Thursday, March 26, 2015

ကိုဝေဠုကို ၁၀ ကြိမ်မြောက် ရုံးထုတ်



 မိကျောင်းကန် သပိတ်စခန်းမှ ဆန္ဒဖော်ထုတ်သူများကို အားပေးအားမြောက် ပြုလုပ်သည်ဟုဆိုကာ နိုင်ငံတော် အကြည်ညို ပျက်စေမှု ပုဒ်မ ၅ဝ၅ (ခ) ဖြင့် တရားရင်ဆိုင်နေရသည့် ကိုဝေဠုကို မတ်လ ၂၅ ရက်က ကျောက်တံတားမြို့နယ် တရားရုံးက ၁၀ ကြိမ်မြောက်ရုံးထုတ်ခဲ့သည်ဟု ကိုဝေဠု၏ မိခင်က ပြောသည်။

ကိုဝေဠုသည် ရုံးချိန်း ၁၀ကြိမ်အတွင်း အင်းစိန်ထောင်တွင် သုံးလကျော် ထိန်းသိမ်းခံထားရပြီး ဧပြီ ၃ ရက်တွင် ထပ်မံရုံးချိန်းလိုက်ခြင်း ဖြစ်သည်။
၎င်းက'' ဒီနေ့ ဦးရောဘတ်စန်းအောင် မလာလို့ ပြန်ပြီး ရုံးချိန်းလိုက်တယ်'' ဟု ပြောသည်။
ကိုဝေဠုသည် ကျောက်တံတားမြို့နယ် တရားရုံးတွင် အာမခံရရှိရေး လျှောက်ထားသော်လည်း မရရှိခဲ့ပေ။
ကိုဝေဠုကို မိကျောင်းကန်သပိတ်စခန်းမှ ဆန္ဒဖော်ထုတ်သူများကို အားပေးအားမြောက် ပြုလုပ်သည်ဟုဆိုကာ၂ဝ၁၄ ခုနှစ်၊ ဒီဇင်ဘာလ ၁၈ ရက် ည ၈ နာရီခွဲခန့်က ကျောက်တံတားမြို့နယ် ရဲစခန်းမှ ဒု-ရဲမှူးတင်လှ ဦးဆောင်သည့်အဖွဲ့က ဖမ်းဆီးခဲ့ပြီး ဒီဇင်ဘာလ ၁၉ ရက်တွင် ကျောက်တံ တားမြို့နယ် တရားရုံးတွင် ပုဒ်မ-၅ဝ၅ (ခ)ဖြင့် တရားစွဲထားခြင်း ဖြစ်သည်။
ပြစ်မှုဆိုင်ရာ အထွေထွေလျှောက်ထားမှု အမှတ် ၉/၂ဝ၁၅၊ ပြစ်မှုဆိုင်ရာကျင့်ထုံး ဥပဒေ ပုဒ်မ ၅၆၁ (က) အရ ပြစ်မှု ဆိုင်ရာဥပဒေ ပုဒ်မ ၅ဝ၅ (ခ) အရ စွဲဆိုထားသော ရန်ကုန် ပြည်သူ့အကျိုးဆောင် ကွန်ရက်အဖွဲ့ဝင် ကိုဝေဠု၏ အမှုတွဲ ချေဖျက်ပေးရန် ဇန်နဝါရီက ၂၇ ရက်က ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်သို့ တင်ပြထားသေးသည်။
ကိုဝေဠုက ဇန်နဝါရီ ၂၉ ရက် ရုံးချိန်းမှစတင်၍ ၎င်းကို တရားစွဲဆိုခံရသူအဖြစ် မေးမြန်းစုံစမ်း စစ်ဆေးမှုများ ရှိလာလျှင် ထောက်ခံခြင်း၊ ငြင်းဆန်ခြင်း ပြုလုပ်မည်မဟုတ်ဘဲ သပိတ်မှောက် မည်ဟုလည်း ၎င်းက ဆိုထားသည်။
Mizzima

No comments:

Post a Comment