Saturday, March 14, 2015

တရုတ် ပြည်တွင်း လုံခြုံရေး အကြီးအကဲကို အများ ပြည်သူရှေ့မှောက်တွင် ရုံးတင်စစ်ဆေးမည်


တရုတ် အစိုးရသည် တရားရေးဆိုင်ရာ ပွင့်လင်း မြင်သာမှုကို ပြသလိုသည့် အနေဖြင့် ပြည်တွင်း လုံခြုံရေး အကြီးအကဲဟောင်း ကျိုးယုံခန်းကို အများပြည်သူ ရှေ့မှောက်တွင် ရုံးတင် စစ်ဆေးမည် ဖြစ်ကြောင်း သောကြာနေ့က နိုင်ငံပိုင် မီဒီယာက ဖော်ပြသည်။

ကျိုးယုံခန်း အပါအ၀င် ရာထူးကြီးပုဂ်္ဂိုလ်များကို အများပြည်သူရှေ့မှောက်တွင် တရားစီရင်ဖို့ ရှိပါ သလားဟု ဆင်ဟွာ သတင်းဌာနက တရုတ် ဗဟိုတရားရုံးချုပ် ဥက္ကဋ္ဌ ကျိုးချန်ကို မေးမြန်းရာ တရားဥပဒေ သတ်မှတ် ချက်များ အတိုင်း အများပြည်သူ ရှေ့မှောက်တွင် စစ်ဆေးသွားမည်ဟု ဖြေကြားလိုက်ခြင်း ဖြစ်သည်။

တရုတ်နိုင်ငံသည် နိုင်ငံရေးအရ အထိမခံသည့် ကိစ္စများကို အများအားဖြင့် တံခါးပိတ် စစ်ဆေးခဲ့သည်ချည်း ဖြစ်သည်။ ကျိုး ယုံခန်း ကို ပြီးခဲ့သည့်နှစ်က ပါတီမှ ထုတ်ပယ်ကာ ဖမ်းဆီး ထိန်းသိမ်းခဲ့သည်။ အကျင့်ပျက် ခြစားမှု၊ လာဘ်ယူမှု၊ နိုင်ငံတော် လျှို့ဝှက်ချက်များ ပေါက်ကြားစေမှုတို့ဖြင့် တရားစွဲဆိုထားသည်။

ရှေ့နှစ်ကလည်း သြဇာကြီး နိုင်ငံရေးသမား ပေါရှီလိုင်အား စစ်ဆေးမှုကို မီဒီယာများအား ၀င်ခွင့်ပေးခဲ့သော် လည်း ပြည်ပ မီဒီယာများအား ၀င်ခွင့် မပေးခဲ့သလို၊ အချို့သော စစ်ဆေးမှု ထုတ်လွှင့်ချက်များကိုလည်း တည်းဖြတ် ထားကြောင်း တွေ့ရသည်။

သမ္မတရှီ ကျင်းဖျင်၏ အကျင့်ပျက် ခြစားမှု တိုက်ဖျက်ရေး လှုပ်ရှားမှုတွင် စစ်ဆေးခံခဲ့ရသူများ အနက် အသက် (၇၁) နှစ် အရွယ် ကျိုး ယုံခန်းသည် ရာထူး အကြီးဆုံး ပုဂ်္ဂိုလ်လည်း ဖြစ်သည်။ ကွန်မြူနစ်ပါတီ အာဏာရ လာခဲ့သည့် ၁၉၄၉ ခုနှစ် နောက်ပိုင်း အကျင့်ပျက် ခြစားမှုဖြင့် အရေးယူခံရသော အစိုးရ အရာရှိ များထဲတွင်လည်း ကျိုး ယုံခန်းသည် ရာထူးအကြီးဆုံး ပုဂ်္ဂိုလ်အဖြစ် စံချိန်တင်သည်။

ကျိုး ယုံခန်းအမှုကို အများပြည်သူ ရှေ့ မှောက်တွင် စစ်ဆေးမည် ဖြစ်သော်လည်း ၎င်းသည် နိုင်ငံ၏  ထိပ် ပိုင်း ရာထူးတွင် ထမ်းဆောင်ခဲ့သူ ဖြစ်သောကြောင့် နိုင်ငံတော် လျှို့ဝှက်ချက် များစွာကို သိထားသူ ဖြစ်ရာ အများပြည်သူရှေ့ မှောက်တွင် မလိုလားအပ်သော ဖွင့်ချမှုများ ဖြစ်ပွားလာမည် စိုးသောကြောင့် နိုင်ငံတော် လျှို့ဝှက်ချက်များနှင့် ပတ်သက်သော ကြားနာမှုများကိုမူ သီးသန့်ခွဲပြီး တံခါးပိတ် ကြားနာဖွယ် ရှိကြောင်း လည်း ခန့်မှန်းထားကြသည်။

Source : AFP
Messenger News Journal

No comments:

Post a Comment