Monday, March 2, 2015

KNLA နှင့် BGF အပြန်အလှန် ပစ်ခတ်မှုကြောင့် တစ်ဦးသေ၊ နှစ်ဦးဒဏ်ရာရ

ကရင်အမျိုးသားအစည်းအရုံး (KNU) ၏ လက်အောက်ခံ ကရင်လွတ်မြောက်ရေး တပ်မတော် (KNLA) တပ်မဟာ (၆)နှင့် ကရင်ပြည်နယ် နယ်ခြားစောင့်တပ် (BGF) တပ်ရင်းမှ တပ်သားအချို့ ပစ်ခတ်မှုဖြစ်ပွား ခြင်းကြောင့် KNLA မှ တစ်ဦးသေ၊ တစ်ဦးဒဏ်ရာနှင့် BGF မှ တစ်ဦးဒဏ်ရာရခဲ့ကြောင်း KNLA ဌာနချုပ်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ဖေဖော်ဝါရီလ ၂၈ ရက်နေ့ ညနေပိုင်းတွင် မြဝတီမြို့နယ် မယ်ထော်သလေးရွာနှင့် တဘလုခို့ခီးရွာ အကြား တွင် KNLA တပ်ဖွဲ့များနှင့် BGF အမှတ် (၁၀၂၂) တပ်ရင်းမှ တပ်သားအချို့ တိုက်ပွဲဖြစ်ပွားခဲ့ခြင်း ဖြစ် ကြောင်း ၎င်းကဆိုသည်။

အဆိုပါ ပစ်ခတ်မှုသည် ၂၀၁၂ ခုနှစ်တွင် အစိုးရနှင့် KNU တို့အကြား အပစ်အခတ်ရပ်စဲရေး လက်မှတ် ရေးထိုးပြီး နောက်ပိုင်း တပ်မတော် လက်အောက်ရှိ တပ်တစ်ခုနှင့် KNLA တပ်ဖွဲ့အကြား ဒုတိယအကြိမ် မြောက် ဖြစ်ပွားသော ပစ်ခတ်မှုလည်း ဖြစ်သည်။

ထိုသို့ ပစ်ခတ်မှု ဖြစ်ပွားခြင်းကြောင့် KNU တပ်မဟာ (၆) KNLA မှ တပ်သားအဆင့်မှာ ပွဲချင်းပြီး သေဆုံး သွားပြီး တပ်ကြပ်ကြီးအဆင့် တစ်ဦး ပေါင်တွင် ဒဏ်ရာရရှိသွားသဖြင့် မြဝတီမြို့နယ်ဆေးရုံတွင် ဆေး ကုသမှု ခံယူလျက် ရှိကြောင်း KNLA ထံမှ သိရသည်။ ယင်းပစ်ခတ်မှု ဖြစ်စဉ်မှာ အောက်ခြေအဆင့် ဖြစ် ပွားမှု ဖြစ်သောကြောင့် နှစ်ဖက်ထိပ်ပိုင်းခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးသွားမည် ဖြစ်ကြောင်း BGF ထံမှ သိရသည်။

အစိုးရနှင့် KNU တို့သည့် ၂၀၁၂ ခုနှစ် အတွင်းတွင် အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးခဲ့ပြီး KNU ခေါင်းဆောင်များသည် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ နိုင်ငံတော် သမ္မတ ဦးသိန်းစိန်တို့နှင့် မကြာခဏ တွေ့ဆုံလျက်ရှိသော အဖွဲ့အစည်းတစ်ခုလည်း ဖြစ်သည်။

ကရင်ပြည်နယ် နယ်ခြားစောင့်တပ်ဖွဲ့ (BGF) သည် ၁၉၉၅ ခုနှစ်တွင် ကရင်အမျိုးသားအစည်းအရုံး KNU မှ ခွဲထွက်ကာ တိုးတက်သော ဗုဒ္ဓဘာသာ ကရင်များအဖွဲ့ (DKBA) အမည်ဖြင့် တပ်မတော်အစိုးရနှင့် ငြိမ်းချမ်း ရေး လက်မှတ်ရေးထိုးခဲ့ပြီး ၂၀၁၀ ရွေးကောက်ပွဲအပြီးတွင် နယ်ခြားစောင့်တပ်ဖွဲ့အဖြစ် အသွင်ပြောင်း ခဲ့ခြင်း ဖြစ်သည်။

အလားတူ ဖေဖော်ဝါရီလ ၂၇ ရက်နေ့ နံနက်ကလည်း ကရင်ပြည်နယ်၊ ကျိုက်ဒုံမြို့နယ်ခွဲ အတွင်းရှိ အဇင်း ကျေးရွာ အနီးတွင် ယခင် ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA) မှ တပ်မှူးဟောင်း ဗိုလ်မှူးကြီး စောဆန်းအောင် အဖွဲ့နှင့် ကျိုက်ထိုအခြေစိုက် မြန်မာအစိုးရ တပ်မတော်တို့ တိုက်ပွဲဖြစ်ပွားခဲ့သည်။

The Voice Weekly

No comments:

Post a Comment