမှ တောင်းဆိုလိုက်ခြင်းဖြစ်သည်။

ဒဂုံတက္ကသိုလ် ကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌ ကိုနန်းလင်းက “အဖမ်းခံထားပြီးတဲ့နောက်မှာ သူတို့ကို ထောင်ဝင်စာရဖို့လည်း မလွယ်။ ရှေ့နေတွေနဲ့လည်း တွေ့ခွင့်မရခဲ့ဘူး။ ဒါမျိုးတွေကလည်း ရှိတယ်ဆိုတော့ ဒီဖြစ်စဉ်ကို ပြန်ကြည့်မယ် ဆိုရင်တော့ သူတို့အတွက် လွတ်လပ်တဲ့ တရားစီရင်မှုရရှိဖို့က ခဲယဉ်းမယ်လို့တော့ ကျွန်တော်တို့ထင်တယ်။ ကျွန်တော်တို့ကတော့ လောလောဆယ် စာမေးပွဲရှိနေတဲ့အတွက် ကြိုးပမ်းမှုခက်ခဲမှု ရှိနေပေမယ့် လွတ်လပ်တဲ့ တရားစီရင်ရေး ရရှိဖို့အတွက်ကတော့ စောင့်ကြည့်နေမှာ ဖြစ်ပါတယ်” ဟု ပြောကြားသည်။

ထို့ပြင် ဖမ်းဆီးခံထားရသူများကို ညပိုင်းရုံးထုတ်ခဲ့သည့် အပေါ်တွင်လည်း ဝေဖန်မှုများရှိနေပြီး အဆိုပါဖြစ်စဉ်မှာ အုပ်ချုပ်ရေးမှ တရားစီရင်ရေး၏ အပေါ်တွင် လွှမ်းမိုးနေသကဲ့သို့ ဖြစ်နေကြောင်း သုံးသပ်မှုများရှိသည်။

တရားလွှတ်တော်ရှေ့နေ ဦးသိန်းသန်းဦးက “ကျွန်တော့် တစ်သက်နဲ့တစ်ကိုယ် ညပိုင်းရုံးထုတ်တာ မမြင်ဖူးဘူးဗျ။ ကျွန်တော်တို့လည်း ကျောင်းသားဘဝက အဖမ်းခံခဲ့ရဖူးပါတယ်။ ဦးခင်ညွန့်ခေတ်ကလည်း ကျွန်တော်တို့ အထူးအကျဉ်းသား အနေနဲ့ အဖမ်းခံခဲ့ရဖူးပါတယ်။ အဲဒီလိုညအချိန် ရုံးထုတ်တာတော့ မတွေ့ဖူးပါဘူး” ဟု ပြောကြားသည်။

ဒီမိုကရေစီ ပညာရေး သပိတ်စစ်ကြောင်း ပင်မမှ ကျောင်းသားများနှင့် ဝန်းရံသူများကို လက်ပံတန်းမြို့နယ် တရားရုံး၌ ပုဒ်မ ၁၄၃၊ ၁၄၇၊ ၃၃၂နှင့် ပုဒ်မ၅ဝ၅(ခ) ဖြင့် ရုံးတင်ခဲ့ခြင်းဖြစ်သည်။

ထို့ပြင် “ကျောင်းသားတွေရဲ့ ရည်ရွယ်ချက်က တိုင်းပြည်ပုန်ကန်တာ မဟုတ်ဘူး။ လူသတ်တာ မဟုတ်ဘူး။ အမျိုးသားပညာရေးကို ကောင်းသထက်ကောင်းအောင် ဝိုင်းဝန်းဆန္ဒပြုတာပါ။ အဲဒီမှာ လုပ်မှားကိုင်မှား ရှိကောင်းရှိပါမယ်။ အဲဒါကိုလည်း ကိုယ့်ဘက်က အမှားနဲ့သူ့ဘက်က အမှားကို သင်ပုန်းချေ၊ ရောက်တဲ့နေရာမှာ ခွင့်လွှတ်တတ်တဲ့ စိတ်ထားဖို့ လိုပါတယ်။ ဒါကြောင့်ကလေးတွေကို ဆက်ပြီး တရားမစွဲစေချင်ပါဘူး။ ကျောင်းသားတွေကို မိသားစုနဲ့ တွေ့ခွင့်မပေးဘူးဆိုတာ အခွင့်အရေးတွေ ဆုံးရှုံးတယ်။ အဲဒါလူတွေရဲ့ကျင့်ဝတ် နိုင်ငံသားတို့ရဲ့ အခွင့်အရေးကို ချိုးဖောက်ရာ ရောက်တဲ့အတွက် ဒါတွေကိုလည်း ဆက်မလုပ်သင့်ဘူးလို့ ထင်ပါတယ်။

အကြမ်းဖက်မှုနဲ့ ပတ်သက်ပြီး လက်နက်ကိုင် ရဲတပ်ဖွဲ့က အဲဒီလိုမလုပ်သင့်ဘူး။ ကိုယ်ထိလက်ရောက် ရိုက်နှက်တာမျိုး ဥပဒေ ကခွင့်မပေးဘူး။ အကြမ်းဖက်ဖြိုခွင်းတာကတော့ တစ်ဖက်မှာ ဥပဒေကို ချိုးဖောက်ရာ ရောက်သလို ကျောင်းသားတွေကလည်း ခွင့်ပြုချက်မယူဘဲ စီတန်းလှည့်လည်တဲ့အတွက် သူတို့လည်း ပြစ်မှုမကင်းကြပါဘူး။ အကောင်းဆုံးကတော့ သင်ပုန်းချေဖို့ ကောင်းတယ်။ ဘာလို့လဲဆိုတော့ ၂ဝ၁၅ ရွေးကောက်ပွဲကလည်း နီးနေပြီ။ နိုင်ငံရေးတည်ငြိမ်ဖို့ လိုနေပြီ။ ဒါကြောင့် တစ်ဖက်နဲ့တစ်ဖက် မုန်းတီးမယ့် အာဃာတတွေ ရပ်ကြပါလို့ နိုင်ငံတော်ဘက်ကိုရော ကျောင်းသားတွေဘက်ကိုရော မေတ္တာရပ်ခံချင်ပါတယ်” ဟု တရားလွှတ်တော်ရှေ့နေ တစ်ဦးဖြစ်သူ ဦးခင်ဇော်ကလည်း တိုက်တွန်းခဲ့သည်။

တက်ကြွလှုပ်ရှားသူများနှင့် ပြည်တွင်း အဖွဲ့အစည်း အချို့မှလည်း ဖမ်းဆီးခံထားရသော ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ ခေါင်းဆောင်များနှင့် လက်ပံတန်းဖြစ်စဉ်တွင် ဖမ်းဆီးခံထားရသူများကို တရားစီရင်ရာ၌ လွတ်လပ်မျှတမှုရှိစေရန် တောင်းဆိုမှုများ ပြုလုပ်ခဲ့ကြသည်။

၈၈ မျိုးဆက် (ငြိမ်း/ပွင့်)မှ မနီလာသိန်းက “လွတ်လပ်ပြီးတော့ တရားမျှတတဲ့ တရားစီရင်ရေးပေါ့  ပွင့်လင်းမြင်သာမှု ရှိဖို့ကတော့ အဓိကလိုအပ်တယ်။ အဲဒီအတွက် ကျွန်မတို့အနေနဲ့ တာဝန်ရှိတဲ့သူတွေကို ပြီးခဲ့တဲ့အပတ်က ပြောခဲ့ပါတယ်။ အဖမ်းခံထားရတဲ့ သူတွေရဲ့ မိသားစုတွေနဲ့ တွေ့ခွင့်ပေးရမယ်။ ရှေ့နေတွေနဲ့လည်း တွေ့ခွင့်ပေးရမယ်။ အဲဒီလိုမဟုတ်ဘဲ အဲဒီအပေါ်မှာ တားဆီးပိတ်ပင်မှုတွေ ရှိနေမယ်ဆိုရင် တကယ်ကို ပုံပျက်ရုပ်ဆိုး ပါလိမ့်မယ်။ ပွင့်လင်းမြင်သာတဲ့ တရားစီရင်ရေးဖြစ်ဖို့ လိုအပ်ပါလိမ့်မယ်” ဟု ပြောကြားသည်။

သပိတ်မှောက် ကျောင်းသား/သူများနှင့် ဝန်းရံသူများကို ဖမ်းဆီးချုပ်နှောင်ထားသည့် မတ် ၁ဝ ရက်မှစတင်ကာ မိသားစုဝင်များနှင့် တွေ့ဆုံခွင့်မပေးဘဲ မတ် ၂ဝ မှသာ ထောင်ဝင်စာ တွေ့ခွင့်ပေးခဲ့သည်။ ဖမ်းဆီးခံထားရသည့် ကျောင်းသားများနှင့် ဝန်းရံသူများအနက် အချို့ကို ပြန်လွှတ်ပေးခဲ့သော်လည်း သာယာဝတီ အကျဉ်းထောင်တွင် လက်ပံတန်းဖြစ်စဉ်နှင့် ပတ်သက်ပြီး ဖမ်းဆီးခံထားရသူ အနည်းဆုံး ၁ဝဝ ခန့်ရှိနေပြီး မတ် ၂၅ ရက်တွင် လက်ပံတန်းမြို့နယ် တရားရုံး၌ ဒုတိယအကြိမ် ရုံးထုတ်မည်ဖြစ်သည်။

ဒဂုံတက္ကသိုလ် ကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌ ကိုနန်းလင်းက “ကျွန်တော်ပဲ ဗဟုသုတနည်းလို့လား မသိဘူး။ ညပိုင်းရုံးထုတ်တာကို မမြင်ဖူး၊ မကြားဖူးသေးဘူး။ ကျွန်တော်ထင်တယ်။ အဲဒါက ဘာကိုဖော်ပြ နေသလဲဆိုရင် တရားစီရင်ရေးသည် လွတ်လွတ်လပ်လပ် မရှိဘဲနဲ့ အုပ်ချုပ်ရေးပိုင်းရဲ့ ဝင်ရောက်စွက်ဖက်မှုကို ခံနေရတယ်။ ဒါကရုံးချိန်လည်း မဟုတ်ဘူး။ အုပ်ချုပ်ရေးပိုင်းက ဒီအချိန်လုပ်မယ်ဆိုရင် တရားစီရင်ရေးက လိုက်လုပ်ပေးနေတဲ့ သဘောဖြစ်နေတယ်။ တရားစီရင်ရေး မဏ္ဍိုင်က အုပ်ချုပ်ရေးမဏ္ဍိုင်ရဲ့အောက်ကို ရောက်နေတယ်လို့ပဲ ကျွန်တော်တို့ မြင်တယ်” ဟု သုံးသပ်သည်။

လက်ပံတန်းဒေသခံ တစ်ဦးကလည်း “ကျောင်းသားတွေရော ဝန်းရံတဲ့သူတွေကိုပါ တရားမျှတမှု ရစေချင်တယ်။ အနည်းဆုံးတော့ ဒီကိစ္စမှာ ဥပဒေနဲ့အညီ ဖြစ်သင့်တယ်။ အာမခံပေးလို့ရတဲ့ အမှုကိုအာမခံပေးရမယ်။ ဥပဒေနဲ့အညီ ခုခံချေပပိုင်ခွင့်နဲ့ အများအရှေ့မှာ ကြားနာခွင့်ပေးရပါမယ်။ တရားစီရင်ရေးကမှ ဥပဒေနဲ့အညီ မကျင့်သုံးရင် ကျွန်တော်တို့ ပြည်သူတွေ ဘယ်လိုနေရမလဲ အမြဲအနိုင်ကျင့် ခံနေရလိမ့်မယ်။ ဥပဒေမဲ့လုပ်ခဲ့တဲ့ ရဲတွေကိုလည်း ဥပဒေနဲ့အညီ အရေးယူပါ။ ဥပဒေဆိုတာ ပြည်သူကို ကာကွယ်ဖို့ပါ။ ဥပဒေကို ပြည်သူကို ပြန်ဖိနှိပ်ဖို့ပဲသုံးနေရင် ဒါဥပဒေမဟုတ်ဘူး” ဟု ပြောကြားသည်။

“ကျောင်းသားတွေအနေနဲ့ လွတ်လပ်တဲ့ တရာစီရင်ရေးဖြစ်မှ ဘယ်သူမှဝင်ရောက် စွက်ဖက်ခွင့်မရမှ တတ်နိုင်သမျှ ဥပဒေက တရားဥပဒေစိုးမိုးမှာ။ နောက်တစ်ခုက ခုခံချေပခွင့် ရရှိရမယ်။ ခုခံချေပခွင့်ဆိုတာ ရှေ့နေလိုက်ခွင့်ပေးတာနဲ့ ခုခံချေပခွင့်ပေးတာ မဟုတ်ဘူး။ ရှေ့နေက မလိုက်ခင် အဲဒီရှေ့နေနဲ့ တရားခံက တွေ့ခွင့်ရှိရမယ်။ လုံလောက်တဲ့ အချိန်ပေးရမယ်။ သက်သေတွေကို ရုံးကအပြည့်အစုံ လက်ခံရမယ်။ လျှောက်လဲချက်ကိုလည်း လက်ခံရမယ်။ ကျောင်းသားတွေ အနေနဲ့ အဲဒီအခွင့်အရေးတွေ ရသင့်တယ်။ ပြစ်ဒဏ်ပိုင်းမှာ ကောင်းတဲ့ရည်ရွယ်ချက်နဲ့ လုပ်ရင်ပြစ်ဒဏ် ပေးဖို့ထက် အကျင့်စာရိတ္တ ပိုင်းပြုပြင်ဖို့လောက်ပဲ ဆုံးဖြတ်သင့်တယ်” ဟု အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပြောရေးဆိုခွင့်ရှိသူ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမြင့်က ပြောကြားသည်။

ကျောင်းသားသပိတ် စစ်ကြောင်းနှင့် ထောက်ခံသူများကို အကြမ်းဖက်ရိုက်နှက်ဖြို ခွင်း အကျဉ်းချခဲ့ခြင်းကို  နယ်ပယ်အသီးသီးမှ ကန့်ကွက်ရှုတ်ချခဲ့ပြီး အမေရိကန်အပါဝင် နိုင်ငံတကာမှလည်း ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချ ခဲ့ကြသည်။ ထို့ပြင် ဖမ်းဆီးခံ ကျောင်းသားများနှင့် ဝန်းရံသူများ ပြန်လည်လွတ်မြောက် ရေးအတွက် ဆုတောင်းဆန္ဒပြပွဲများကို မြန်မာနိုင်ငံအနှံ့ မြို့များတွင်သာမက နိုင်ငံတကာရောက် မြန်မာများကပါ ပြုလုပ်ခဲ့ကြသည်။

Eleven Media Group 

No comments:

Post a Comment