Friday, April 10, 2015

အခြေခံဥပဒေကို လွှတ်တော်က အချိန်မီ မပြင်နိုင်လျှင် ပြည်သူလူထုကို အားကိုးမည်ဟု ဒေါ်စု ပြော

၂၀၀၈ ဖွဲ့ စည်းပုံ အခြေခံဥပဒေကို လွှတ်တော်က လျာထားချက်များအတိုင်း အချိန်မီ မပြင်နိုင်လျှင်  ပြည်သူလူထုကို အားကိုးမည်ဟု ဒေါ်အောင်ဆန်းစုကြည်က တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီရုံးတည်ရှိရာ လွှတ်တော်ရေးရာ အိုင်အဆောင် (၁၂)တွင် ယနေ့ ညနေ မီဒီယာများနှင့်တွေ့ ဆုံစဉ် မဇ္ဈိမ၏ အမေးကို ဖြေကြားခဲ့သည်။
su
“တကယ်ဆိုရင်တော့ သိတဲ့အတိုင်းပဲ အန်တီတို့ ကိုယ်စားလှယ်တွေက လူနည်းစုလေ။ လူနည်းစုဆိုတော့ လွှတ်တော်ထဲမှာ လုပ်နိုင်တဲ့ အတိုင်းအတာက အင်မတန် အကန့်အသတ် ရှိပါတယ်။ နာယကကြီးက တင်မယ် ဆိုရင်တော့
နာယကကြီးတို့အဖွဲ့တွေက အများကြီးပိုပြီး အားရှိပါတယ်။ ပြည်ခိုင်ဖြိုး ကိုယ်စားလှယ်တွေက လူများစုလေ။ ဒါကတော့ နာယကကြီးအနေနဲ့ အခြေအနေကို သုံးသပ်ပြီး ပြောတဲ့ကိစ္စပေါ့။ အန်တီတို့အနေနဲ့ကတော့ ကိုယ့်ဘာကိုယ် ပြင်ဆင်တာပေါ့။ နိုင်ငံရေးဆိုတာ လွှတ်တော်အတွင်းမှာပဲ ရှိတာ မဟုတ်ပါဘူး။ လွှတ်တော်ပြင်ပနိုင်ငံရေးလည်း ရှိပါတယ်။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က လွှတ်တော်ပြင်ပ နိုင်ငံရေးရော လွှတ်တော်အတွင်း နိုင်ငံရေးရော နှစ်ခုလုံးကို လုပ်နေတာပါ။ တစ်ခြားအဖွဲ့တွေလည်း နှစ်ခုလုံး လုပ်နေတာပါ၊့ ဒါပေမယ့် ပြောရမယ်ဆိုရင် အထူးသဖြင့် အဖွဲ့ချုပ်က လွှတ်တော်ပြင်ပနိုင်ငံရေးကို လုပ်ခဲ့တာလည်း ကြာပြီ။ တော်တော်လည်း ၀ါရင့်ခဲ့ပြီ။ နောက်ပြီးတော့ အဖွဲ့ချုပ်ရဲ အဓိက အင်အားက ပြည်သူလူထုပဲဖြစ်ပါတယ်။ အဲ့ဒီလိုပဲ ပြည်သူလူထုရဲ့ အင်အားကိုပဲ အားကိုးတယ်” ဟု သူမက ဖြေကြားခဲ့သည်။
ကျင်းပနေဆဲ ၁၂ ကြိမ်မြောက်လွှတ်တော် အစည်းအဝေးတွင် အခြေခံဥပဒေပြင်ဆင်ရေး ဆောင်ရွက်မည်၊ သို့ မှသာ မေလတွင် ပုဒ်မ ၄၃၆ ပါ ဥပဒေများအတွက် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ကျင်းပနိုင်မည်ဟု လွှတ်တော် နာယက သူရဦးရွှေမန်း ကတိပြုထားသော်လည်း လက်ရှိ အစည်းအဝေး ပြီးဆုံးခါနီးသည်အထိ အစပင် မပျိုးနိုင်သောကြောင့် အချိန်မီ မပြီးပါက မည်သို့ တွန်းအားပေးဆောင်ရွက်မည်နည်းဟု မေးသည်ကို ဒေါ်စုက ဖြေကြားခဲ့ခြင်းဖြစ်သည်။
ဧပြီ ၁၀ ရက်နေ့လည်တွင် သမ္မတအိမ်တော်၌ တွေ့ ဆုံကြမည့် ခြောက်ပွင့်ဆိုင် အစည်းအဝေးသည် အခြေခံဥပဒေ ပြင်ဆင်နိုင်ရေးအတွက် အားကောင်းသော အထောက်အပံ့ ဖြစ်လာမည်လားဟု ဆက်မေးသည့်အခါ သူမက “ပထမဆုံး တွေ့ဆုံပွဲဆိုတော့ ဘာတွေဖြစ်လာမလဲ ဆိုတာ ပြောရတာ အင်မတန်ခက်ပါတယ်။ တော်ကြာ လက်ဖက်ရည်သောက်တာနဲ့ပဲ အချိန်ကုန်ရင်လည်း ကုန်သွားမှာပေါ့” ဟု အရွှန်းဖောက်ကာ ဖြေကြားခဲ့သည်။
သို့ ရာတွင် ခြောက်ပွင့်ဆိုင်တွေ့ ဆုံပွဲအပေါ် သူမက  “ဒါဟာ ပြည်ထောင်စုလွှတ်တော်ရဲ့ တောင်းဆိုချက်ပါ။ ကျွန်မ တောင်းဆိုချက်နဲ့ မဆိုင်ပါဘူး။ ၂၀၁၃ခုနှစ်ပေါ့ ၂နှစ်ကျော်ကျော်ကတည်းက တောင်းထားတာ လေးပွင့်ဆိုင်ပါ။ ခြောက်ပွင့်ဆိုင်မှာ လွှတ်တော် ဥက္ကဋ္ဌ နှစ်ဦး၊ တိုင်းရင်းသားတွေက ရွေးချယ်တဲ့ ကိုယ်စားလှယ်လည်း ပါတာဖြစ်တဲ့အတွက် ကျွန်မတို့အနေနဲ့ သဘောတူပါတယ်။ ဒါကန့်ကွက်စရာမရှိပါဘူး။ ပြည်ထောင်စုလွှတ်တော်ရဲ့ အဆိုပြုချက်ကိုသမ္မတကစတင် လက် ခံတွေ့ဆုံတယ်ဆိုတာ ကောင်းပါတယ်။ ဒါပေမယ့် အရေးကြီးတာက ဆက်လက်ပြီးတော့ တွေ့ဆုံဖို့ နောက်ပြီးတော့ ဒီတွေ့ဆုံပွဲတွေဟာ တကယ်ပဲ နိုင်ငံ့အတွက် အကျိုးဖြစ်စေမယ့် သဘောတူညီချက်ကိုရနိုင်ဖို့ ဒါကသာ အရေးကြီတာပါ” ဟု ဖြေကြားခဲ့သည်။
အဆိုပါ ခြောက်ပွင့်ဆိုင်တွင် မည်သည့်အချက်များကို ဆွေးနွေးမလဲ၊ ဘယ်လို မျှော်လင့်ထားသလဲ ဟု မီဒီယာတစ်ဦးက မေးသည်ကို သူမက “တွေ့ဆုံပွဲတွေကစတောင်မစရသေးဘူး။ အဲ့တော့ တွေ့ဆုံပွဲတွေမှာ ဘာတွေပြောမလဲ၊ ဘာတွေဘယ်လိုဘယ် အထိရောက်မယ်ဆိုတာကို ခုပြောဖို့ဆိုတာ ဘယ်လိုမှမဖြစ်နိုင်ပါဘူး။ ပြောရင်လည်း ခန့်မှန်းခြေပဲဖြစ်မှာပါ” ဟု ဖြေကြားခဲ့သည်။
လာမည့်ရွေးကောက်ပွဲသည် လွတ်လပ်ပြီး တရားမျှတမည်ဟု ထင်ပါသလား၊ ရွေးကောက်ပွဲကောမရှင်အပေါ် ယုံကြည်ပါသလားဟု မေးရာတွင်
“အန်တီတို့အဖွဲ့ကနေပြီးတော့ ရွေကောက်ပွဲကော်မရှင်ကို အကြုံပြုခဲ့ပါတယ်။ ဒီရွေးကောက်ပွဲကော်မရှင်ထဲမှာ ပါဝင်တဲ့ ဥက္ကဋ္ဌနဲ့  အခြားအဖွဲ့ဝင်တွေဟာ ဘယ်နိုင်ငံရေးပါတီရဲ့ အဖွဲ့ဝင်မှ အနည်းဆုံး ငါးနှစ်မဖြစ်ခဲ့တဲ့ သူတွေပဲ ဖြစ်သင့်တယ်လို့ အကြံပြုခဲ့တာရှိပါတယ်။ ဒါပေမယ့်လည်း အခုလက်ရှိဖွဲ့စည်းပုံအရ စည်းမျဥ်းစည်းကမ်းတွေအရ ဆိုရင် ဒါဟာမဖြစ်နိုင်သေးဘူး။ အဲ့တော့ အန်တီပြောချင်တာက အခုလက်ရှိ ဥက္ကဋ္ဌက ဘယ်ပါတီဝင်ပဲဖြစ်ခဲ့ခဲ့ အရေးကြီးတာက သူမှန်မှန်ကန်ကန်နဲ့မျှမျှတတလုပ်ဖို့ပဲ။ လူတစ်ယောက်ဟာ ဘယ်နိုင်ငံရေး ပါတီဝင်မှမဖြစ်ခဲ့လို့ ဘက်မလိုက်ဘူးလို့လည်း အဲ့လိုလည်း အတိအကျပြောလို့မရဘူး။ နိုင်ငံရေးပါတီတစ်ခုရဲ့အဖွဲ့ဝင်ဖြစ်ခဲ့လို့ ဘက်လိုက်မယ်လို့ ဒီလိုလည်း ပြောလို့မရဘူး။ အရေးကြီးတာဟာ ဥက္ကဋ္ဌအနေနဲ့ ဘယ်ဘက်မှမလိုက်ဘဲ မှန်မှန်ကန်ကန် လုပ်မလားဆိုတာ အဲ့ဒါကို အဓိက ဝိုင်းကြည့်ရမှာ မီဒီယာတွေပဲ” ဟု ဖြေကြားခဲ့သည်။
ယခုကဲ့သို့  ရွေးကောက်ပွဲ တဖြည်ဖြည်းနီးလာချိန်တွင် ရွေးကောက်ပွဲအပေါ် မီဒီများ၏ စိတ်ဝင်စားမှုက လုံလောက်ရဲ့လား ဆိုသည်ကိုလည်း ကိုယ်တိုင် သုံးသပ်ကြစေလိုကြောင်း၊ ရွေးကောက်ပွဲနှင့် ပတ်သက်ရင် ပါတီများ၏ လှုပ်ရှားမှုကိုကြည့်ရုံနှင့် မပြီးဘဲ အုပ်ချုပ်ရေးအဖွဲ့ ၏ လှုပ်ရှားမှု ကိုလည်း ကြည့်ရမှာဖြစ်ကြောင်း သူမက ထောက်ပြခဲ့သည်။
“သက်ဆိုင်ရာအဖွဲ့ တွေရဲ့ ဆောင်ရွက်မှုက မျှမျှတတရှိရဲ့လား ရွေးကောက်ပွဲ ပါတီတွေက ဥပဒေအရ မှန်မှန်ကန်ကန်လုပ်နေရဲ့လား ရွေးကောက်ပွဲကျင်းပရေးကော်မရှင်က မျှမှတတရှိရဲ့လား မှန်မှန်ကန်ကန်လုပ်ရဲ့လား၊ အုပ်ချုပ်ရေးဆိုင်ရာက မျှမျှတတရှိရဲ့လား၊ မှန်မှန်ကန်ကန်လုပ်ရဲ့လား၊ ပြည်သူလူထုတွေ မှန်ကန်တဲ့သတင်းကိုပြည့်ပြည့်၀၀ရအောင်လို့ မီဒီယာတွေက မှန်မှန်ကန်ကန် လုပ်နေရဲ့လားပြည့်ပြည့်စုံစုံတာဝန်ကျေရဲ့လား အဲ့ဒါတွေကိုသုံးသပ်ရမှာဖြစ်ပါတယ်” ဟုလည်း သူမက လမ်းညွှန်ပြောကြားခဲ့သည်။
Mizzima 

No comments:

Post a Comment