Friday, April 3, 2015

တရားရင်ဆိုင်ခြင်း မရှိသည့်အတွက် ဖမ်းဝရမ်း အထုတ်ခံထားရသော ဂရိတ်ဝေါလ်ဦးတင်မောင်နှင့် ဇနီးဒေါ်နန်းလှစိန်တို့မှာ ပြည်တွင်း၌ပင်ရှိနေဟု သတင်းများထွက်ပေါ်နေပြီး သုံးလကြာသည့်တိုင် ဖမ်းဆီးနိုင်ခြင်း မရှိသည့်အပေါ် မြို့ခံများ ဝေဖန်


မန္တလေးမြို့ရှိ တော်ဝင်နှင်းဆီဆေးရုံ တတိယအထပ်တွင် လိုင်စင်မရှိဘဲ ဆေးခန်းဖွင့်လှစ်ခြင်း၊ နိုင်ငံခြားသား တရုတ်နိုင်ငံသား များမှာလည်း ခွင့်ပြုမိန့်မရှိဘဲနေထိုင်ခြင်း၊ ညစ်ညမ်းစာစောင်များနှင့် ဆေးရုံကြော်ငြာမှု တို့ကြောင့်ဆေးရုံပိုင်ရှင် ဦးတင်မောင်နှင့် ဇနီးတို့အား အမှုဖွင့်တရားစွဲဆိုထားခဲ့ရာ တရုတ်နိုင်ငံသားအပါအ၀င် ဦးတင်မောင်(ခ) လီ ဆန်ရှင်းနှင့်ဇနီးမှာ ထွက်ပြေးတိမ်းရှောင်နေသဖြင့် တရားခံပြေးများအဖြစ် ကြေညာထားသည်။

ထိုသို့ မြို့နယ်တရားရုံးမှ တရားခံပြေးအဖြစ် သတ်မှတ်ပြီးနောက် ချမ်းအေးသာစံမြို့နယ် တရားရုံးက ဖမ်းဝရမ်းထုတ်ခဲ့သော်လည်း အမှုဖွင့်ပြီးသည့်နေ့မှစ၍ သုံးလကြာမြင့်နေသည့်တိုင် ဖမ်းဆီးရမိခြင်းမရှိသေးကြောင်း သိရသည်။

ရဲတပ်ဖွဲ့၏ ဖမ်းဆီးမှုများ အခြေအနေနှင့်ပတ်သက်၍ မန္တလေးတိုင်း ရဲတပ်ဖွဲ့မှူးရုံးမှ ဒုတိုင်းတပ်ဖွဲ့မှူး ရဲမှူးကြီးသက်နိုင်က “တိုင်း ရဲတပ်ဖွဲ့နဲ့ သက်ဆိုင်ရာဌာနတွေကို ဦးတင်မောင်နှင့်ဇနီးက စင်ကာပူမှာ ဆေးကုသနေတာမို့ သက်သာပျောက်ကင်းရင် အမှုလာရောက် ရင်ဆိုင်ပါ့မယ်လို့ အကြောင်းကြားထားပေမယ့် ကျွန်တော်တို့ရဲတပ်ဖွဲ့တွေ အနေနဲ့ သူအဓိကနေထိုင်ရာ စစ်ကိုင်းနဲ့ မန္တလေး နေအိမ်တွေမှာ စောင့်ကြည့်နေပါတယ်။ ပိုက်စိပ်တိုကဖမ်းဆီးဖို့ ဆိုတာကတော့ လူသတ်တရားခံ မဟုတ်သလို၊ ဖောက်ခွဲရေး တရားခံလည်းမဟုတ်တဲ့အတွက် မလိုပါဘူး။ နောက်ပြီး တရားရုံးကဆုံးဖြတ်မှ တရားခံဖြစ်မှာပေါ့။ သူနေတတ်တဲ့ မြို့စခန်းတွေမှာ ချိတ်ဆက်ဖမ်းဆီးဖို့တော့ လုပ်ထားပါတယ်” ဟု ပြောကြားသည်။

သို့ရာတွင် တရားခံပြေးများအဖြစ် ကြေညာထားခြင်း ခံရသော်လည်း ယင်းတို့ကို ဖမ်းဆီးနိုင်ခြင်း မရှိသေးသည့်အတွက် ရဲတပ်ဖွဲ့၏ ဆောင်ရွက်နေမှုအပေါ် မြို့ခံများက ဝေဖန်ပြောဆိုမှုများ ရှိနေသည်။

ထိုသို့အခြေအနေများတွင် အမျိုးသားပညာရေးဥပဒေကို ဆန္ဒပြသည့် ကျောင်းသားများအား ပိုက်စိပ်တိုက် ရှာဖွေနေသော်လည်း ၎င်းတို့အား နေအိမ်စောင့်ကြည့်ခြင်း အဆင့်သာရှိနေမှု အပေါ်လည်း မြို့ခံများက ဝေဖန်ပြောကြားသည်။

“ကျောင်းသားတွေကျတော့ ပိုက်စိပ်တိုက်ပြီး အိမ်တိုင်ရာရောက် လိုက်ဖမ်းတယ်။ ဘယ်နားမှာ ဘာလုပ်သလဲ လိုက်ကြည့်တယ်။ ဘယ်လောက်ထိ ဆိုးသလဲဆိုတော့ လမ်းပေါ်မှာဆိုင်ကယ်ကို လှမ်းဆွဲလှဲပြီး ဖမ်းတဲ့အဆင့်ထိလုပ်တယ်။ စီးပွားရေးသမားတွေနဲ့ အခုထွက်ပြေးနေတဲ့ ဂရိတ်ဝေါလ်ဦးတင်မောင်တို့ ဆိုတာ ဖမ်းဖို့လွယ်ပါတယ်။ ဒါပေမဲ့ ဘာကြောင့်မဖမ်းတာလဲ။ အထက်ကလူကြီးမင်းများနဲ့ ပတ်သက်နေလို့ ဆက်နွယ်နေလို့ မဖမ်းတာလား။ နောက်တစ်ခုက ကိုသိန်းအောင်မြင့်တို့ လင်မယားကို ထောင်ခြောက်လချလိုက်တယ်။ ဒါပေမဲ့ သူ့အမျိုးသမီးက ဆန္ဒပြတဲ့ထဲမှာ လုံးဝမပါဘူး။ သူက၀င်ရောက်ပြီး အကြမ်းမဖက်ပါနဲ့လို့ ပြောလိုက်တာလေးနဲ့ ထောင်ခြောက်လ ချလိုက်တယ်။ ဒါ လူ့အခွင့်အရေးကို အရမ်းကို ချိုးဖောက်နေပါတယ်။ ဂရိတ်ဝေါလ်ဦးတင်မောင်တို့ လွှတ်ထားတာက အထက်အမိန့်ကြောင့်ပဲ ဖြစ်ပါလိမ့်မယ်။ ကြားသိတဲ့ သတင်းတွေအရတော့ ဂရိတ်ဝေါလ် ဦးတင်မောင်ဆိုတာ ဗမာလူမျိုးမဟုတ်သလို ဗိုလ်ချုပ်ကြီးတွေ၊ ဗိုလ်မှူးတွေစတဲ့ ပုဂ္ဂိုလ်ကြီးတွေနဲ့ မကင်းရာ မကင်းကြောင်း ပတ်သက်မှုတွေ အများကြီး ရှိတာတွေကြောင့်ပဲ မဖမ်းတာလား။ ကျောင်းသားတွေကျတော့ ပြည်သူထဲက ပြည်သူတွေမို့ ဖမ်းနေတာလား။ အဲဒါလေးတစ်ခုတော့ အစိုးရကို မေးချင်ပါတယ်။ ရဲဌာနကိုလည်း မေးချင်ပါတယ်” ဟု ကျောင်းသားအရေးကို အစဉ်တစိုက်လိုက်ပါ ဆောင်ရွက်နေသူ မန္တလေးမြို့ခံ ဒေါ်အမာနီက ဆိုသည်။

“ဘာပဲဖြစ်ဖြစ် ကျောင်းသားပဲဖြစ်ဖြစ်၊ စီးပွားရေးသမားပဲဖြစ်ဖြစ် အားလုံးက တန်းတူရည်တူရှိရမယ်။ ဥပဒေကတစ်မျိုးတည်းပဲ ရှိရမယ်။ နှစ်မျိုးတော့ မဖြစ်သင့်ဘူး။ ဦးတင်မောင် (ခ) လီဆန်ရှင်းဟာ ဒီမှာရှိနေရင် သူတို့ကို ဖမ်းရမယ်။ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့အနေနဲ့ ကျန်တဲ့တရားခံတွေကို ပိုက်စိပ်တိုက် ဖော်ထုတ်နိုင်ခဲ့တဲ့ အစဉ်အလာ ကောင်းတွေလည်းရှိတယ်။ ဒီတစ်ကြိမ်မှာ ဂရိတ်ဝေါလ် တင်မောင်  (ခ) လီဆန်ရှင်းကို မဖော်ထုတ်နိုင်ဘူးဆိုတော့ ကိုယ်တို့ ပြည်သူတစ်ယောက်အနေနဲ့ ရဲတပ်ဖွဲ့ကို အံ့အံ့သြသြကို မြင်မိတယ်။ အစမရှိတဲ့အမှုမျိုးကို တောင်ဖော်ထုတ်နိုင်တဲ့ တပ်ဖွဲ့မျိုးက အစလည်းရှိတဲ့ အဆုံးလည်းရှိတဲ့ လီဆန်ရှင်း (ခ) ကိုတင်မောင်ကို  မထုတ်ဖော်နိုင်တော့ အံ့သြမိတယ်။ ဒါပေမဲ့ သူတို့က ရဲလုပ်ငန်းကို အင်မတန်ကျွမ်းကျင်တဲ့ ပုဂ္ဂိုလ်ဖြစ်ပါတယ်။ ဘာကြောင့် မဖမ်းမိလဲဆိုတဲ့ အကြောင်းတရားကတော့ သူတို့အသိဆုံး ဖြစ်မှာပါ” ဟု အမည်မဖော်လိုသူ စီးပွားရေးလုပ်ငန်းရှင် တစ်ဦးက ပြောကြားသည်။

တော်ဝင်နှင်းဆီဆေးရုံအမှုနှင့် ပတ်သက်၍ တရားရုံးတွင်လာရောက် ရင်ဆိုင်ခြင်းမရှိသော ဂရိတ်ဝေါလ် ဦးတင်မောင်နှင့် ဇနီးဒေါ်နန်းလှစိန်တို့မှာ စင်ကာပူနိုင်ငံသို့ ရောက်ရှိနေသည်ဟု ဆိုသော်လည်း ၎င်းတို့ ဇနီးမောင်နှံမှာ မြန်မာပြည်တွင်း၌ပင် ရှိနေကြောင်း နီးစပ်ရာ အသိုင်းအ၀ိုင်းမှ သိရသည်။

ဦးတင်မောင်အား ၂၀၁၅ ခုနှစ် ဇန်န၀ါ ရီ ၁ ရက်တွင် အမှုဖွင့်သည့်အခါ ၎င်းတို့ဇနီးမောင်နှံတို့ မရှိတော့ဟု ရဲတပ်ဖွဲ့မှဆိုသော်လည်း ၂၀၁၅ ခုနှစ် ဇန်န၀ါရီ  ၁၂  ရက် ရက်စွဲဖြင့် နေပြည်တော်ရှိ စာချုပ်စာတမ်း မှတ်ပုံတင်ဌာနတွင် သားဖြစ်သူ ဦးထွန်းထွန်းဝင်းအား ၎င်းကတရားလိုပြု၍ စွဲဆိုထားသော အမှုအတွက် General Power လွှဲအပ်ခဲ့သည့် ကိုယ်စားလှယ်လွှဲစာကို ဇန်န၀ါရီ ၁၆ ရက်က မန္တလေးခရိုင်တရားရုံးသို့ တင်သွင်းခဲ့သည်။

အဆိုပါ ကိုယ်စားလှယ်လွှဲစာတွင် ဦးတင်မောင်၏ လိပ်စာမှာ အမှတ်(၅၆၂၇)၊ ဇ၀န သိဒ္ဓိရပ်ကွက်၊ ဥတ္တရသီရိမြို့၊ နေပြည်တော်ဟု ဖော်ပြပါရှိသည့်အတွက် ဦးတင်မောင်မှာ နေပြည်တော်၌ တိမ်းရှောင်ကာ နေထိုင်နေသည်ဟု စီးပွားရေးလုပ်ငန်းရှင်များက သုံးသပ်ပြောဆိုမှုများ ရှိနေသည်။

ထို့အပြင် ဦးတင်မောင်နှင့် ဇနီးဒေါ်နန်းလှစိန်တို့မှာ မန္တလေးမြို့ ဧရာဝတီမြစ်အတွင်းရှိ ၎င်းပိုင်ရေယာဉ် (ရှော်တယ်) ပေါ်၌ အနားယူနေကြောင်းနှင့် ၎င်းပိုင်ဆိုင်မှုများကို သားဖြစ်သူ ဦးထွန်းထွန်းဝင်းအား အမည်လွှဲပြောင်း ပေးထားကြောင်းလည်း သတင်းများ ထွက်ပေါ်နေသည်။

ထို့အပြင် ၎င်းပိုင်ဆိုင်သော တော်ဝင်နှင်းဆီဆေးရုံမှာလည်း မန္တလေးမြို့ စည်ပင်သာယာရေးကော်မတီ၊ MIC တို့နှင့် ချုပ်ဆိုခဲ့စဉ်က ဆေးရုံတည်ဆောက်ခွင့် မပါဝင်ဘဲ စာချုပ်များကို ချိုးဖောက်ခဲ့ခြင်းဖြစ်ကြောင်း စီးပွားရေးလုပ်ငန်းရှင် တစ်ဦးက ပြောကြားသည်။

Eleven Media Group 

No comments:

Post a Comment