Thursday, March 26, 2015

ဓမ္မာစရိယ စာမေးပွဲ မန္တလေးတိုင်းမှ သံဃာနှင့် သီလရှင် အပါး ၇,ဝဝဝ ကျော် ဖြေဆို


မန္တလေးမြို့တွင် ဓမ္မာစရိယစာမေးပွဲကို မတ်လ ၂၅ ရက် မွန်းလွဲ ၁၂ နာရီမှ စတင်၍ စာဖြေဌာနသုံးခု၌ သံဃာတော်နှင့် သီလရှင်အပါး ၇,၁၈ဝ ဖြေဆိုလျက်ရှိသည်ဟု မန္တလေးတိုင်းဒေသကြီး သာသနာရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးခင်မောင်ဝင်း က မဇ္ဈိမကို ပြောသည်။
မန္တလေးတိုင်းဒေသကြီးအတွင်း စာဖြေဌာန ကိုးခုဖွင့်ထားရာ စာဖြေဌာန သုံးခုမှာ မန္တလေးမြို့ပေါ်တွင်ဖြစ်ပြီး ကျန်စာဖြေဌာနများနှာ မိုးကုတ်၊ မြင်းခြံ၊ မိတ္ထီလာ၊ ကျောက်ပန်းတောင်း၊ ရမည်းသင်းနှင့် ကျောက်ဆည်တို့ ဖြစ်သည်။

စာမေးပွဲလာရောက်ဖြေဆိုသူ ဦးသုဇနက "ဦးဇင်းတို့သံဃာတွေရဲ့ကြိုးစားအားထုတ်မှုကို မှတ်ကျောက်တင်တဲ့ စာမေးပွဲ ဖြစ်သလို ဆရာသမားတွေနဲ့ ဒကာ၊ ဒကာမတွေရဲ့ကျေးဇူးကိုဆပ်တဲ့ စာမေးပွဲလည်း ဖြစ်တယ်။ အားလုံးလည်း အောင်ချင်ကြတယ်။ စာကတော့ အားလုံးလုပ်ထားတယ်။ ဖြေနိုင် မဖြေနိုင်တော့ ပြောလို့ မရသေးပါဘူး။ ဖြေနိုင်မယ်လို့တော့ ယုံကြည်ထားတယ်" ဟု မိန့်ကြားသည်။
မန္တလေးမြို့ပေါ်ရှိ စာဖြေဌာနသုံးခုဖြစ်သည့် ချမ်းအေးသာစံမြို့နယ်ရှိ အ.ထ.က ၁၆ စာဖြေဌာနတွင် ၁,၉၈၂ ပါး၊ မဟာအောင်မြေမြို့ နယ်ရှိ အ.ထ.က ၁၃ စာဖြေဌာနတွင် ၂,၁ဝ၅ ပါး နှင့် ချမ်းမြသာစည်မြို့နယ်ရှိ အ. ထ.က ၂၆ စာဖြေဌာနတွင် ၁,၁၅၈ ပါး ဖြေဆိုလျက်ရှိသည်။
"စာဖြေသံဃာတွေ အေးချမ်းစွာဖြေဆိုနိုင်ဖို့နဲ့ လိုအပ်တာတွေကို ကူညီဆောင်ရွက်ပေးနေတယ်။ အကြိုအပို့လည်း လုပ်ပေးတယ်။တချို့လည်း ကိုယ့်အစီအစဉ်နဲ့ ကြွလာတာတွေလည်း ရှိပါတယ်" ဟု ဦးခင်မောင်ဝင်းက ပြောသည်။
မန္တလေးတောင်ခြေရှိ ထိန်လင်းစာသင်တိုက်မှ စာချဆရာတော် တစ်ပါးက "နှစ်ပေါက်သင်ပေး ထားတယ်။ ဖြေနိုင်မှာပါ။ ဒီစာမေးပွဲက သူတို့ဘဝတွေရဲ့ လှေကားပဲ" ဟု မိန့်သည်။
Mizzima

No comments:

Post a Comment