ပူတာအိုမြို့မှ ရှစ်နာရီကြာ ဆိုင်ကယ်ဖြင့် ခရီးနှင်ပြီးသည်နှင့် နောင်မွန်းမြို့မှ ကြိုဆိုပါ၏ဆိုသည့် အနည်းငယ်ပေါက်ပြဲနေသော မြို့ဝင်ဆိုင်းဘုတ်ဗီနိုင်းကို တွေ့မြင်ရမည်ဖြစ်သည်။
ဆိုင်းဘုတ်ကိုကျော်လာလျှင်တော့ လောလောလတ်လတ် ခင်းထားသည့် မြို့တွင်းသုံးမိုင်ကတ္တရာလမ်းကို မြင်ရမည်ဖြစ်ကာ ဆက်သွားလျှင် နောင်မွန်းမြို့ပေါ် ရပ်ကွက်သို့ ရောက်ရှိမည်ဖြစ်သည်။
မြို့အဝင် ဘေးဘီဝဲယာကို မျက်လုံးဝေ့ကြည့်လိုက်လျှင် မီးကြိုးများ တိုးလိုးတန်းလန်း ချိတ်ဆွဲထားသော ဆွေးမြည့်နေသည့် သစ်သားဓာတ်တိုင်များ၊ ဒေသအခေါ် တိန်းကော်များမိုးထားသည့် အိမ်များ၊ လမ်းမပေါ် သွားလာနေသည့် ဒေသခံများနှင့် ကျွဲနွားများကိုမြင်တွေ့ရပေမည်။
‘‘နောင်မွန်းက ၁၉၆၀ မတိုင်ခင်ကတည်းက မြို့အဖြစ် သတ်မှတ်ပြီးတဲ့မြို့ပါ။ ဒါပေမဲ့ အခုထိသိပ်ပြောင်းလဲမှုမရှိဘူး’’ဟု နောင်မွန်းမြို့ စတည်ကတည်းက နေထိုင်လာသည့် နောင်မွန်းမြို့သား အသက် (၇၀)အရွယ် နုံလုံမီ (Nung-lungmi)လူမျိုးတစ်ဦးက ပြောသည်။
နောင်မွန်းမြို့သည် မြန်မာပြည်အစွန်ဆုံးမြို့ ဖြစ်သကဲ့သို့ မြန်မာနိုင်ငံ၏ ထူးခြားလှပသော ခါကာဘိုရာဇီရေခဲတောင်ကိုသွားသည့် ရေခဲတောင်တက်သမားများ တစ်ထောက်နားရာ မြို့ငယ်ဖြစ်သည်။
ထိုဒေသတွင် လူဦးရေ ၇,၀၀၀ ကျော် အခြေချနေထိုင်ပြီး ကချင်တိုင်းရင်းသားမျိုးနွယ်စုဖြစ်သည့် နုံလုံမီ(Nunglungmi) လူမျိုးများ နေထိုင်သည့် ဒေသတစ်ခုလည်းဖြစ်သည်။ ၁၉၆၃ နှင့် ၁၉၆၄ ခုနှစ်များက အစိုးရတပ်မတော်နှင့် ကချင်လွတ်မြောက်ရေးတပ်မတော် ကေအိုင်အေတို့ကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီးကတည်းက တိုက်ပွဲများမရှိခဲ့သည့် ဒေသဖြစ်ကြောင်းလည်း ဒေသခံများကဆိုသည်။ တိုက်ပွဲများကင်းစင်သည်သာမက ထိုဒေသတွင် ကေအိုင်အေစခန်းလည်း မရှိသလို တပ်မတော်စခန်းလည်း အခြေစိုက်ထားခြင်းမရှိပေ။
ဒေသဖွံ့ဖြိုးတိုးတက်မှုမရှိသည့်အတွက် ဦးသိန်းစိန်အစိုးရလက်ထက်တွင် စီမံကိန်းရေးဆွဲကာ ဘတ်ဂျက်ချထားပြီး လမ်းပန်းဆက်သွယ်ရေး၊ ဒေသခံများ စားဝတ်နေရေး အဆင်ပြေရေး၊ ဖွံ့ဖြိုးတိုးတက်ရေးများကို ၂၀၁၃-၁၄ မှစ၍ တိုးမြှင့်လုပ်ဆောင်လျက်ရှိသည်။
သို့သော် ထိုစီမံကိန်းများအတွက် ဘတ်ဂျက်ပမာဏများပြားသော်လည်း အကောင်အထည်ဖော်သည့်နေရာတွင် အားနည်းချက်များစွာရှိနေပြီး အဆောက်အအုံနှင့် လမ်းပိုင်းတည်ဆောက်ရေးများတွင် အရည်အသွေးနှင့် ပတ်သက်၍ စိတ်ကျေနပ်မှုမရှိကြောင်း နောင်မွန်းဇုန်နယ်နှစ်ခြင်းအသင်းတော်မှ အတွင်းရေးမှူးဆရာဆင်ဆာရ်းကပြောသည်။
နောင်မွန်းမြို့နယ်နှင့် ပူတာအိုခရိုင်တွင် လုပ်ကိုင်ခွင့်များရရှိ ကာ လုပ်ကိုင်နေသည့်လုပ်ငန်းအချို့သည် လွှတ်တော်အမတ်များ၊ ပြည်သူ့စစ်များ ပိုင်ဆိုင်သော တစ်နည်းနည်းဖြင့် ပတ်သက်ဆက်နွှယ်နေသော ကုမ္ပဏီများဖြစ်ကြောင်း ဒေသခံများကပြောသည်။
၂၀၁၃-၁၄ ဘဏ္ဍာနှစ် ဘတ်ဂျက်ဖြင့် မချမ်းဘော- နောင်မွန်းလမ်း သဲကျောက်ခင်းလမ်း ကွန်ကရစ်တံတားခင်းခြင်း၊ ကြိုးတံတားများ၊ ဆိုင်ကယ်လမ်းများ၊ မူလတန်းကျောင်းများ၊ ရေပေးဝယ်ရေးနှင့် ရေကာတာတည်ဆောက်ခြင်း၊ နောင်မွန်းလေယာဉ်ကွင်းတည်ဆောက်ခြင်း စသည့်လုပ်ငန်းများ လုပ်ကိုင်လျက်ရှိသည်။
‘‘နောင်မွန်း-မြစ်ကြီးနားလမ်းလည်း သဲဖြူးတာပဲတွေ့တယ်။ ဒီအတိုင်းဆို ကားကြီးလာရင်ပျက်ပြီ’’ဟု ဆရာဆင်ဆာရ်းကဆိုသည်။
မချမ်းဘော-နောင်မွန်းလမ်းသည် ၆၄ မိုင် အရှည်ရှိသည့်လမ်းဖြစ်ပြီး မြို့နယ်အလိုက် အပိုင်းများခွဲကာ ၂၀၁၃-၁၄ နှင့် ၂၀၁၄- ၁၅ ဘတ်ဂျက်ဖြင့် ဆောက်လုပ်လျက်ရှိသည်။
‘‘အခုလောက် ကောင်းအောင်တောင် သူတို့လည်း တော်တော်ကြိုးစားပြီး လုပ်ထားရတယ်။ အင်မတန်ခက်ခဲတယ်။ ယန္တရားလည်း ခက်ခဲတယ်။ ကျွန်တော်လည်း အမြဲတမ်း အစိုးရကိုယ်စား တွန်းအားပေးပြီး လုပ်ပေးနေတယ်။ ပင်မအခက်အခဲလည်းရှိတယ်။ ဒီမှာက ၁၂ လရှိရင် ခုနစ်လလောက် မိုးရွာတော့ အလုပ်လုပ်ချိန်က သိပ်မရှိဘူး’’ဟု နောင်မွန်းမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်နိုင်ဦးက ဒေသဖွံ့ဖြိုးရေးလုပ်ဆောင်ရာတွင် ကြုံတွေ့ရသည့် အခက်အခဲများကို ပြောကြားသည်။
နောင်မွန်းမြို့နယ်တွင်း ဖောက်လုပ်သည့် လမ်းပိုင်းနှစ်ခုအတွက် ဘတ်ဂျက်မှာ သိန်းငါးသောင်းကျော်ဖြစ်ကြောင်းလည်း နောင်မွန်းမြို့နယ်မှ အုပ်ချုပ်ရေးဝန်ထမ်းတစ်ဦးကပြောသည်။
ဘတ်ဂျက်အသေးစိတ်သိနိုင်ရန် နောင်မွန်းမြို့နယ်အုပ်ချုပ်ရေးမှူးထံ သွားရောက်မေးမြန်းသော်လည်း အသေးစိတ်မသိကြောင်း ပြောကြားသည်။
ဘတ်ဂျက်သက်တမ်းသည် မတ်လ ၃၁ ရက်တွင် ကုန်ဆုံးမည်ဖြစ်ပြီး အဆိုပါဘတ်ဂျက်နှစ်ကုန်ဆုံးပါက လုပ်ငန်းပြီးစီးအပ်ရမည်ဖြစ်ကြောင်း ပန်နန်ဒင့်အုပ်ချုပ်ရေးမှူးကဆိုသည်။ သဲကျောက်ခင်းလမ်းကိုလည်း ၁၄ ပေအကျယ် သဲကျောက်ခင်းကာ ခိုင်ခံ့အောင်လုပ်ရမည်ဖြစ်ကြောင်းလည်းဆိုသည်။
မချမ်းဘော-နောင်မွန်းလမ်းတွင် ယခုအချိန်ထိ ရွှံ့ဗွက်များကို တွေ့မြင်ရဆဲဖြစ်သည်။ နွေရာသီရောက်ရှိပြီဖြစ်သော်လည်း အချို့နေရာများတွင် ဗွက်ထူလွန်းသည့်အတွက် ဆိုင်ကယ်စီးပြီးသွားရန် လွန်စွာခက်ခဲသည်။
သဲကျောက်ခင်းလမ်းဆိုသော်လည်း အချို့နေရာတွေမှာ အပေါ်ယံ သဲဖြူးထားသည့်နေရာများသာ။
‘‘လမ်းကမကောင်းလည်း ဒီလမ်းလုပ်တဲ့ ပူတာအို-မချမ်းဘောက ဆောက်လုပ်ရေးသမားတွေက လော်ပန်(သူဌေး)ဖြစ်ကုန်ပြီ’’ဟု ပူတာအိုမှ ဘာသာရေးဆရာတစ်ဦးကပြောသည်။
နောင်မွန်း-ပူတာအိုလမ်းသာမက ခေါင်လန်ဖူးဌာန ပြည်သူ့စစ်အဖွဲ့ခေါင်းဆောင် ဒန်ဖူးတန်၏ ကုမ္ပဏီဖြစ်သည့် လပြည့်ဝန်းကုမ္ပဏီက တာဝန်ယူဆောက်လုပ်သည့် ပူတာအို-ပန်ဆက်-နောင်မွန်း-ထုံလာဆိုင်ကယ်လမ်းနှင့် ကော့လဲ-ပန်နန်ဒင့် ဆိုင်ကယ်လမ်းသည်လည်း ဘတ်ဂျက်နှစ်ပြီးဆုံးပြီဖြစ်သော်လည်း လူဖြတ်ဖို့ပင် အလွန်ခက်ခဲသည်ဟု ဒေသခံများကဆိုကြသည်။
‘‘စီမံကိန်းတော့ပြီးပြီ။ လူတောင်သွားလို့မရဘူး။ ပန်နန်ဒင့်လမ်းလည်း အခုထိသွားလို့မရဘူး။ စီမံကိန်းနှစ်တော့ ၂ နှစ်ရှိပြီ။ ပန်နန်ဒင့်ထိ ဆိုင်ကယ်ထမ်းသွားပြီး ဆိုင်ကယ်လမ်းပေါက်ပြီလို့ ပြောထားတယ်။ တကယ်က သွားလို့မရဘူး’’ဟု ဆရာဆင်ဆာရ်းကပြောသည်။
ထိုမျှမက ပူတာအိုအမျိုးသားလွှတ်တော်အမတ် ဦးဂျေယောဝု ပိုင်သည့် နှင်းတောင်နဂါးကုမ္ပဏီမှ တာဝန်ယူပြီးဆောက်သည့် မိုင် ၂၀ ရှိသည့် ထိန်ဂါး-ဒိန်ချက် ဆိုင်ကယ်လမ်း၊ ၁၀ မိုင်အရှည်ရှိသည့် အင်ခါဂါး-မပြုံး ဆိုင်ကယ်လမ်းနှင့် ကြိုးတံတားများ ပြုလုပ်ရာတွင်ပါဝင်သည့် ဒေသခံများအား တစ်မိုင်လျှင် ၁၈ သိန်း ကုန်ကျခံပြုလုပ်ခိုင်းပြီး ယခုချိန်ထိ ငွေကြေးမရရှိသေးကြောင်းလည်း အင်ခါဂါးဒေသခံများကဆိုသည်။
နောင်မွန်းဒေသခံများ/ဓာတ်ပုံ- မရန်
‘‘လမ်းကလုပ်ပြီးပြီ။ ပိုက်ဆံက မရသေးဘူး။ စစ်တပ်ကလည်း တူးတယ်။ စစ်တပ်ကိုတော့ ပေးပြီးပြီတဲ့။ ကျွန်တော်တို့က မရသေးဘူး’’ဟု အင်ခါဂါးမှ လမ်းတူးသည့်ဒေသခံတစ်ဦးကဆိုသည်။
ကြိုးတံတားများကိုလည်း ဒေသခံများအား တစ်ဆင့်ပြန်လည်ပြုလုပ်ခိုင်းပြီး ပေ ၂၀၀ ရှိသည့် တံတားအား ကျပ်သိန်း ၂၀ ဖြင့်သာ ပြန်လည်လုပ်ကိုင်ခိုင်းသည့်အတွက် မလုံလောက်ကြောင်းလည်း တံတားဆောက်လုပ်နေသည့် ဒေသခံများမှဆိုသည်။
လုပ်ငန်းများ စစ်ဆေးရန် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဆောင်သည့် မြို့နယ်အရည်အသွေးစစ်ဆေးရေးကော်မတီ ဖွဲ့ထားပြီး ထိုအဖွဲ့မှ နှစ်စဉ်စစ်ဆေးလျက်ရှိကြောင်းလည်း ကချင်ပြည်နယ် ဆောက်လုပ်ရေးဌာနမှ ဦးစီးမှူးဦးဝင်းမြင့်ဦးကပြောသည်။
နောင်မွန်းမြို့ ပြည်နယ်လွှတ်တော်အမတ် ဦးချန်တန်ခင်ပိုင်သည့် ခါနန်စီးတီးကုမ္ပဏီ တာဝန်ယူဆောက်လုပ်သည့် နောင်မွန်းမြို့တွင်း ရေပေးဝေရေးစနစ်သည်လည်း ပြီးစီးခါစမှာပင် ပိုက်ခေါင်းများ ပျက်စီးသွားကြောင်း ဒေသခံများက ဆိုကြသည်။
ကချင်ပြည်နယ် လူမှုအဖွဲ့အစည်းမှ တာဝန်ရှိသူတစ်ဦးက နိုင်ငံတော်ဘတ်ဂျက်၊ လွှတ်တော်ဘတ်ဂျက်များအား စောင့်ကြည့်သည့် အဖွဲ့အစည်းများ လိုအပ်ပြီဖြစ်ကြောင်း ထောက်ပြပြောဆိုသည်။
ပူတာအိုခရိုင်တွင်ဆောက်သည့် ကျောင်းအချို့သည်လည်း အရည်အသွေးပြည့်မီခြင်း မရှိသည့်အတွက် တာဝန်ရှိသူများအား သွားရောက်စစ်ဆေးပေးရန် ပြောဆိုထားသော်လည်း ယခုအထိ လာရောက်စစ်ဆေးခြင်းမရှိကြောင်း ဘင်ခူးကျေးရွာ မူလတန်းကျောင်းအုပ်ဆရာ ဦးတူးအောင်ကပြောသည်။
နောင်မွန်းမြို့တွင် လမ်းပန်းဆက်သွယ်ရေး မကောင်း၍ ကားကြီးများသွားလာရန် အဆင်မပြေသည့်အတွက် ပူတာအိုမြို့ထက် ကုန်ဈေးနှုန်းပိုကြီးမြင့်လာသည်။ ဆန်တစ်အိတ်လျှင် ကျပ်ငွေခုနစ်သောင်းခန့် ဈေးပေးဝယ်ယူရသည်။
စားသောက်ကုန်ပစ္စည်း ဈေးကြီးပေးဝယ်ယူသည်သာမက လမ်းပန်းဆက်သွယ်ရေး ခက်ခဲ၍ ကျောင်းဆရာမများ မလာနိုင်သဖြင့် ဒေသခံများ၊ ကျောင်းသားများ စာကောင်းမွန်စွာ မသင်ရသည်မှာ နှစ်ပေါင်းများစွာ ရှိခဲ့ပြီဖြစ်သည်။
ဆေးရုံရှိသော်လည်း ဆရာဝန်မရှိသည့်အတွက် လူနာများ အဖျားကြီးလာလျှင် ပူတာအိုသို့ ထမ်းစင်များဖြင့်ထမ်းပြီး သယ်ဆောင်ကာ ဆေးသွားကုခဲ့ရသည်မှာ ယခင်ကတည်းက ယခုအချိန်အထိဖြစ်ကြောင်း ဆရာဆင်ဆာရ်းကဆိုသည်။
ထို့ကြောင့် ဒေသခံများသည် လမ်းပန်းဆက်သွယ်ရေး အမြန်ကောင်းမွန်ဖို့ မျှော်လင့်နေကြသည်။ ဖွံ့ဖြိုးဆိုရင်လည်း ကောင်းမွန်ပြီး အရည်အသွေးပြည့်သည့် ဖွံ့ဖြိုးမှုလုပ်ငန်းများလုပ်ကိုင်ပေးရန် အလိုရှိနေကြသည်။
‘‘အခုလို ဖွံ့ဖြိုးရေးတွေလုပ်ပေးတဲ့အတွက် ကျွန်တော်တို့ ဒေသခံတွေက ပျော်တယ်။ ဒါပေမဲ့ အရည်အသွေးရှိရှိလုပ်ပေးရင် ပို ကောင်းတာပေါ့။ အခုက ဖြစ်သလိုပဲ လုပ်ပေးနေတော့ ဒေသခံတွေအသံထွက်လာကြတယ်’’ဟု ဆရာဆင်ဆာရ်းကပြောသည်။
ထိုအကြောင်းများကတော့ မြန်မာနိုင်ငံ မြောက်ဖျားစွန်းမြို့ နောင်မွန်း၏ ဖွံ့ဖြိုးမှုနောက်ကျနေသည့် ဝိသေသများပင်ဖြစ်ပါသည်။
7Day Daily
No comments:
Post a Comment