Tuesday, March 24, 2015

ဘီဘီစီအင်တာဗျူးမှာ သမ္မတဦးသိန်းစိန် သရုပ်အမှန် ပေါ်လွင်လာသလား



သမ္မတဦးသိန်းစိန်သည် အာဏာရယူပြီး ၄ နှစ်နီးပါးကြာမြင့်လာချိန် ၂၀၁၅ ခုနှစ် မတ်လအတွင်း ပြုလုပ်သည့် ဘီဘီစီ သတင်း ဌာနနှင့် အင်တာဗျူးတွင် လတ်တလော ဖြစ်ပေါ်နေသော နိုင်ငံရေးဖြစ်စဉ်များနှင့် ပတ်သက်၍ တင်းမာသော သဘော ထားအမြင်များ ထည့်သွင်းဖြေဆိုလိုက်ရာ ယင်းဖြေဆိုမှုများသည် သမ္မတဦးသိန်းစိန်၏ ပြုပြင်ပြောင်းလဲရေး မလို လားသည့် သဘောထားတင်းမာသော သရုပ်အမှန်ကို ပေါ်လွင်စေသည်ဟု နိုင်ငံရေးအသိုင်းအ၀ိုင်းက ဝေဖန်ကြသည်။

ဘီဘီစီသတင်းထောက် ဂျိုနာဖစ်ရှာသည် သမ္မတဦးသိန်းစိန်နှင့် နေပြည်တော်တွင်တွေ့ဆုံ၍ အင်တာဗျူး ပြုလုပ်ခဲ့ရာ သမ္မတ ဦးသိန်းစိန်က အစိုးရ၏ ကျောင်းသားသပိတ်အကြမ်းဖက်ဖြိုခွင်းမှုကို ကာကွယ်ခြင်း၊ ဖွဲ့စည်းပုံ ပြင်ဆင်ရေး ရှောင် လွှဲ ဖြေဆိုခြင်း၊ ဒေါ်အောင်ဆန်းစုကြည် သမ္မတမဖြစ်ရေး တားဆီးနေသည့် ဖွဲ့စည်းပုံသည် ဗိုလ်ချုပ်အောင်ဆန်း ကိုယ်တိုင် ရေးဆွဲခြင်းဖြစ်သည်ဟူ၍ ထည့်သွင်းဖြေဆိုခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

အစိုးရ၏ ကျောင်းသားသပိတ် အကြမ်းဖက်ဖြိုခွင်းမှုနှင့်ပတ်သက်၍ ကာကွယ်ပြောဆိုရာတွင် အကြမ်းဖက် ဖြိုခွဲသည်ဟု ဆိုသော်လည်း တဖက်က ရိုက် သည့်အတွက် ကာကွယ်ရသည့်သဘောရှိကြောင်း၊ ယင်းရပ်ဖြစ်ရပ်တွင် မျက်ရည်ယိုဗုံး၊ Water Canon၊ Rubber Bullet တို့နှင့် ပစ်ပြီးဖြိုခွဲခြင်းမျိုး မရှိခဲ့ကြောင်း၊ ရဲတပ်ဖွဲ့သည် နိုင်ငံတော်ကာကွယ်ရေးနှင့် တည် ငြိမ် အေးချမ်းရေးအတွက် ရဲလုပ်ငန်းအဆင့်ဆင့်ကို လုပ်ခြင်းဖြစ်ပြီး International Practice ထက် ကျော်လွန်ခြင်း မရှိ ကြောင်း ဘီဘီစီသတင်းဌာနသို့ ပြောဆိုခဲ့ရာ ယင်းပြောဆိုချက်ကို နိုင်ငံရေးအသိုင်းအ၀ိုင်းက ပြင်းပြင်းထန်ထန်ဝေဖန် ကြသည်။

၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးမြအေးက “မြန်မာနိုင်ငံဟာ ဘယ်လိုမှ အသွင်ကူးပြောင်း ရေး ကာလထဲကို မရောက် သေးဘူး။ စစ်အစိုးရ၊ စစ်အာဏာရှင်စနစ်တုန်းက အုပ်ချုပ်တဲ့ လုပ်နည်းလုပ်ဟန် အတွင်း မှာပဲ ရှိသေး တယ် ဆိုတာကို သမ္မတကြီးစကားက အထင်အရှား သက်သေထူ လိုက်တာပဲဖြစ် တယ်” ဟု ဧရာဝတီကို ပြောသည်။

ကျောင်းသားသပိတ်ဖြိုခွင်းမှု နှင့်ပတ်သက်၍ သမ္မတဦးသိန်းစိန်၏ ဖြေကြားချက်သည် နိုင်ငံတော်အကြီးအကဲ တယောက် အနေ ဖြင့် တာဝန်ယူမှု၊ တာဝန်ခံမှု မရှိသော ပြောဆိုချက်ဖြစ်ပြီး မြန်မာနိုင်ငံ၏ ပြပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များသည် အပေါ်ယံ ကြောသာဖြစ်သည်ကို ပေါ်လွင်စေကြောင်း နိုင်ငံရေး အင်အားစုတချို့က သုံးသပ်သည်။

“ဒါဟာ ဆင်သေကို ဆိတ်သရေနဲ့ဖုံးတာပါပဲ။ ဒါက သူတို့ရဲ့တာဝန်ယူမှု၊ တာဝန်ခံမှု မရှိမှုကို အတိအလင်းဖော်ပြ လိုက် တာပဲ ။ ဘယ်လောက်ပဲ နောက်ကြောင်း ပြန်မလှည့်ပါဘူးပြောပြော အခုတော့ မျက်နှာဖုံးကွာကျပြီးတော့ သူတို့ရဲ့ မူလ ဇာတိအမှန်ကို အားလုံးသိအောင် ဘွင်းဘွင်းကြီး ဖော်ပြလိုက်တာပဲ” ဟု ကျား/မ ရေးရာတန်းတူညီမျှရေးကွန်ရက် မှ ဒေါ်မေစပယ်ဖြူက သုံးသပ်သည်။

နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာရန်မျိုးသိမ်းကမူ သမ္မတဦးသိန်းစိန်သည် ပြည်သူလူထုကို အလေးမထား သည့် အပြင် သပိတ်မှောက်ကျောင်းသားများကိုလည်း နိုင်ငံ၏ အနာဂတ် မျိုးဆက်သစ်များအဖြစ် တန်ဖိုးထားမှုမရှိကြောင်း ပြောဆိုသည်။

“ကိုယ်တာဝန်ခံ၊ တာဝန်ယူရမယ့်အပိုင်းကို ရှောင်ပြေးချင်တဲ့သဘောမျိုး။ ပြည်သူလူထုကို အလေးမထားတဲ့ သဘောမျိုး။ ပြည်သူလူထုကြီးရဲ့ ရင်သွေးတွေဖြစ်တဲ့ သပိတ်မှောက်ကျောင်းသားတွေကို တန်ဖိုးမထားတဲ့ တုန့်ပြန်မှုမျိုးလို့ မြင်တယ်။ အဓိကကတော့ မသိချင်ယောင်ဆောင်၊ မသိကျိုးကျွံပြုပြီးတော့ တဖက်သတ်ရပ်တည် ကာကွယ်တဲ့ ပြောဆိုမှုမျိုးဖြစ်တယ်” ဟု ဒေါက်တာရန်မျိုးသိမ်းက မှတ်ချက်ပြုသည်။

ဒေါ်အောင်ဆန်းစုကြည် နိုင်ငံတော်သမ္မတမဖြစ်စေရန် တားဆီးထားသည့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၅၉ (စ) နှင့်ပတ်သက်၍ ဖြေဆိုရာတွင် သမ္မတဦးသိန်းစိန်က ပုဒ်မ ၅၉ (စ) သည် ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင် ရေးဆွဲ အတည်ပြု ခဲ့သော ၁၉၄၇ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ တွင် ပါရှိသော ပြဋ္ဌာန်းချက်သာ ဖြစ်သည်ဟု ပြောဆိုခဲ့ရာ ယင်းဖြေဆိုချက် သည် မှားယွင်းနေကြောင်း တရားလွှတ်တော် ရှေ့နေများနှင့် ဥပဒေပညာရှင်များက ထောက်ပြပြောဆိုကြသည်။

“ ဒီပုဒ်မဟာ ဒေါ်အောင်ဆန်းစုကြည်ကို ရည်ရွယ်ပြီး ပြဋ္ဌာန်းထားတာမဟုတ်ပါဘူး။ သူ့ရဲ့အဖေ လက်ထက် ၁၉၄၇ ခုနှစ် ဖွဲ့စည်း အုပ်ချုပ်ပုံကတည်းက ထည့်ထားတာဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျနော်တို့နိုင်ငံက လူဦးရေ များတဲ့ တရုတ် နိုင်ငံနဲ့ အိန္ဒိယနိုင်ငံကြားထဲမှာ နေနေရတာ။ တိုင်းပြည်ရဲ့အချုပ်အခြာကို ကာကွယ်ချင်လို့ အဲဒါကို ထည့်ထားတာ။ နို့မို့ ဆိုရင် ကျနော်တို့နိုင်ငံကို လူဦးရေများတဲ့နိုင်ငံတွေက ၀ါးမျိုသွားမှာပေါ့။ အောင်ဆန်းစုကြည်ကို ရည်ရွယ်ပြီး လုပ်ထား တာမဟုတ်ပါဘူး။ ဟိုတုန်းက Constitution မှာကတည်း အစဉ်အဆက်ကတည်းက ထည့်ခဲ့တာ ဖြစ်ပါတယ်” ဟု သမ္မတ ဦးသိန်းစိန်က ဘီဘီစီသတင်းဌာနသို့ ပြောဆိုသည်။

၁၉၄၇ ခုနှစ် အခြေခံဥပဒေ၊ ပုဒ်မ ၇၄ တွင် နိုင်ငံတော်သမ္မတ အဖြစ် ဝင်ရောက်အရွေးချယ်ခံသူသည် နိုင်ငံခြား၏ အထောက် အပံ့၊ သြဇာနှင့် နိုင်ငံခြား သား ခံယူထားသူ မဖြစ်ရဟု ပြဋ္ဌာန်းထားသော်လည်း ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ ၅၉ (စ) တွင် ပြဋ္ဌာန်း  ထားသကဲ့သို့ ဇနီး၊ ခင်ပွန်း၊ သား၊ သမီး၊ သမက်၊ ချွေးမကို ကန့်သတ်ထားချက်များ မပါ ရှိ ကြောင်း တရားလွှတ်တော် ရှေ့နေ ဦးကိုနီက ပြောကြားသည်။

“သမ္မတကြီး အနေနဲ့ နည်းနည်းလေး အယူအဆမှားပြီးပြောတယ်လို့ ထင်တယ်။ တကယ်က မတူပါဘူး။ သမ္မတ လောင်း အဖြစ် အရွေးခံမယ့်ပုဂ္ဂိုလ်ရဲ့အရည်အချင်းကို ကန့်သတ်တဲ့အခါမှာ ၁၉၄၇ ဖွဲ့စည်းပုံက အရွေးခံမယ့်သူကိုပဲ ကန့်သတ် တယ်။ သူ့ရဲ့ ဇနီး၊ သားသမီး၊ သမက်၊ ချွေးမကို မကန့်သတ်ဘူး။ အခု ၂၀၀၈ ဖွဲ့စည်းပုံ ၅၉(စ)မှာက အရွေးခံမယ့် သမ္မတ လောင်းတင်မဟုတ်ဘူး။ သူ့ဇနီး၊ ခင်ပွန်း၊ သား၊ သမီး၊ ချွေးမ၊ သမက် အားလုံးနိုင်ငံ ခြားနဲ့ မပတ်သက်ရဘူးလို့ ပြောလိုက် တယ်။ အဲဒါဟာ ၁၉၄၇ မှာ လုံးဝမပါဘူး” ဟု ယင်းက ပြောသည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံပုဒ်မ ၅၉(စ)တွင် နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများသည် မိမိကိုယ်တိုင်သော်လည်း ကောင်း၊ မိမိ၏ မိဘတစ်ပါးပါးသော် လည်းကောင်း၊ မိမိ၏ ဇနီး သို့မဟုတ် ခင်ပွန်းသော် လည်းကောင်း၊ မိမိ၏ တရားဝင် သားသမီး တစ်ဦးဦးသော်လည်ကောင်း၊ ထိုတရားဝင် သားသမီးတစ်ဦးဦး၏ ဇနီး သို့မဟုတ် ခင်ပွန်းသော် လည်းကောင်း နိုင်ငံခြား အစိုးရ ၏ ကျေးဇူးကို ခံယူစောင့်ရှောက် ရိုသေသူ သို့မဟုတ် နိုင်ငံခြားသား လက်အောက်ခံသူ သို့မဟုတ် တိုင်းတစ်ပါး၏ နိုင်ငံသား မဖြစ်စေရဟု ပြဋ္ဌာန်းထားသည်။

ဘီဘီစီသတင်းဌာနနှင့် အင်တာဗျူးတွင် သမ္မတဦးသိန်းစိန်က တပ်မတော်၏ အခန်းကဏ္ဍနှင့်ပတ်သက်၍ အရေးကြီးသော ဦးဆောင် အခန်းကဏ္ဍတွင် ရှိနေပြီး မြန်မာ့နိုင်ငံရေးတွင် တပ်မတော်ကို ချန်လှပ်ထား၍ မရသောကြောင့် လွှတ်တော် ထဲ တွင် တပ်မ တော်သား ၂၅ ရာခိုင်နှုန်းပါဝင်နေခြင်းဖြစ်ကြောင်း၊ တပ်မတော်သည် ပါတီတခုအတွက်မဟုတ်ဘဲ နိုင်ငံ့ အကျိုး အတွက် ကာကွယ် စောင့်ရှောက်ပေးရန် ပါဝင်နေခြင်းဖြစ်ကြောင်း၊ ဒီမိုကရေစီအလေ့အထများ ရင့်ကျက် လာ သည်နှင့် အမျှ တပ်မ တော် ကဏ္ဍသည်လည်း တဖြည်းဖြည်းပြောင်းလဲသွားမည်ဟု ဖြေဆိုခဲ့သည်။

မြန်မာ့နိုင်ငံရေးတွင် တပ်မတော်သည် ဦးဆောင်အခန်းကဏ္ဍမှ ပါဝင်ရမည်ဟု သမ္မတဦးသိန်းစိန်၏ ဖြေဆိုမှုသည် ပူပန် စိတ် များနေသည့် သဘောသက်ရောက်ကြောင်း၊ ဒီမိုကရေစီစနစ်သွားမည်ဆိုပါက တပ်မတော်သည် အရပ်သား အုပ်ချုပ်မှု အောက်တွင် မဖြစ်မနေ ထားရှိရန် လိုအပ်သည်ဆိုသော အချက်ကို သမ္မတဦးသိန်းစိန်က လက်မခံသည့် သဘောရှိ ကြောင်း နိုင်ငံရေး အသိုင်းအ၀ိုင်းက ဝေဖန်သုံးသပ်သည်။

“ဘယ်သူကမှ တိုင်းပြည်က ခွဲထွက်ဖို့အန္တရာယ်လည်းမရှိတော့ဘူးဆိုတဲ့ အချိန်မျိုးမှာ တပ်မတော်ကလည်း သူ့အခန်း ကဏ္ဍ က  အလိုအလျောက်ကျုံ့လာမှာပဲ။ စစ်တိုက်နေရလို့ရှိရင် တပ်မတော်ရဲ့အခန်းကဏ္ဍက ကြီးနေမှာပဲ။ အမြဲတမ်း သူက အရေးကြီးတဲ့နေရာကပါနေမှာ။ စစ်တိုက်နေရရင် တပ်မတော်ကို နိုင်ငံရေးကနေ မောင်းထုတ်ဖို့ခက်တယ်။ စစ်မ တိုက်ရတော့ဘူးဆိုရင် မောင်းထုတ်ဖို့လွယ်တယ်” ဟု သီပေါမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရဲထွန်းက  ပြောသည်။

၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်ဦးမြအေးကမူ ဘီဘီစီနှင့်အင်တာဗျူးတွင် ဖြေဆိုထားသည့် သမ္မတဦးသိန်းစိန်၏ အဖြေ စကားများသည် သဘောတင်းမာမှုနှင့် ပြုပြင်ပြောင်းလဲရေး မလိုလားမှုကို ပေါ်လွင်စေသည့် အတွက် လက်ရှိ နိုင်ငံရေး အခြေအနေများအပေါ် ပြည်တွင်းပြည်ပ နိုင်ငံရေးအင်အားစုများအားလုံးက ပြန်လည်သုံးသပ်သင့်ပြီဖြစ်ကြောင်း ပြောဆိုသည်။

“ကျနော်တို့ ပြန်သုံးသပ်ပါပြီ။ နိုင်ငံရေးသည် အမှန်တရားပေါ်မှာပဲတည်သလား ဒါမှမဟုတ် အားရှိတဲ့သူနိုင်စတမ်းလား ဆိုတာကို ပြန်သုံးသပ်ပါပြီ။ ကျနော်တို့ရဲ့သုံးသပ်ချက်ပေါ်မူတည်ပြီး အားရှိတဲ့သူနိုင်စတမ်းဆိုရင် ကျနော်တို့လည်း ခိုင်မာ တဲ့ အင်အားတရပ်ကို ပီပီပြင်ပြင်မွေးထုတ် ရပါတော့မယ်” ဟု ဦးမြအေးက ပြောသည်။

ဧရာဝတီ

No comments:

Post a Comment