Monday, March 16, 2015

တိုင်းပြည်မျက်နှာ ကြည့်ကြပါ-(ပိုက်တင်)

နိုင်ငံတကာမျက်နှာစာမှာ မြန်မာနိုင်ငံ မျက်နှာငယ်ငယ်နဲ့ ရှိနေခဲ့ရတဲ့ နှစ်တွေလည်း များလှပါပြီ။ အခုချိန်ထိလည်း မြန်မာတွေ ရင်ကော့ခေါင်းမော့ လက်မထောင်နိုင်တဲ့ အနေအထား မရှိသေးပါဘူး။ နိုင်ငံရေးနယ်ပယ်က လူတွေ တိုင်းပြည်ဂုဏ်သိက္ခာရှိဖို့ နည်းလမ်းတကျ လုပ်နိုင်ကိုင်နိုင်ကြဖို့ လိုပါတယ်။ နိုင်ငံရေးနယ်ပယ် ဆိုတာ အစိုးရရော၊ အတိုက်အခံပါ အကျုံးဝင်ပါတယ်။
အတိုက်အခံမှ နိုင်ငံရေးသမား မဟုတ်ပါဘူး။ အစိုးရ ဆိုတာလည်း နိုင်ငံရေးသမားတွေနဲ့ ဖွဲ့စည်းထားသလို လွှတ်တော်ကိုယ်စားလှယ်တွေ ဆိုတာလည်း နိုင်ငံရေးသမားတွေပါ။ တိုင်းပြည်ဂုဏ်သိက္ခာ ပြန်မြင့်မားလာဖို့ ထိပ်ဆုံးကနေ ထိထိရောက်ရောက် လုပ်နိုင်တာက အစိုးရအဖြစ်နဲ့ နိုင်ငံရေး လုပ်နေကြသူများ ဖြစ်ပါတယ်။

အခြားတစ်ဖက်မှာလည်း တိုင်းပြည်ဂုဏ်သိက္ခာ ကျသည်ထက် ကျဆင်းအောင် အများဆုံးလုပ်နိုင်တာ အစိုးရဆိုတဲ့ လုပ်ပိုင်ခွင့်ရှိသူများ ဖြစ်ပါတယ်။ တိုင်းပြည်ရော လူထုပါ မျက်နှာငယ်နေရတဲ့ အခြေအနေဆိုးကနေ လွတ်မြောက်ဖို့ တာဝန်ယူထားတာလည်း အစိုးရ လုပ်နေကြသူများပါပဲ။ တိုင်းပြည်မျက်နှာကိုကြည့်ပြီး တိုင်းပြည်ဂုဏ်ကို ပြန်မြှင့်တင်နိုင်ဖို့ဆိုရင် ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်ဖို့ လိုသလို တရားဥပဒေစိုးမိုးရေးကိုလည်း နည်းလမ်းတကျ ဆောင်ရွက်နိုင်ဖို့ လိုပါတယ်။
လောလောဆယ်မှာ အကြောင်းကြောင်းသော အကြောင်းများကြောင့် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်တဲ့နေရာမှာ အခက်အခဲပေါင်းစုံ ရင်ဆိုင်နေရပြီး ထိထိရောက်ရောက်လည်း ဆောင်ရွက်နိုင်ခြင်း မရှိသေးပါဘူး။ ဒီကြားထဲမှာ တရားဥပဒေစိုးမိုးရေးကိုလည်း ထိထိရောက်ရောက် အကောင်အထည်ဖော်နိုင်ခြင်း မရှိသေးပါဘူး။ တကယ်တော့ တရားဥပဒေစိုးမိုးရေးကို ထိထိရောက်ရောက် အကောင်အထည်ဖော်နိုင်မှသာ ဖွံ့ဖြိုးတိုးတက်ရေးကိုလည်း ထိထိရောက်ရောက် ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။ တရားဥပဒေစိုးမိုးမှသာ နိုင်ငံရေး တည်ငြိမ်နိုင်မှာ ဖြစ်ပြီး စီးပွားရေးကိုလည်း တွန်းတင်နိုင်မှာ ဖြစ်ပါတယ်။
တရားဥပဒေစိုးမိုးရေးကို အကောင်အထည်ဖော်တဲ့ နေရာမှာလည်း တရားမျှတမှုကို အခြေခံဖို့ လိုပါတယ်။ တရားဥပဒေကို လူထုက လေးစားလိုက်နာနိုင်အောင်၊ လေးစားလိုက်နာချင်အောင် အခြေအနေကောင်းတွေကို ဖန်တီးပေးဖို့ လိုအပ်ပါတယ်။ ၁။ တရားဥပဒေဟာ တရားမျှတတယ်လို့ လူထုက လက်ခံနိုင်တဲ့ အနေအထား မရှိရင်၊ ၂။ တရားဥပဒေအောက်မှာ အားလုံးက ညီညီမျှမျှ ရှိနေတယ်လို့ လူထုက မခံစားရသေးရင်၊ ၃။ တရားဥပဒေကို လက်တစ်လုံးခြား အသုံးချပြီး အုပ်ချုပ်သူတချို့က မတရားပြုလုပ်နေသေးတယ်လို့ လူထုက ထင်မြင်ယူဆနေရင် တရားဥပဒေစိုးမိုးရေးဟာ အပြည့်အဝ အကောင်အထည်ပေါ်ဖို့ မဖြစ်နိုင်သေးပါဘူး။
လူထုက လေးစားလိုက်နာဖို့ လွယ်ကူတဲ့ ဥပဒေများ ဖြစ်အောင် ဖန်တီးဖို့ သက်ဆိုင်ရာ ဥပဒေပြု တာဝန်ယူထားတဲ့ နိုင်ငံရေးသမားများက တာဝန်ရှိပါတယ်။ တရားမျှတတဲ့ ဥပဒေများကို ရေးဆွဲခြင်း၊ ပြုပြင်ခြင်း ပြုလုပ်ပြီးတဲ့အခါ အုပ်ချုပ်ရေး တာဝန်ယူထားသူ နိုင်ငံရေးသမားများကလည်း တရားဥပဒေနဲ့အညီ တရားမျှတခြင်းကို မြတ်နိုးတန်ဖိုးထားလျက် စီမံဆောင်ရွက်နိုင်ရပါမယ်။ ဥပဒေများကို လိုရင်လိုသလိုသုံး မလိုရင် မလိုသလို ဘေးချိတ်ထားမယ်ဆိုရင် ဥပဒေတွေ အပေါ်ရော၊ နိုင်ငံရေးသမားတွေ အပေါ်မှာပါ လူထုက လေးစားတန်ဖိုးထားဖို့ ဆွဲဆောင်နိုင်မယ် မဟုတ်ပါဘူး။ လူထုက တရားမျှတယ်လို့ ယူဆကာ တန်ဖိုးထားပြီး လေးစားလိုက်နာလိုစိတ် ရှိတဲ့ ဥပဒေများ ပေါ်ပေါက်လာတဲ့ အချိန်မှာ တရားဥပဒေစိုးမိုးရေးကို သေချာပေါက် အကောင်အထည်ဖော်နိုင်ပါလိမ့်မယ်။
ဥပဒေများရဲ့ ပျော့ကွက်ဟာကွက်တွေကြောင့် အထူးအခွင့်အရေးကို ရယူနိုင်ပြီး မတရားသဖြင့် ချမ်းသာကြွယ်ဝလာကြသူများလည်း ခေတ်အဆက်ဆက် ရှိခဲ့သလို ဥပဒေများကို လိုသလို ကိုင်စွဲပြီး အာဏာရှင်စနစ်ရဲ့ ဖိနှိပ်မှုကို တွန်းလှန်ဖို့ ကြိုးစားသူတွေကို မတရားသဖြင့် အပြစ်ပေး အရေးယူခဲ့ကြတာတွေလည်း ခေတ်အဆက်ဆက် ရှိခဲ့တာပါပဲ။ ဥပဒေဆိုတာ မျှော့ကြိုးလိုပဲ လိုသလို ဆွဲဆန့်လို့ ရပါတယ်ဆိုတဲ့ စကားက အများပြည်သူကြား ပျံ့နှံ့နေခြင်းက လူထုအနေနဲ့ ဥပဒေများကို လေးစားတန်ဖိုးထားမှု အတိုင်းအတာကို ခန့်မှန်းလို့ရတဲ့ အခြေခံအချက်တစ်ခု ဖြစ်ပါတယ်။
လောလောဆယ် ပညာရေး ပြုပြင်ပြောင်းလဲဖို့ ကျောင်းသားထုရဲ့ ဆန္ဒပြပွဲတွေကို တာဝန်လက်ပတ်များနဲ့ အကြမ်းဖက်ဖြိုခွဲခဲ့တဲ့ ကိစ္စက တစ်ကမ္ဘာလုံးအထိ ပျံ့နှံ့သွားခဲ့ပြီး တိုင်းပြည်ရဲ့ ကျက်သရေကို ညှိုးနွမ်းစေခဲ့ရတာ အားလုံးအသိပါ။ ရန်ကုန်တိုင်း ဝန်ကြီးချုပ် ကိုယ်တိုင်က ဒါဟာ ဥပဒေနဲ့အညီ ဆောင်ရွက်ခဲ့တာပါလို့ ဆိုကြောင်း သတင်းများ ထွက်ပေါ်လာပါတယ်။ ဒီသတင်းသာ အမှန်ဖြစ်ခဲ့ရင် တော်တော်အရုပ်ဆိုး အကျည်းတန်တဲ့ ကိစ္စပါပဲ။ ဝန်ကြီးချုပ် ဆိုတာလည်း နိုင်ငံရေးသမား ဖြစ်ပါတယ်။ နိုင်ငံရေးသမား ဆိုတာက နိုင်ငံရေးအခြေအနေ အရပ်ရပ်ကို သုံးသပ်နိုင်စွမ်းရှိဖို့ လိုပါတယ်။ ဖြစ်ရပ်တစ်ခု၊ စကားတစ်ခွန်းရဲ့ ကောင်းကျိုးဆိုးကျိုး ကို တွက်ဆနိုင်ဖို့ လိုပါတယ်။ ဒီလောက် တစ်နိုင်ငံလုံးက လက်မခံနိုင်ဘဲ ဒေါသတကြီး တုံ့ပြန်တဲ့ကိစ္စကို ဥပဒေနဲ့အညီ ဆောင်ရွက်တာပါလို့ အမှန်တကယ် ပြောခဲ့တယ်ဆိုရင် အဲဒီနိုင်ငံရေးသမားဟာ မြန်မာ့နိုင်ငံရေး ယဉ်ကျေးမှုကို လုံးလုံးနားမလည်သူ၊ နိုင်ငံရေး အရည်အသွေး (Capacity) လွန်စွာနိမ့်ကျသူသာ ဖြစ်ပါတယ်။ နိုင်ငံရေး ဆက်လုပ်လို့ မအောင်မြင်နိုင်ပါဘူး။
အခုကိစ္စက အုပ်ချုပ်သူတချို့တို့ရဲ့ ကိုင်တွယ်ပုံညံ့ဖျင်းမှုကို ထင်သာမြင်သာ ရှိအောင် လှစ်ပြလိုက်သလိုပါပဲ။ နိုင်ငံတော်သမ္မတ ကိုယ်တိုင်က သိမ်မွေ့ညင်သာစွာ ကိုင်တွယ်ဆောင်ရွက်နေတဲ့ လုံးဝအတိမ်းအစောင်း မခံတဲ့ ကိစ္စတစ်ခုကို ဒေသဆိုင်ရာ အာဏာပိုင်တို့က ဆန့်ကျင်ဘက် နည်းနာသုံးပြီး တရားလက်လွတ် အဆင်ခြင်မဲ့ ကိုင်တွယ်ဆောင်ရွက်လိုက်ခြင်းက လူထုနဲ့ အစိုးရကြား ခဲရာခဲဆစ် တည်ဆောက်ယူနေရတဲ့ ယုံကြည်မှုကို ချိုးဖဲ့ပစ်လိုက်သလိုပါပဲ။ တရားဥပဒေနဲ့အညီ ဆောင်ရွက်တယ်လို့ ပြောဆိုခြင်းကလည်း (အမှန်တကယ် ပြောဆိုခဲ့တယ် ဆိုရင်တော့) မီးလောင်ရာ လေပင့်သလိုပါပဲ။ လူဆိုးလူမိုက်ပုံ ပေါက်နေတဲ့ လူတွေက ကျောင်းသူ၊ ကျောင်းသားတွေကို ဖမ်းဆီးချုပ်နှောင် အကြမ်းဖက်တယ်ဆိုတာ အမြင်မတော်လွန်းတဲ့ ကိစ္စပါ၊ ဥပဒေကို လိုသလိုသုံးရာ ရောက်ပါတယ်။ တိုင်းပြည်ရဲ့ ပုံရိပ်ကိုလည်း အကြီးအကျယ် ထိခိုက်သွားတယ်ဆိုတာ နိုင်ငံရေးသမားဆိုရင် တွက်ဆနိုင်ရပါမယ်။
ပညာရေး ပြုပြင်ပြောင်းလဲရေးဆိုတာ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရေသောက်မြစ်ပါ။ မဖြစ်မနေ ဆောင်ရွက်ရမယ့်ကိစ္စ ဖြစ်ပါတယ်။ လူငယ်လူရွယ်တွေဟာ ဆိုးရွားညံ့ဖျင်းတဲ့ ပညာရေးစနစ်ရဲ့ဒဏ်ကို ခံခဲ့ရတဲ့ နှစ်တွေလည်း ကြာခဲ့ပြီ ဖြစ်ပါတယ်။ လူငယ်တွေ အညွန့်တုံးလို့ တိုင်းပြည်လည်း အညွန့်တုံးနေခဲ့ရတာ ဖြစ်ပြီး ပညာရေးစနစ် မကောင်းသေးတာကြောင့် အနာဂတ်ဟာလည်း သေချာရေရာမှု မရှိသေးပါဘူး။
လူငယ်တွေဘက်က အားနည်းချက် ရှိတာလည်း အမှန်ပါ။ ဒါကလည်း ပညာရေးစနစ်ဆိုးကြောင့် သူတို့ရဲ့ တွေးခေါ်ဆင်ခြင် ဆောင်ရွက်ပုံတွေ စနစ်ပိုကျဖို့ လိုအပ်နေရတာ ဖြစ်ပြီး ကျောင်းသားလူငယ်တွေကိုပဲ အပြစ်ဖို့နေလို့ မရပါဘူး။ ခေတ်အဆက်ဆက် အစိုးရများမှာ ပိုပြီးတာဝန်ရှိတယ် ဆိုတာ အားလုံးအသိပါ။ လူငယ်တွေ သပိတ်တပ်ဦးကျွံတဲ့ ကိစ္စအတွက် အများပြည်သူကလည်း (အဲဒီလူငယ်တွေ အကြမ်းဖက်ဖြိုခွင်း မခံရခင်အထိ) လူငယ်များကို ဒေါမနဿ ဖြစ်လာကြသူတွေ ရှိပါတယ်။ ဒီမိုကရေစီ တည်ဆောက်နေတဲ့ခေတ်မှာ သဘောထားအမြင်တွေ ကွဲပြားတာလည်း အဆန်းတကြယ်ကိစ္စ မဟုတ်ပါဘူး။ ကျောင်းသားတွေကို သပိတ်ရပ်ပြီး လွှတ်တော်ရဲ့ လုပ်ငန်းဆောင်တာတွေ ပြီးဆုံးအောင် စောင့်ကြည့်စေလိုကြပါတယ်။ တချို့သပိတ်ကို မရပ်နိုင်ကြတာလည်း မှားတယ်လို့ ဆိုနိုင်သလို တစ်ဖက်က ပြန်ကြည့်ရင်လည်း အစိုးရနဲ့ ပြည်သူကြား ယုံကြည်မှု မတည်ဆောက်နိုင်သေးတာကြောင့်လည်း ဖြစ်ပါတယ်။ ဒါပေမဲ့ အခုလို တရားလက်လွတ် ဥပဒေကို အကာအကွယ်ယူပြီး နှိမ်နင်းလိုက်တဲ့ အခါကျတော့ လူထုတစ်ရပ်လုံးက အစိုးရအပေါ် အမျက်ဒေါသ ထွက်ကုန်ကြပါတယ်။ နဂိုက ခဲရာခဲဆစ် တည်ဆောက်နေရတဲ့ ယုံကြည်မှုကလည်း ပြိုပျက်လု ပြန်ဖြစ်သွားရပါတယ်။ ဗဟိုအစိုးရနဲ့ ဒေသဆိုင်ရာ အစိုးရအကြား ဟန်ချက်ပျက်မှုဟာ နက်နက်နဲနဲ စဉ်းစားရင် တုန်လှုပ်စရာ ဖြစ်ပါတယ်။
နဂိုကတည်းက တိုင်းပြည်မျက်နှာ ငယ်နေခဲ့ရတာပါ။ အခုဆိုရင် နိုင်ငံတကာမှာ ရန်ကုန်မြို့ ကျောင်းသားသပိတ်ကို အကြမ်းဖက်ဖြိုခွဲတဲ့ သတင်းတွေ၊ သတင်းဓာတ်ပုံတွေ ပျံ့နှံ့နေပါပြီ။ တိုင်းပြည်ဂုဏ်ကို ညှိုးနွမ်းစေပြန်ပြီ ဖြစ်ပါတယ်။
ဒါကြောင့် အစိုးရ တာဝန်ယူထားကြတဲ့ နိုင်ငံရေးသမားတွေ သတိထားကြဖို့ တိုက်တွန်းချင်ပါတယ်။ လူထုကို ရင်ဝယ်သားလို သဘောထားဖို့က နိုင်ငံရေးသမားတွေရဲ့ တာဝန်ပါ။ ပြဿနာတွေကို တွေ့ဆုံဆွေးနွေး ညှိနှိုင်းအဖြေရှာတဲ့ ယဉ်ကျေးမှု တည်ဆောက်ရမယ်လို့ နိုင်ငံတော်သမ္မတ ကိုယ်တိုင်က ခံယူထားတာကို အုပ်ချုပ်ရေး တာဝန်ယူထားသူတိုင်း သိကြပါတယ်။
နိုင်ငံတော်အကြီးအကဲရဲ့ ကောင်းမွန်တဲ့ သဘောထား ရပ်တည်ချက်နဲ့ လိုက်လျောညီထွေ ဆောင်ရွက်နိုင်ကြမယ်ဆိုရင် လူထုရဲ့ ယုံကြည်မှုကို ရရှိနိုင်မှာ ဖြစ်သလို လူထုကလည်း တရားဥပဒေများကို လေးစားတန်ဖိုးထား လိုက်နာလာကြပါလိမ့်မယ်။
လုပ်ပိုင်ခွင့်ကို ရယူထားသူများကသာ တိုင်းပြည်ရဲ့ ကံကြမ္မာကို ပိုမိုဖန်တီးနိုင်တာ ဖြစ်ပါတယ်။ တိုင်းပြည်ရဲ့ဂုဏ်ကို ရှေ့ကနေဦးဆောင်ပြီး မြှင့်တင်ပေးနိုင်တာ ဖြစ်ပါတယ်။ အစိုးရ လုပ်နေကြတဲ့ အုပ်ချုပ်ရေး တာဝန်ယူထားကြတဲ့ နိုင်ငံရေးသမားများက တရားမျှတမှုကို မြတ်နိုးတန်ဖိုးထားပြီး ဥပဒေများကို စီရင်ရေးသား ကျင့်သုံးဆုံးဖြတ်နိုင်ကြမှသာ တိုင်းပြည်မျက်နှာငယ်နေရတဲ့ အခြေအနေဆိုးက လွတ်မြောက်ပြီး ကမ္ဘာ့အလည်မှာ မြန်မာရယ်လို့ ဝင့်ဝင့်ကြွားကြွား ပြန်လည်ရပ်တည်နိုင်မယ် ဖြစ်ပါကြောင်း။
(ပိုက်တင်)
The Voice Weekly

No comments:

Post a Comment