Tuesday, March 10, 2015

ကွန်ဟိန်းမြို့နယ်တွင် ဒေသခံတိုင်းရင်းသားများအား RCSS/SSA အဖွဲ့မှ လူသစ်အဖြစ် အတင်းအကြပ်စုဆောင်း

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကွန်ဟိန်းမြို့နယ်၊ လိုင်ကပ်ကျေးရွာအုပ်စု၊ ဆိုင်းမွန်ကျေးရွာသို့ မတ်လ ၇ ရက်နေ့ တွင် ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီနှင့် ရှမ်းပြည်တပ်မတော် (RCSS/SSA)အဖွဲ့မှ လူသစ်စုဆောင်းမှု များ ပြုလုပ်သွားကြောင်း သိရသည်။
“ရွာထဲကို ရောက်လာတယ်၊ လူအင်အားကတော့ ၁၀၀ လောက်တော့ ရှိမယ်ထင်တယ်၊ သူတို့ရွာထဲ ဝင်လာတော့ ကလေးတွေက ကိုယ့်အိမ်ကို ပြန်ပြေးလာကြတယ်၊ ရွာလူကြီးအိမ်ကိုတန်းသွားတယ်၊ ပြီးတော့ ရွာကို လူသစ် ၃ ယောက် စုပေးရမယ်ပြောတယ် ”ဟု ရွာခံတစ်ဦးက ပြောသည်။
အဆိုပါကျေးရွာအုပ်စု၊ ဆိုင်းမွန်ကျေးရွာသို့ RCSS/SSA အဖွဲ့မှ ရောက်ရှိ လာပြီး ကျေးရွာအုပ်ချုပ်ရေးမှူး အားခေါ်ယူ၍ ရွာမှ လူသစ် ၃ ယောက် စုဆောင်းပေးရန် ပြောကြားခဲ့ကြောင်း ရပ်မိရပ်ဖတစ်ဦးက ပြောကြားသည်။
“ရွာမှာရှိတဲ့ လူငယ်လူရွယ်တွေလည်း မရှိကြတော့ဘူး၊ တစ်ခြားဆွေမျိုးတွေရှိတဲ့ မြို့တွေကို သွားနေကြပြီ၊ ကျောင်းပိတ် တာတောင် ပြန်မလာရဲဘူး၊ လူသစ်စုဆောင်းခံရမှာကြောက်ကြလို့လေ၊ ၃ ယောက်စုပေးရမယ် ဆိုတော့ ဘယ်လိုလုပ်ရမှန်းလဲမသိတော့ဘူး၊ အဆင်ပြေအောင်တော့ ညှိရမှာပဲ”ဟု ယင်းဒေသခံရွာသားတစ်ဦး က ပြောသည်။

RCSS/SSA အဖွဲ့အနေဖြင့် ကွန်ဟိန်းမြို့နယ်အတွင်းရှိ ကျေးရွာ အုပ်စုများ၌ နှစ်စဉ် ဆက်ကြေး၊ရိက္ခာများ ကောက်ခံနေသည့်အပြင် မူးယစ်ဆေးဝါးသုံးစွဲသည်ဟုဆိုကာ လူသစ်စုဆောင်းမှုများ မကြာခဏ ပြုလုပ်လျက်ရှိ ကြောင်းနှင့် အပစ်ခတ်ရပ်စဲရေး ကတိကဝတ်စာချုပ်ကို မလိုက်နာရာရောက်ကြောင်း ကွန်ဟိန်းမြို့ ခံ ကျောင်းဆရာ တစ်ဦးက ပြောကြားသွားသည်။
စိုင်းစံဟိန်း
Shan News

No comments:

Post a Comment