Tuesday, March 24, 2015

တရုတ်နိုင်ငံ သစ်ခိုးဂိုဏ်းတစ်ခုက ရှမ်းပြည်နယ်မြောက်ပိုင်း ရွှေလီမြစ်ဝန်းကျင် သစ်တောကြိုးဝိုင်းများနှင့် ကသာခရိုင်မှ အဖိုးတန်သစ်များကို မတ်လဆန်းကတည်းက နေ့စဉ် ခိုးထုတ်နေ


တရုတ်နိုင်ငံ သစ်ခိုးဂိုဏ်းတစ်ခုသည် ရှမ်းပြည်မြောက်ပိုင်း ရွှေလီမြစ်နံဘေးရှိ ကြိုးဝိုင်းသစ်တောများ၊ ကသာခရိုင်ဘက်မှ အဖိုးတန်သစ်များကို ၂ဝ၁၅ ခုနှစ် မတ်လဆန်းပိုင်းကတည်းက နေ့စဉ် ခိုးထုတ်နေကြောင်း ဒေသခံများ၊ သစ်လုပ်ငန်းတွင် ပါဝင်သူများက ပြောကြားသည်။

သစ်များအဓိက ထုတ်ယူသည့် နေရာမှာ ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲခရိုင် မိုးမိတ်မြို့နယ် မဘိမ်းမြို့နယ် အတွင်းရှိ သစ်တောကြိုးဝိုင်းအတွင်းမှ ဖြစ်ကြောင်း၊ ယင်းသစ်များကို ကချင်ပြည်နယ် မံစီမြို့နယ် နန့်ဟန်ကျေးရွာ အရှေ့ဘက် နှစ်မိုင်ခန့်အကွာရှိ နန်ကောက်ရွာကွင်းနှင့် မဘိမ်းမြို့နယ် ဆူးပုတ်တော ကြိုးဝိုင်းအတွင်း လဝါကျေးရွာနှင့် ကပ်လျက် လေယာဉ်ကွင်းဟောင်း ကျေးရွာတို့တွင် စုပုံဖြတ်တောက်ပြီး တရုတ်နိုင်ငံ နန်တောင်းမြို့သို့ လမ်းကြောင်းငါးသွယ်ဖြင့် သယ်ဆောင်နေကြောင်း သိရသည်။

ထိုလုပ်ငန်း လုပ်ကိုင်ခဲ့သူများက “ရှမ်းပြည်မှာရော ကချင်ပြည်နယ်မှာပါ တပ်မတော်တပ်ရင်းတွေ အများကြီး ဖြတ်ရတယ်။ ဘယ်လောက်ပေးရတယ် ဆိုတာကတော့ ပေးတဲ့လူပဲ သိတယ်။ ခလရတပ်ရင်း၊ ဗန်းမော် စခကလက်အောက်ခံ တပ်ရင်းတွေ၊ မြောက်ပိုင်းတိုင်း လက်အောက်ခံ တပ်ရင်းတွေ ရင်းပေါင်း ၂ဝ ဝန်းကျင် ရှိမယ်။ ရွှေလီမြစ်ကူးရင် တရုတ်ရောက်တဲ့လမ်း ရှိတယ်။ အများစုက ကေအိုင်အေစခန်းရှိတဲ့ အင်ဘာပါကနေ ဖြတ်ကြတာ။ ကျွန်တော်တို့ သိသလောက် ငါးလမ်းရှိတယ်။ တစ်ရက်ကို အစီး ၆ဝ လောက် ဖြတ်တယ်။ ဒီမတ် ၃ ရက်မှ စဝင်လာကြတာ။ ခုတ်ထားတာတော့ တန်ချိန်သောင်းဂဏန်းလို့ ပြောရမယ်။ မရေနိုင်ဘူး။ သစ်တင်ကား အစီး ၂ဝဝ ကျော်မယ်။ ဘက်ဟိုးက ဆယ်စီးကျော်တယ်။ မြေတူးမြေကော်စက်၊ သစ်တင်ယာဉ်က ၁၅ စီးလောက် ရှိတယ်။ တရုတ် အလုပ်သမားတွေလည်း ရာချီနေတာ။ ၂ဝ၁၄ ပွင့်လင်းရာသီလို နေရာတိုင်းမှာဖြစ်တာ မဟုတ်ဘူး။ ကွက်ကြားဖြစ်တာ။ ၂ဝ၁၅ ခုနှစ်က ၂ဝ၁၄ လောက်တော့ သစ်ခိုးတာမများဘူးလို့ ယူဆရတယ်။ ဒီနှစ်က လမ်းဖောက်တာက ဖေဖော်ဝါရီ ကတည်းကပဲ။ ဒါပေမဲ့ အဝင်နောက်ကျတယ်” ဟု ဆိုသည်။

ယင်းသစ်မှောင်ခိုဂိုဏ်းကို ဒေသခံများက BDY သစ်ခိုးဂိုဏ်းဟုခေါ်ပြီး တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွင် သယ်ဆောင်ခွင့်လက်မှတ်ကို တရုတ်ယွမ်ငွေ သိန်း ၄ဝဝ (မြန်မာကျပ်ငွေ ကျပ်သိန်းပေါင်း ခြောက်သောင်းကျော်)ဖြင့် လေလံယူထားသူများဖြစ်ပြီး လေလံရရှိသူများမှာ တိုင်းရင်းသားခေါင်းဆောင်ပိုင်းနှင့် နီးစပ်သူဖြစ်ကြောင်း ၎င်းတို့၏ ပြောကြားချက်အရ သိရသည်။

ခုတ်ယူရရှိသည့် ရွှေလီမြစ်နံဘေးမှ အဖိုးတန်သစ်များကို လမ်းကြောင်းငါးခုဖြင့် တရုတ်နိုင်ငံ နန်တောင်းမြို့သို့ နေ့စဉ်သယ်ယူနေကြောင်း သိရသည်။ ယင်းလမ်းကြောင်းများမှာ ရှမ်းမြောက်ဒေသ မိုးမိတ်မြို့ အရှေ့မြောက်ဘက် ၃၆ မိုင်ခန့်အကွာ မြစ်ဆုံရွာ-မိုးလုံရွာ-ကြူဆာ-ငရဲ-မန်တုံ-ရေပုံးကြီး ယင်းမှ မိုင် ၂ဝ ကျော်ကွာ မုံဝီး၊ ယင်းမှ ၁၅ မိုင်ခန့်ကွာ နန်ခမ်မြို့မှ ရွှေလီမြစ်ကို ဇက်ကူး၍ တရုတ်နိုင်ငံ နောက်တောင်းမြို့သို့ လည်းကောင်း၊ မိုးမိတ်မြို့နယ် ရွှေလီမြစ်နှင့် နမိတ်ချောင်းဆုံရာ မြစ်ဆုံရွာ-ပဟဲရွာ-မလိုင်ကုန်းရွာ-မဘိမ်းမြို့နယ် ပင်ကြိမ်ရွာ-စီပိန်းရွာ-တုံဟုံရွာ-စအူရွာ ကချင်ပြည်နယ် မံစီမြို့နယ် နန့်ဟန်ရွာ-ကောင်လွင်ရွာ-စည်ခမ်းကြီးရွာ-စီသော်-သံတံတား-မန်သာ-မိုင်းခေါင်-ခပ်ပရာ-အင်ဘာပါရွာမှ တရုတ်နိုင်ငံ နန်တောင်းမြို့သို့ လည်းကောင်း၊ မဘိမ်းမြို့နယ် ပဟဲရွာ-လဝါ-လေယာဉ်ကွင်းဟောင်းရွာ-စီအူရွာ-မံစီမြို့နယ် နန့်လင်းပါ- မိုင်းခေါင်-ချီပါ တောင်ကြော-မဒန်ယန် ၂၁ မိုင်ရွာ-ခပ်ပရာ-ဒိန်ဆင်းပါရွာ-အင်ဘာပါကျေးရွာမှ တရုတ်နိုင်ငံ နောင်တောင်းမြို့သို့ လည်းကောင်း၊ စစ်ကိုင်းတိုင်း ထီးချိုင့်မြို့နယ် မောင်းကုန်းရွာ အရှေ့ဘက် ၃၅ မိုင်ခန့်အကွာ မိုးမိတ်မြို့နယ် ပဟဲရွာ-မလိုင်ကုန်း-မဘိမ်းမြို့နယ် ပင်ကြိမ်ရွာ-စီပိန်းရွာ-တုံဟွာရွာ-စီအူရွာ မန်စီမြို့နယ် နန့်ဟန်-ကောင်လွင်-စည်ခမ်းကြီး-စီသော်-သံတံတား-မန်သာ-မိုင်းခေါင်-ခပ်ပရာ-အင်ဘာပါမှ တရုတ်နိုင်ငံ နန်တောင်းမြို့သို့ လည်းကောင်း၊ မဘိမ်းမြို့နယ် ကျွန်းချောင်းရွာမှ-ခေါလော-ယန်းဘို-မအူကုန်း-မဲဇလီ-ပင်ကြိမ်း-လဝါ-အင်ဘာပါကျေးရွာမှ တရုတ်နိုင်ငံ နောင်တောင်းမြို့သို့ လည်းကောင်း လမ်းမကြီးငါးခုဖြင့် သယ်နေကြောင်း သိရသည်။

ယင်း သစ်ခိုးသည့်ကိစ္စကို ဖမ်းရန် အကြောင်းပြု၍ အစိုးရတပ်မတော်နှင့် ကေအိုင်အေတို့ လွန်ခဲ့သည့် မတ် ၂၁ ရက် ညနေပိုင်းမှစတင် တိုက်ပွဲများ ဖြစ်ပွားလာပြီး မတ် ၂၂ ရက်က တပ်မတော်မှ လေကြောင်းဖြင့် ကေအိုင်အေရှေ့တန်း စခန်းတစ်ခုကို လေးကြိမ်ထက်မနည်း ပစ်ခတ်ခဲ့ကြောင်း ကေအိုင်အေမှ ပြောကြားသည်။

ကေအိုင်အိုနည်းပညာ အကြံပေးအဖွဲ့ရုံးမှ ဦးဒေါင်ခါးက “မံစီမြို့နယ် ကိုက်ထိပ်ကျေးရွာနားက မဖဲ့ရွာမှာ ပစ်ကြတာပါ။ ကေအိုင်အေရင်း ၂၇ အောက်က စခန်းပါ။ အလတ်စားစခန်းပေါ့။ သိပ်အရေးကြီးတဲ့ စခန်းတော့ မဟုတ်ဘူး။ လေယာဉ်နှစ်စင်းနဲ့ နှစ်ခါ လာပစ်တာလို့ သိရတယ်။ လေကြောင်းနဲ့ပစ်တော့ စခန်းတော့ ရွှေ့ရတာပေါ့။ တစ်ဦး ဒဏ်ရာအကြီးအကျယ် ရတယ်။ မြောက်ပိုင်းတိုင်း ဌာနချုပ်ကို လှမ်းမေးတော့ စခန်းကို လာတိုက်တာ မဟုတ်ဘူး။ သစ်ကားတွေကို ဝင်ရှင်းရင်း ဖြစ်တာလို့ အကြောင်းပြန်တယ်။ ကျွန်တော်တို့ ကေအိုင်အေနယ်မှာ သစ်မရှိတော့ပါဘူး။ တပ်မတော် နယ်မြေထဲက စစ်ကိုင်းတိုင်းနဲ့ မိုးမိတ်နယ်ထဲက လာတာ” ဟု မတ်၂၃ ရက်က ပြောကြားသည်။

ယင်းကိစ္စနှင့် ပတ်သက်ပြီး မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် အကြီးတန်းစစ်ဆင်ရေးဆိုင်ရာ အရာရှိထံ ဆက်သွယ်မေးမြန်းသော်လည်း အလုပ်ကိစ္စရပ် များနေကြောင်းနှင့် မည်သည့်ကိစ္စကိုမှ မပြောကြားလိုသေးကြောင်း ဖြေကြားသည်။

Eleven Media Group

2 comments:

  1. ကျွန်တော်မံစီကပါ။ မံစီကနေမိုးမိတ်သွားတဲ့ လမ်းကချင်ပြည်နယ်အဆုံး နန့် ဟန်ဆိုတဲ့ ရွာမှာပွဲကြနေတာပဲ ။သစ်အရောင်းအ၀ယ်လုပ်တဲ့ သူ လောင်းကစားဝိုင်းလုပ်တဲ့ သူ ယာမ ဘိန်းဖြူရောင်းတဲ့ လူ လူအစုံပဲ။ မဲဇာတောကသစ်တွေပါ စစ်ကိုင်းတိုင်းကပါ။ဘာကြောင့် ခုတ်တဲ့ နေရာမှာမဖမ်းတာလဲ။ နန့် ဟန်ကနေ တရုတ်ပြည် နောင်သောင်းရေဆိပ်ကိုလမ်း၅လမ်းနဲ့ သယ်နေတာ။အဲ့ ဒါမှအချုပ်အချာအာဏာကိုစော်ကားတာ။အရင်ကချင်ပြည်နယ်တိုင်းမှူးဗိုလ်ချုပ်စောလွင်လို လူ မြန်မာစစ်တပ်မှာမရှိတော့ ဘူးလား။အရင်ကဆို လားနဲ့ လာခုတ်တဲ့ လူတွေကိုတွေ့ တဲ့ နေရာအသေပစ်ခိုင်းတာ။အခုဟာကမြန်မာပိုင်နက်ထဲမိုင်လေးဆယ်လောက် ဘူဒိုဇာ ကရိန်းတွေ သရီးကရောင်းကားကြီးတွေနဲ့ လမ်းဖောက်ပြီးလာသယ်နေတာ။မံဝိန်းကြီးကနေထိုင်ကြည့် ပါ နောင်သောင်းရေဆိပ်ကိုဝင်တဲ့ သစ်ကားကတနေ့ အစီး၂၀၀ လောက်ရှိတယ်။ မံစီနဲ့ ရွေလီမြစ်ကမ်းကြားမှာ တောလမ်းတွေမှာ သရီးကရောင်းယမ်းဖောင် သရီးကရောင်းအက်စ်ဝူး ကားအကြီးကြီးတွေ အစီး၂၀၀၀ လောက်ရှိတယ်။လေကြောင်းကင်းထောက်စရာမလိုပါဘူး မံစီနယ်ထဲကရွာတွေဖြစ်တဲ့  ကုန်းတိမ် မန်ဝိန်းလေး ရေခူး မန်ခမ် မိုင်းခေါင် ဟန်ထက် မံသာ သံတံတား စီကော် စီခန်းကြီး ကောင်လွင် နန့် ဟန် မဘိန်းမြို့ နယ်ထဲက မိုးလွဲ တုံကွာ စီအူ စီပိန်း တုံဟုံ ဒီရွာတွေအများကြီးထဲကတယောက်ကိုမေးကြည့် အဲ့ ဒီရွာတွေမှာသစ်မသယ်ဘူးတဲ့ ရွာသားကမရှိသလောက်ပဲ။
    ဆိုင်ကယ်နဲ့ သယ်ကြတာ အစီး ၈၀၀ နဲ့ ၁၅၀၀ကြား၇ှိတယ်။ဘာလေကြောင်းမှကင်းထောက်စရာမလိုဘူး။ဆိုင်ကယ်သမားတွေက ကချင်တွေအများဆုံးပဲ ။ဗမာသွားသယ်ကြည့် ပါလား ဘယ်သူသတ်ပြီး ဘယ်လိုသေမှန်းမသိဖြစ်သွားမယ်။ဒီပွင့် လင်းရာသီရောက်ယင် တရုတ်နဲ့  ကေအိုင်အေစာချုပ်ပြည့် ပြီလေ မိုးမရွာခင်လေးအပြီးသယ်ထားတာ။မြန်မာပိုင်နက်ထဲမိုင်၄၀ လောက်ဝင်လာတဲ့ တရုတ်ဘာမှမဖြစ်ဘူဆိုတာ အံ့သြတယ်။ကားအစီး၂၀၀၀လောက်မှာတရုတ်ကားသမားက ၁၈၀၀ လောက်ရှိတယ်။ကားအစီး၂၀၀၀ ဆိုတာ ဘိုဒိုဇာ ဘက်ဟိုး ကရိန်းတွေမပါသေးဘူး။အားလုံးက ကေအိုင်အေ စခန်း ခပ်ပရာနဲ့ နန်းလင်းပါ တွေကိုအများဆုံးပို့ တာ။အဲ့ ဒီမှာတရုတ်ကုန်သယ်တွေကပိုက်ဆံအတု နဲ့ ဝယ် ယာမဆေးပြားကိုပြန်ရောင်း သစ်ပို ပြီးပြန်လာတဲ့ ကားတွေမှာ ငွေအိတ်တွေအပြည့် တင်လာတဲ့ ကား။ယာမတွေအပြည့် တင်လာတဲ့ ကားမနည်းဘူး။ဗန်မော်မှာနေတဲ့ တရုတ်တွေကတောင် တရုတ်ပြည်ကတရုတ်တွေဆေးပြားသယ်လာတာတော့ မကောင်းဘူးလို့ ပြောနေကြပြီ။ဒီသစ်ခိုးတဲ့ အဓိကတရားခံက KIA ပဲ။ရေးပြယင်တနေ့ လုံးရေးတောင်မကုန်နိုင်ဘူး။နောက်မှဆက်ရေးပြမယ်။ဗန်မော် နန့် ခမ်းလမ်းကိုငြိမ်းချမ်းရေးဆွေးနွေးတော့ ကေအိုင်အေကလမ်းပွင့် အောင်လုပ်မယ်ဆိုပြီးစာချုပ်ထဲမှာပါတယ်။မြောက်ပိုင်းတိုင်းကိုမေးကြည့် ။စာချုပ်ချုပ်ပြီးကေအိုင်အေမသိချင်ယောင်ဆောင်နေတယ်။သူတို့ သစ်ခိုးတာတွေကိုမြင်မှာစိုးလို့ တမင်လမ်းပိတ်ထားတာ။ကေအိုင်အေကိုအလျော့ ပေးယင်အစိုးရသိက္ခာကျမယ်။သူတို့ ကျတော့ စာချူ ပ်ကိုဘယ်တော့ မှမလိုက်နာဘူး။မြန်မာ့ သယံဇာတကိုရောင်းစားပြီးစစ်တိုက်နေတဲ့ ကောင်တွေ အပြုတ်တိုက်ရမှာ။

    ReplyDelete
  2. ပန်ဝါ ကနေ နမ့် ခမ်းထိနယ်စပ်တလျောက်တပ်ချထားယင်လုံခြုံပါတယ်။ အဆိုးဆုံးကမံစီနဲ့ မိုးမိတ်မဘိန်း ကြားတောလမ်းတွေမှာတပ်တွေချထားယင်ရပါတယ်။

    ReplyDelete