Tuesday, March 24, 2015

MPU ငွေချေစက်တွေမှာ ဒေါ်လာနဲ့ အသုံးပြုနိုင်တော့မယ်


ပြည်တွင်းဘဏ်တွေမှာ တပ်ဆင်ထားတဲ့ MPU ကတ်ရဲ့ ငွေပေးချေစက် (point of sales) တွေမှာ အမေရိကန် ဒေါ်လာနဲ့ ငွေပေးချေတာကို ဒီလမှာ စလက်ခံနေပြီလို့ Myanmar Payment Union အဖွဲ့ကနေ သိရပါတယ်။

MPU ကတ် လက်ခံတဲ့စက်တွေ တပ်ထားတဲ့ ဟိုတယ်တွေ၊ စားသောက်ဆိုင်တွေ၊ ဈေးဝယ်စင်တာတွေမှာ JCB၊ UPI လို နိုင်ငံတကာကတ်တွေနဲ့ ငွေချေတဲ့အခါ အရင်ကလို ဒေါ်လာပေါက်ဈေးအတိုင်း မြန်မာကျပ်ငွေ တန်ဖိုးတွက်ပြီး ပေးဖို့ မလိုတော့ဘဲ အမေရိကန်ဒေါ်လာနဲ့ တိုက်ရိုက်ပေးနိုင်ပြီဖြစ်တယ်လို့ MPU အမှုဆောင်အရာရှိချုပ် ဦးဇော်လင်းထွဋ်က ပြောပါတယ်။

"ဟိုတယ်တွေ၊ ဈေးဆိုင်တွေက ကိုယ်နဲ့ချိတ်ပြီး လုပ်တဲ့ သက်ဆိုင်ရာ ဘဏ်တွေမှာ USD (ဒေါ်လာ) အကောင့်ဖွင့်ပြီး လက်ခံလို့ရပြီ။ အရင်က မြန်မာကျပ်ငွေနဲ့ပဲ ရတော့ ငွေလဲနှုန်းနဲ့ ပြန်တွက်ရတယ်။ အဲတော့ ဟိုတယ်တွေက JCB တို့၊ UPI တို့ဆို သိပ်လက်မခံချင်ကြဘူး" လို့ သူက ရှင်းပြပါတယ်။

ခုလို ဒေါ်လာနဲ့ လက်ခံလိုက်တဲ့အခါ နိုင်ငံတကာကတ် အသုံးပြုသူတွေ ပြည်တွင်းကိုလာပြီး ငွေပေးချေတဲ့အခါ အသုံးပြုရ ပိုလွယ်မှာဖြစ်တယ်လို့ ဘဏ်လုပ်ငန်းရှင်တွေက ပြောပါတယ်။

လတ်တလောမှာ ငွေပေးချေစက်တွေ (POS) တွေကို ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ ပုဂံတို့မှာ အများဆုံး တပ်ဆင်ထားပြီး တစ်နိုင်ငံလုံးမှာ POS အလုံး သုံးထောင်လောက် တပ်ဆင်ထားတယ်လို့ Myanmar Payment Union အဖွဲ့ဆီကနေ သိရပါတယ်။

ဂျပန်နိုင်ငံအခြေစိုက် JCB နဲ့ တရုတ် UPI ကတ် ငွေကြေးဝန်ဆောင်မှု လုပ်ငန်းတွေဟာ မြန်မာနိုင်ငံရှိ MPU ရဲ့ ငွေပေးချေစက်တွေနဲ့ ငွေထုတ်စက်တွေမှာ သူတို့ရဲ့ ကတ်တွေသုံးနိုင်ဖို့ ချိတ်ထားပြီး မြန်မာနိုင်ငံမှာ ပြည်တွင်းပြည်ပ ငွေပေးချေကတ်တွေ ထုတ်လုပ်ဖို့ MPU နဲ့ သဘောတူထားပါတယ်။

The Voice Weekly 

No comments:

Post a Comment