Tuesday, March 24, 2015

ဒုတိယကမ္ဘာစစ် မန္တလေးမြို့သိမ်း နှစ် ၇၀ ပြည့်ပွဲ ကျင်းပ


မန္တလေး
(ဝဲမှ ယာ) ဗြိတိသျှ စစ်သံမှူး ဗိုလ်မှူးကြီး တိုနီ စတန်း၊ ဒေးဗစ် ဒင်နီယယ်လ်နှင့် ဂျွန် ဒေါက်ကလပ်စ် စလင်းမ် (ဓာတ်ပုံ – ဇာနည်မာန် / ဧရာဝတီ)

ဂျပန်တပ်များလက်မှ မန္တလေးမြို့ကို ပြန်လည်တိုက်ယူနိုင်ခဲ့သည့် နှစ် ၇၀ ပြည့် အောက်မေ့ဖွယ် အထိမ်းအမှတ်ပွဲကို မတ်လ ၂၀ ရက်နေ့က ကျင်းပရာ ဒုတိယ ကမ္ဘာစစ်ကာလ မဟာမိတ်တပ်မှ စစ်မှုထမ်းဟောင်း ၂ ဦးနှင့် မြန်မာ အရာရှိများ၊ နိုင်ငံခြား သံတမန်များ တက်ရောက်ခဲ့သည်။

ကျဆုံးခဲ့သော စစ်သည်များကို ဂုဏ်ပြုရန် မန္တလေးတောင်တွင် ကျင်းပသည့် ယင်းအောက်မေ့ဖွယ် အထိမ်းအမှတ် ပွဲတွင် ဂျပန်တပ်များလက်မှ မြန်မာနိုင်ငံကို ပြန်လည် သိမ်းပိုက်စဉ်က ပါဝင်တိုက်ခိုက်ခဲ့သူလည်းဖြစ်၊ အင်္ဂလိပ်စစ်တပ် အမှတ် (၁၄) တပ်မတော်၏ တပ်မှူး ဗိုလ်ချုပ်ကြီး ဝီလျံ စလင်းမ်၏ သားလည်းဖြစ်သူ ဗိုလ်မှူးကြီး ဂျွန် ဒေါက်ကလပ်စ် စလင်းမ်လည်း တက်ရောက်ခဲ့သည်။

မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်ကြီး အင်ဒရူး ပက်ထရစ်၊ ဘင်္ဂလားဒေ့ရှ်၊ ဗြိတိန်၊ အိန္ဒိယနှင့် သြစတြေးလျနိုင်ငံတို့မှ စစ်သံမှူးများနှင့် မြန်မာတပ်မတော်မှ ဗိုလ်ချုပ် စိုးထွဋ်တို့လည်း တက်ရောက်ခဲ့သည်။

တက်ရောက်ခဲ့သူများက မန္တလေးတောင်ပေါ်ရှိ ဆုတောင်းပြည့်စေတီ၏ မြောက်ဘက်စောင်းတန်း အတွင်းတွင် မြှုပ်နှံထားသော အထိမ်းအမှတ် ကျောက်စာချပ်များ၏ ခြေရင်းတွင် လွမ်းသူ့ပန်းခွေများ ချခဲ့ကြပြီး တမိနစ် ငြိမ်သက် ဂါဝရ ပြုခဲ့သည်။ ကျဆုံးသွားသော စစ်သည်များကို အလေးပြုသည့် အချိန်၌ စကော့တလန် ရိုးရာ အိတ်ပုလွေများ တီးမှုတ်ပြီး ဂုဏ်ပြုခဲ့သည်။

ယင်းအထိမ်းအမှတ် ကျောက်စာချပ်များသည် ၁၉၄၅ ခုနှစ် မတ်လ ၈ ရက်နေ့နှင့် ၉ ရက်နေ့များက မန္တလေးတောင်ကို သိမ်းပိုက်ခဲ့ရာ၌ ဝေလမင်းသား၏ အမှတ် (၄) ဂေါ်ရခါး ရိုင်ဖယ်တပ်ရင်းမှ ကျဆုံးသွားသော စစ်သားများအတွက် ပြုလုပ်ပေးထားခြင်း ဖြစ်သည်။

“ကျနော်နဲ့အတူ တိုက်ပွဲဝင်ခဲ့ကြတဲ့ ကျနော့်ရဲ့ ရဲဘော်ရဲဘက်တွေကို သတိရမိတဲ့အတွက် ဒီနေ့ဟာ အင်မတန် ဝမ်းနည်းရတဲ့ နေ့ပါပဲ” ဟု မန္တလေးတောင် တိုက်ပွဲတွင် ပါဝင်ခဲ့သည့် အသက် ၉၁ နှစ် ရှိနေပြီ ဖြစ်သော စစ်ပြန်ကြီး ဒေးဗစ် ဒင်နီရယ်က ပြောသည်။

“ဗိုလ်ချုပ် စလင်းမ်က ကျနော်တို့ကို စေတီပုထိုးတွေနဲ့ ဘုရားရုပ်ပွားတော်တွေ မထိခိုက်အောင် ဂရုတစိုက်နဲ့ တိုက်ဖို့ အမိန့်ပေးခဲ့တယ်။ ဒါပေမယ့် ဂျပန်စစ်သားတွေက သူတို့ရဲ့ တပ်တွေကို တောင်ပေါ်က ဘုရားရုပ်ပွားတော်တွေ၊ စေတီပုထိုးတွေ အနောက်မှာ ပုန်းအောင်းပြီး တပ်တွေ အများကြီး ချထားတယ်။ မန္တလေးတောင်ကို ပြန်သိမ်းပိုက်တဲ့အခါ ဂေါ်ရခါးတပ်တွေ တော်တော်များများ ကျခဲ့တယ်။ ကျနော့်ဘဝမှာ ရင်ဆိုင်ခဲ့ရတဲ့ အရက်စက်ဆုံး စစ်ပွဲပါပဲ” ဟု ဒေးဗစ် ဒင်နီရယ်က ရှင်းပြသည်။

အိန္ဒိယပြည်နယ် (၁၉) ၏ တပ်များသည် ၁၉၄၅ ခုနှစ်၊ မတ်လ ၂၀ ရက်နေ့တွင် ဂျပန်တပ်များလက်မှ မန္တလေးကို ပြန်လည် သိမ်းပိုက်နိုင်ခဲ့သည်။ မန္တလေးတိုက်ပွဲနှင့် မိတ္ထီလာတိုက်ပွဲများ အပါအဝင် မြန်မာနိုင်ငံ အလယ်ပိုင်း တိုက်ပွဲများသည် မြန်မာပြည်တိုက်ပွဲများအနက် အပြင်းထန်ဆုံး ဖြစ်သည်။

မြန်မာနိုင်ငံတွင် ဒုတိယကမ္ဘာစစ် ကာလက စစ်မှုထမ်းခဲ့သူများအတွက် အမှတ်တရပွဲများကို ရန်ကုန်၊ မော်လမြိုင်၊ သံဖြူဇရပ်နှင့် မိတ္ထီလာမြို့များရှိ စစ်သင်္ချိုင်းများ၊ ဒုတိယ ကမ္ဘာစစ် အထိမ်းအမှတ် နေရာများတွင် နှစ်စဉ် ကျင်းပပေးလေ့ ရှိသည်။

ယခုပြုလုပ်ခဲ့သည့် အောက်မေ့ဖွယ် အထိမ်းအမှတ်ပွဲသည် နှစ်ပေါင်း ၇၀ တွင် ပထမဆုံးအကြိမ်အဖြစ် မန္တလေးတောင်တွင် ကျင်းပခဲ့ခြင်း ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန် စစ်သံမှူး ဗိုလ်မှူးကြီး တိုနီစတန်းက ဧရာဝတီသို့ ပြောသည်။

ဗိုလ်မှူးကြီး စတန်းက ဆက်လက်၍ ယင်းအောက်မေ့ဖွယ် အထိမ်းအမှတ်ပွဲ ကျင်းပနိုင်ရန် မြန်မာတပ်မတော်နှင့် မန္တလေးတောင် ဂေါပကအဖွဲ့များ၏ ကူညီမှုကို ရယူခဲ့ရကြောင်းလည်း ပြောသည်။

“ကျဆုံးသွားတဲ့ ဂေါ်ရခါးစစ်သည်တွေအတွက် ပြုလုပ်ပေးထားတဲ့ အထိမ်းအမှတ် ကျောက်စာချပ်တွေကို ဒီနေရာမှာ ထိန်းသိမ်း စောင့်ရှောက်ပေးထားတဲ့ ဒီက မြန်မာလူမျိုးတွေကို ကျေးဇူးတင်ပါတယ်။ ဒီစစ်ပွဲဟာ နိုင်ငံပေါင်း ၂၀ က စစ်သားတွေရဲ့ အသက်တွေ၊ မြန်မာနိုင်ငံနဲ့ မန္တလေးက လူတွေပါ အသက်ဆုံးရှုံးခံပြီး နိုင်ခဲ့တဲ့ စစ်ပွဲဖြစ်ပါတယ်။ ဒီလိုမျိုး အနစ်နာခံမှုတွေဟာ ဘယ်တော့မှ မမေ့သင့်တဲ့အတွက် ဒီလိုမျိုး အောက်မေ့ဖွယ် အထိမ်းအမှတ်ပွဲတွေ ကျင်းပပေးဖို့ အရေးကြီးပါတယ်” ဟု ၄င်းက ပြောသည်။

ဧရာဝတီ


No comments:

Post a Comment