Thursday, March 26, 2015

မူးယစ်ဆေးဝါး မှောင်ခိုရောင်းဝယ်ခဲ့သည့် စီးပွားရေးလုပ်ငန်းရှင်တစ်ဦး၏ လုပ်ငန်းများ ပြည်သူပိုင်သိမ်းရန် စိစစ်နေ


လွန်ခဲ့သည့်နှစ်အတွင်း ရန်ကုန်မြို့လယ်ကောင်တွင် စိတ် ကြွဆေးပြား သုံးသိန်းကျော်နှင့် လက်နက်များ ဖမ်းဆီးရမိခဲ့သည့် စီးပွားရေးလုပ်ငန်းရှင်တစ်ဦးပိုင် ကျပ်သိန်းရှစ်သောင်းကျော် လုပ်ငန်းများကို ပြည်သူပိုင်သိမ်းရန် စိစစ်နေကြောင်း သတင်းရရှိသည်။
၂၀၁၄ သြဂုတ် ၂၉ ရက် ညနေက မင်္ဂလာတောင်ညွန့်မြို့နယ် ဗညားဒလလမ်းပေါ်တွင် ကားဖြင့် စိတ်ကြွဆေးများ သယ်လာသူ အမျိုးသား နှစ်ဦးကို ရန်ကုန်အနောက်ပိုင်းခရိုင် မူးယစ်ရဲတပ်ဖွဲ့အရာရှိများက ဖမ်းဆီးခဲ့ပြီးနောက် ၎င်းတို့၏ လုပ်ငန်းရှင်အိမ်ကို ၀င်ရောက်ရှာဖွေခဲ့ခြင်းဖြစ်သည်။ အဆိုပါလုပ်ငန်းရှင်မှာ Natural Force ကုမ္ပဏီအမည်ဖြင့် လုပ်ငန်းများစွာ လုပ်ကိုင်နေသူဖြစ်ပြီး ပိုင်ရှင်ကို သိန်းနှင့်ချီသော စိတ်ကြွဆေးပြားများအပြင် သေနတ်နှစ်လက် နှင့်ပါ ဖမ်းဆီးနိုင်ခဲ့သည်။

အထက်ပါအမှုတွင် စိတ်ကြွဆေးပြား သုံးသိန်းကျော်နှင့် ဘိန်း ဖြူ ၃၅၀ ကီလိုသိမ်းဆည်းနိုင်ခဲ့ပြီး မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်က မူးယစ်ဆေးဝါးရောင်းဝယ်သည့် လုပ်ငန်းများတွင် စီးပွားရေးလုပ် ငန်းရှင်များ ပါဝင်နေကြောင်း ထုတ်ဖော် ပြောကြားပြီးနောက် ပထမဆုံးအကြိမ်အဖြစ် လုပ်ငန်း များစွာ လုပ်ကိုင်နေသည့် ကုမ္ပဏီ ပိုင်ရှင် ဦးဆောင်သော မူးယစ် ဆေးရောင်းသူများကို ဖမ်းဆီးနိုင် ခဲ့သည့် အမှုဖြစ်သည်။

‘‘မူးယစ်ဆေးဝါးနဲ့ပတ်သက် ပြီး အမှုတစ်ခုဖြစ်လာရင် အရမ်း ကြီးတဲ့ အမှုဆိုနောက်ကြောင်းပါ စစ်ဆေးတယ်။ အခု ဒီအမှုကို စိစစ်နေတယ်။ ပြည်သူပိုင်သိမ်းဖို့ထိ ရည်ရွယ်ထားတယ်’’ဟု မူးယစ်တားဆီးရေး အထူးအဖွဲ့ ဒုရဲမှူး ကြီး မြင့်အောင်က ပြောသည်။

Natural Force ကုမ္ပဏီမှာ သင်္ဘောများဖြင့် ပြည်တွင်းပြည်ပ ကုန်စည်ပို့ဆောင်သည့် လုပ်ငန်း၊ ဆောက်လုပ်ရေး၊ ငါး၊ ပုစွန်မွေးမြူရေးနှင့် အုတ်သဲကျောက်လုပ်ငန်းတို့ လုပ်ကိုင်နေသည်။

Natural Force ကုမ္ပဏီပိုင် ရှင်၏ ပိုင်ဆိုင်သော ပစ္စည်းများ ထိန်းချုပ်ရာတွင် အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာန၊ ဘဏ္ဍာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် မူးယစ်ရဲတပ်ဖွဲ့၊ သတင်းရဲတပ်ဖွဲ့မှ အဆင့်မြင့်အရာရှိများ ပါဝင်ကြောင်း သတင်းရရှိသည်။
7 day

No comments:

Post a Comment