Sunday, March 22, 2015

ဗွီဒီယို ထုတ်လုပ် ဖြန့်ချိသူများ အစည်းအဝေး ဒုတိယအကြိမ် ဆွေးနွေးမှု အောင်မြင်

ဗွီဒီယို ထုတ်လုပ် ဖြန့်ချိသူများ အစည်းအဝေးပွဲတွင် ဗွီဒီယို အခြေခံအဖွဲ့ ပြန်လည် ဖွဲ့စည်းရန် ဒုတိယ အကြိမ် ဆွေးနွေးခဲ့ပြီး ယင်းအစည်းအဝေးကို ရန်ကုန်မြို့ ဝင်္ကဘာလမ်းရှိ ရုပ်ရှင် အစည်းအရုံး ဗဟိုတွင် မတ် ၂ဝ ရက် နံနက်ပိုင်းက ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ ဦးလူမင်း၊ ဗွီဒီယိုအခြေခံအဖွဲ့မှ ဥက္ကဋ္ဌ ဦးကိုကိုတင့်နှင့် ထုတ်လုပ်ရေး လုပ်ငန်းများမှ မန္တလေးမြို့ရှိ ထုတ်လုပ်သူအချို့ အပါအဝင် ရန်ကုန်မြို့မှ ထုတ်လုပ်သူများ ဖိတ်ကြားထားသူ ၈ဝ ကျော်တွင် ၆ဝ ဦး တက်ရောက် ဆွေးနွေးခဲ့ကြောင်း ဦးကိုကိုတင့်က ပြောသည်။

ဗွီဒီယို အခြေခံအဖွဲ့သည် ၂ဝ၁၅ ခုနှစ် ဇန်နဝါရီတွင် ကျင်းပသည့် ရုပ်ရှင်အစည်းရုံး၏ အမှုဆောင် ရွေးပွဲတွင်လည်း မဲပေးသူမရှိခဲ့ဘဲ စိတ်ဝင်စားမှု အားနည်းနေသဖြင့် ပြန်လည် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ရာ ယခုအကြိမ်သည် ဒုတိယအကြိမ် ဖြစ်ကြောင်းသိရသည်။ ''ရုပ်ရှင် အစည်းအရုံးနှင့် ဗွီဒီယို အစည်းအရုံးတို့သည် ခွဲထားလို့ မရသည့် အဖွဲ့အစည်းများ ဖြစ်ပြီး ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်ကလည်း စည်းရုံး စွာ ပြန်လည် ဆွေးနွေးရန် အားပေး ထားပါတယ်'' ဟု ဦးလူမင်းက ပြောသည်။

အခွေဖြန့်ချိရာတွင် စည်းကမ်း ဖောက်ဖျက်ပါက အချိန်ကာလ အတိုင်းအတာ တစ်ခုအထိ ပိတ်ပင်မှုများ ပြုလုပ်ကာ အပြစ်ပေးသွားမည် ဖြစ်ပြီး စည်းကမ်း ထိန်းသိမ်းရေး အဖွဲ့ကိုလည်း စနစ်တကျပြန်လည် ဖွဲ့စည်းသွားမည်ဟု တက်ရောက်သူများက သဘော တူညီခဲ့ကြောင်း သိရသည်။ စမတ်ကတ်များ အသုံးပြု ခြင်းဖြင့် တုံးထုခြင်းနှင့် ဆင်ဆာ စတေကာများ မှောင်ခိုပြုမှုရန်မှ ကာကွယ်နိုင်ရန်နှင့် ဆွေးနွေးပွဲတွင် ယခင် အဖွဲ့ဝင် ငါးဦးအပြင် ကူညီဆောင်ရွက် နိုင်ရန်အတွက် နောက်ထပ် ခြောက်ဦးအား ထပ်မံအင်အား ဖြည့်တင်း နိုင်ခဲ့သည်။

ထုတ်လုပ်သူများ မနစ်နာစေရန် ခိုးကူးခွေများ မထွန်းကားစေရေးနှင့် တီဗွီ ချန်နယ်များတွင် ဇာတ်ကား ထုတ်လုပ်ပြီး နှစ်နှစ်ကြာမှ ရောင်းချ ထုတ်လွှင့် ပြသခွင့်ပြုရန်၊ ဆင်ဆာကိစ္စ၊ ဇာတ်ကားအခွေ ဖြန့်ချိရာတွင် အဝယ် ကိုယ်စားလှယ် တော်များနှင့် ပတ်သက်ပြီး အားနည်းချက်နှင့် အားသာချက်များ၊ မူရင်းခွေကိုသာ တစ်နိုင်ငံလုံး ရောင်းချနိုင်ရေး စသည်တို့ကို သက်ဆိုင်ရာ တက်ရောက်သူများမှ တင်ပြ ဆွေးနွေး ကြပြီး သဘောထားများ ပြန်လည် သုံးသပ်ကာ ဆွေးနွေးပွဲကို (၃)နာရီကြာမျှ ကျင်းပပြီးနောက် စည်းကမ်း ထိန်း သိမ်းရေး အဖွဲ့ ကောင်းမွန်စွာ ဖွဲ့စည်းရန် သဘောထားများ ဆန္ဒခံယူပြီးနောက် အစည်းအဝေးကို အောင်မြင်စွာ ရုပ်သိမ်းခဲ့သည်။

MOI  Webportal Myanmar

No comments:

Post a Comment