Thursday, April 9, 2015

အစိုးရ၏ ဥပေက္ခာနှင့် အိမ်ပြန်ချိန်အခက်



လက်မှတ်ထိုးရန် တိုးဝှေ့နေသူများ (ဓာတ်ပုံ − အေးမြကျော်)
အောင်မင်္ဂလာအဝေးပြေးဝင်းအတွင်း ၀င်လိုက်သည်နှင့် လူအချို့ နောက်မှကပ်ပါလာကြသည်။ သူတို့လက်ထဲတွင် စာရွက်တချို့ ဆုပ်ကိုင်ထားသည်။
‘‘ဘယ်သွားမှာလဲ၊ လက်မှတ်လိုရင်ပြောနော်။ ဂိတ်သွားလည်း လက်မှတ်ရတော့မှာ မဟုတ်ဘူး’’ ဟု တကောက်ကောက်လိုက်ပါရင်း ၎င်းတို့လက်ထဲမှ ယာဉ်ထိုင်ခုံနေရာပြဇယားစာရွက်များကို ပြသကာ တတွတ်တွတ်ပြောသည်။
အဝေးပြေးသို့ ရောက်ရှိလာကြသော ခရီးသည်များက ၎င်းတို့အား တွန်းဖယ်ရင်း လက်မှတ်ရောင်း
သော ဂိတ်ရင်းများရှိရာသို့ မျှော်လင့်ချက်ကြီးစွာ ဦးတည်သွားကြသည်။ ဂိတ်သို့ ရောက်ရှိချိန်တွင် သူတို့ကြားလိုက်ရသည့်စကားက ‘‘လက်မှတ်ကုန်ပြီ’’ဟူ၍သာ ဖြစ်တော့သည်။
ယခုကဲ့သို့ မြင်ကွင်းက နှစ်စဉ်သင်္ကြန်ပွဲတော်ရက်မတိုင်မီ အဝေးပြေးဝင်းအသီးသီးတွင် တွေ့မြင်ရလေ့ရှိသော မြင်ကွင်းမျိုးသာဖြစ်သည်။ ခရီးသွားလိုသူများအတွက် ဂိတ်များတွင် လက်မှတ်ကုန်ပြီဆိုသော်လည်း မှောင်ခိုဈေးကွက်တွင်မူ အလွယ်တကူ ၀ယ်ယူရရှိနိုင်သည်။ သို့သော် လက်မှတ်ခနှုန်းထားမှာ မူရင်းဈေးထက် အနည်းဆုံးနှစ်ဆမှ သုံးဆအထိရှိမည်ဖြစ်သည်။
‘‘ဂိတ်ခြောက်ခုလောက် ၀င်မေးပြီးပြီ။ လက်မှတ်ကုန်ပြီလို့ပဲ ပြောတယ်။ ဒီဂိတ်မှမရရင် လက်လျှော့ရတော့မှာပဲ’’ဟု မန္တလေးသို့ မိသားစုလိုက်ပြန်ရန် လက်မှတ်လာရောက်ဝယ်ယူသည့် အထည်ချုပ်စက်ရုံလုပ်သား ကိုမြင့်ကျော်က နဖူးပေါ်မှ စီးကျနေသော ချွေးကိုသုတ်ရင်းညည်းညူပြောသည်။
‘‘ဘယ်လိုရောင်းပြီး ဘယ်အချိန် ရောင်းမှန်းမသိခဲ့ဘူး။ မေးတော့လည်း လက်မှတ်ရောင်းတဲ့သူတွေက စကားနှစ်ခွန်းထက်ပိုမပြောချင်တဲ့ မျက်နှာပေါက်တွေနဲ့’’ ဟု မုံရွာပြန်ရန် လက်မှတ်သွားဝယ်သူ ကိုမင်းသူကပြောသည်။
ယာဉ်လိုင်းများက လက်မှတ်မရှိတော့ဟု ဆိုသော်လည်း မှောင်ခိုဈေးကွက်ဖြင့် ရောင်းချနေသူများရှိနေပြီး ဈေးနှုန်းမှာလည်း အဆမတန်တောင်းသည်ဟု ဧပြီ ၅ ရက်တွင် လက်မှတ်ဝယ်ရန် စီစဉ်ခဲ့သူ မသူဇာက ပြောသည်။ သင်္ကြန်ကာလတွင်း မော်တော်ယာဉ်လက်မှတ်ခများ ဈေးမြှင့်ကောက်ခံခြင်းမပြုနိုင်ရန်၊ လက်မှတ်များမှောင်ခိုဈေးကွက် မထွက်စေရန် မထသက ကားလိုင်းများ၏ ယာဉ်အစီးရေနှင့် ထွက်ခွာမည့် အချိန်များကို ကြိုတင်တင်ပြခိုင်းခြင်း၊ ကားလက်မှတ်ရောင်းချတွင် ဈေးပိုရောင်းပါက လာရောက်တိုင်ကြားလျှင် ဖြေရှင်းပေးမည်ဟု နိုင်ငံပိုင်သတင်းစာများတွင် ထည့်သွင်းကြေညာခဲ့သော်လည်း မှောင်ခိုဈေးကွက်တွင် ကားလက်မှတ်များ အမြောက်အမြားပျံ့နှံ့နေခြင်းနှင့် ကားဂိတ်များက လက်မှတ်ခများ အဆမတန် တိုးတောင်းသော်လည်း မတိုင်ကြားနိုင်ရန် လက်မှတ်တွင် ပုံမှန်ဈေးနှုန်းသာရေးခြင်း စသည့် အချက်များဖြင့် မထသ (အဝေးပြေး)၏ အမိန့်အာဏာကို ဖီဆန်နေကြသည်။
သင်္ကြန်ပွဲတော်ရက်မတိုင်မီ တစ်ပတ်အလို၌ လက်မှတ်ခနှုန်းထားများမှာ မန္တလေးသို့ ယခင်ကျပ်တစ်သောင်းခန့်မှ ကျပ်သုံးသောင်းခန့်အထိ ရောက်ရှိသွားကြခြင်းဖြစ်ကာ အခြားလမ်းပိုင်းများမှာလည်း ထိုနည်းအတိုင်းပင် နှစ်ဆမှ သုံးဆခန့်အထိ ရောက်ရှိနေခဲ့သည်။
ယခုဖြစ်ပေါ်နေသော လက်မှတ်နှုန်းထားအရ ခရီးစဉ်တစ်ခု အသွားပြန်ကုန်ကျစရိတ်မှာ သာမန်လစာတစ်သိန်းခန့်ရ ၀န်ထမ်းတစ်ဦး၏ လစာထက်ဝက်မျှဖြင့် ညီမျှနေပြီး မိသားစုနှစ်ဦးနှင့် အထက်သွားပါက ၀န်ထမ်းတစ်ဦး၏ တစ်လစာကျော်ကုန်ကျမည်လည်း ဖြစ်သည်။
ပြောင်းလဲလာသော ခေတ်စနစ်နှင့် နယ်မြို့များတွင် အလုပ်အကိုင်ရှားပါးခြင်းကြောင့် ရန်ကုန်မြို့သို့ လာရောက်အလုပ်အကိုင်သူ အရေအတွက်အများအပြားဖြစ်လာခဲ့သည်။ ၂၀၁၄ လူဦးရေသန်းခေါင်စာရင်းအရ ရန်ကုန်မြို့ရှိ လူဦးရေမှာ ငါးသန်းနှစ်သိန်းကျော်ရှိသည်။ လူဦးရေတိုးပွားမှုဆိုင်ရာ ကုလသမဂ္ဂစစ်တမ်းများအရ ရန်ကုန်မြို့လူဦးရေသည် ၁၄ နှစ်အတွင်း ၁ ဒသမ ၇ သန်းကျော် တိုးပွားလာခဲ့သည်။ လူဦးရေတိုးပွားလာခြင်းမှာ နယ်အသီးသီးမှ ရွှေ့ပြောင်းသူဦးရေမှာ အများစုဖြစ်သည်ဟု ပြည်သူ့အင်အားဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ကြိုင်က ပြောသည်။ သင်္ကြန်ပိတ်ရက်များတွင် ရန်ကုန်မြို့သို့ ရောက်ရှိနေသူများမှ ၎င်းတို့ဒေသမြို့များသို့ အိမ်ပြန်ခရီးသာမက အခြားသူများကလည်း အပန်းဖြေခရီးထွက်ကြသည်။
သင်္ကြန်ကာလအတွင်း အဝေးပြေးကားဝင်းတွင် ကားအစီးရေပိုမိုတိုး၍ ပြေးဆွဲကြောင်းနှင့် ပုံမှန်ပွင့်လင်းရာသီတွင် တစ်ရက်လျှင် အစီးရေလေးရာခန့်ပြေးဆွဲသော်လည်း သင်္ကြန်ပွဲတော်မတိုင်မီ ကားအစီးရေ ၅၀၀ ကျော် ပြေးဆွဲနေကြောင်း မထသ (အဝေးပြေး) ဒုညွှန်ကြားရေးမှူး ဦးမျိုးဝင်းက ပြောသည်။
တစ်ရက်လျှင် ယာဉ်စီးရေငါးရာထွက်ပါက ယာဉ်တစ်စီးလျှင် ခရီးသည် ၄၅ ဦး လိုက်ပါသော် စုစုပေါင်းခရီးသည် ၂၂,၅၀၀ ခရီးထွက်ခွာမှုရှိမည် ဖြစ်သည်။ 7Day သတင်းအဖွဲ့က ယာဉ်လိုင်းအချို့သို့ သွားရောက်မေးမြန်းရာ ယင်းရက်များအတွင်း လက်မှတ်မရဘဲ ကျန်နေသူအရေအတွက်မှာ လက်မှတ်ရရှိသူ၏ ငါးဆခန့်ရှိသည်ဟု ဆိုသည့်အတွက် လက်မှတ်အခက်အခဲရှိသူ အရေအတွက်မှ တစ်ရက်လျှင် ၁၁၂,၅၀၀ ခန့်ရှိကြောင်း ခန့်မှန်းရသည်။ အလုပ်ခွင်မအားလပ်သော ၀န်ထမ်းအချို့မှာ ဧပြီ ၈ ရက်မှ ၁၃ ရက်အတွင်း နေရပ်ပြန်လိုကြပြီး ယာဉ်လိုင်းများမှာ ယင်းရက်များအတွက် လက်မှတ်မရှိတော့ခြင်းလည်း ဖြစ်သည်။ ထို့ကြောင့် အဆိုပါခြောက်လတာအတွင်း လက်မှတ်မရ၍ ခရီးထွက်ရန် အခက်အခဲရှိသူ ဦးရေမှာ ခုနစ်သိန်းခန့်ရှိနိုင်သည်။
မြန်မာနိုင်ငံ၏ ပိတ်ရက်အရှည်ဆုံး သင်္ကြန်ပွဲတော်ကာလတွင် ခရီးသွားလာမှုများ၍ ယာဉ်နှင့် ခရီးသွားအင်အားမျှတမှုမရှိသောကြောင့် နှစ်စဉ် အခက်အခဲ ကြုံတွေ့နေကြရခြင်း ဖြစ်သည်။
သို့သော် ယခုအချိန်ထိ ဖြေရှင်းဆောင်ရွက်နိုင်ခြင်းမရှိခြင်းမှာ အစိုးရအနေဖြင့် ခရီးသွားများသွားလာမှု အဆင်ပြေချောမွေ့စေရန် ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်မှု အားနည်းခြင်းကို ပေါ်လွင်စေကြောင်း ခရီးသွားအချို့က ဝေဖန်ပြောကြားသည်။
ခရီးသွားစုစုပေါင်းအရေအတွက်၏ ၇၀ရာခိုင်နှုန်းခန့်မှာ အဝေးပြေးဘတ်စ်ကားများဖြင့် ခရီးသွားကြပြီး ကျန်အရေအတွက်မှာ ရေကြောင်း၊ လေကြောင်း၊ ရထားလမ်းကြောင်းများဖြင့် သွားရောက်ကြကြောင်း ရထားပို့ဆောင်ရေးဝန်ကြီးဌာန ကနဦး ကောက်ယူထားသော မှတ်တမ်းများအရ သိရသည်။
သင်္ကြန်ကာလအတွင်း ဧရာဝတီတိုင်းဘက်သို့ ရေလမ်းခရီးဖြင့် ခရီးသွားလိုသူများအတွက် ပုံမှန်ရေယာဉ်များပြေးဆွဲပေးနေသော်လည်း ခရီးသည်အများစုမှာ သင်္ကြန်တွင်းထက် သင်္ကြန်မတိုင်မီ ပိုမိုများပြားကြောင်း ပန်းဆိုးတန်းဆိပ်ကမ်းမန်နေဂျာ ဦးအေးမြင့်မောင်ကပြောသည်။
‘‘သင်္ကြန်ဆိုရင် သင်္ဘောနဲ့ ခရီးသွားတဲ့သူအရမ်းနည်းတယ်။ အများစုက ကားကိုပဲအားကိုးကြတယ်။ နှစ်တိုင်းသင်္ကြန်တစ်တွင်းလုံးဆိုရင် ရေလမ်းကြောင်းနဲ့ ခရီးသွားတဲ့သူ တစ်ထောင်ကျော်ပဲရှိတယ်။ သင်္ဘောလက်မှတ်ခနှုန်းတွေကလည်း ပုံမှန်ပဲဈေးတက်တာမရှိဘူး’’ဟု ၎င်းကပြောသည်။
ရထားလမ်းပိုင်းမှာလည်း ကားလက်မှတ်အခက်အခဲကြောင့် ခရီးသွားအချို့က ဒုတိယရွေးချယ်မှုအဖြစ် သတ်မှတ်ခဲ့ကြသည်။ သို့သော် ကြိုတင်တက်မှတ် ၀ယ်ယူရခက်ခဲပြီး လက်မှတ်စောင်ရေ ကန့်သတ်ချက်ကြောင့် ဧပြီလဆန်းမှစ၍ လက်မှတ်ရရှိရေး ခက်ခဲမှုနှင့် ကြုံတွေ့ခဲ့ရကြောင်း ရန်ကုန်ဘူတာကြီး ကြိုတင်လက်မှတ်အရောင်းကောင်တာသို့ သွားရောက်စုံစမ်းခဲ့သူ ကမာရွတ်မြို့နယ်ရှိ အဆောင်တွင်နေထိုင်သည့် ကျောင်းသူမနီလာအောင်ကပြောသည်။
ထို့ကြောင့် ခရီးသွားအများစုမှာ အဝေးပြေးယာဉ်လိုင်းများတွင်သာ သွားရောက်စုပြုံနေစေခဲ့သည်။ ထို့ကြောင့် ယခုကဲ့သို့သော ကာလတွင် ယာဉ်စီးရေနှင့် ခရီးသည် အရေအတွက် အဆမတန်ကွာဟနေခြင်းကြောင့် ယာဉ်လိုင်းအချို့က ယာဉ်စီးရေထပ်တိုးထည့်သွင်းပြေးဆွဲမှု ပြုလုပ်ခဲ့သော်လည်း လုံလောက်သည့် အနေအထားဖြစ်မလာခဲ့ပေ။
နှစ်စဉ်နှစ်ကူးရုံးပိတ်ရက်များတွင် အိမ်ပြန်သည့်သူများအတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့်မူ ယင်းဖြစ်ရပ်အတွက် တစ်စုံတရာ ညွှန်ကြားလုပ်ဆောင်ထားခြင်းမရှိသေးဘဲ သက်ဆိုင်ရာအဖွဲ့များသို့သာ ယာဉ်လိုင်းများ မသမာမှုမရှိစေရေး ကြပ်မတ်ဆောင်ရွက်ရန် အာဏာအပြည့်အ၀ ပေးထားသည်ကိုတွေ့ရသည်။
‘‘မထသကပဲ ကြပ်မတ်ဆောင်ရွက်နေတာပေါ့။ လက်ရှိ ဖြစ်ပျက်နေတာ သူတို့ပဲအသိဆုံးဖြစ်မှာပေါ့။ တို့ဘက်က သီးသန့်ညွှန်ကြားမှုမလုပ်ထားဘူး’’ဟု ရန်ကုန်တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ခင်ကပြောသည်။
သင်္ကြန်နေရပ်ပြန်သူများအတွက် ရထားပို့ဆောင်ရေးဝန်ကြီးနှင့် မထသတို့ ပူးပေါင်းဆောင်ရွက်လျှင် အဆင်ပြေမည်ဖြစ်ကြောင်းနှင့် လွှတ်တော်ကော်မတီအနေဖြင့် ၀င်ရောက်ဖြေရှင်းပေးရန် မလိုအပ်သေးကြောင်း ပြည်သူ့လွှတ်တော်ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေးဆိုင်ရာကော်မတီ တွဲဖက်အတွင်းရေးမှူးဦးမျိုးဆွေကပြောသည်။
‘‘ဒီရာသီမှာပဲ ခရီးသွားဒီလောက်များတာ။ ဒီအချိန်တစ်ခုတည်းကိုကြည့်ပြီး ယာဉ်လိုင်းတွေက ယာဉ်စီးရေထပ်တိုးဝယ်ထည့်ပြီး ရာသီချိန်ပြီးရင် ပစ်ထားရမယ့်ဟာမျိုးကျတော့ ယာဉ်လိုင်းတွေက မကိုက်လို့ မလုပ်ချင်ကြဘူး။ ဒီပြဿနာဖြေရှင်းဖို့ဆိုတာ အားလုံးပူးပေါင်းပါဝင်ဖို့လိုတယ်’’ ဟု ရွှေစင်စကြ်ာယာဉ်လိုင်းတာဝန်ခံတစ်ဦးက မှတ်ချက်ပြုသည်။
ခရီးသည်နှင့် ယာဉ်စီးရေမလုံလောက်မှုအတွက် ဖြေရှင်းရန် ယာဉ်လမ်းကြောင်းခေါက်တိုပြေးဆွဲမှုကို ဖြန့်ကြက်ပြေးဆွဲပါက အတိုင်းအတာတစ်ခုအထိ ထိရောက်နိုင်ကြောင်း လုပ်သက် ၂၀ကျော်ရှိ ယာဉ်လိုင်းအုပ်ချုပ်ရေးမန်နေဂျာ ဦးချိုမှတ်ချက်ပြုသည်။
‘‘ဥပမာ ရန်ကုန်-နေပြည်တော်ဆွဲမယ့် ယာဉ်တွေကို မန္တလေးထိဆွဲလိုက်မယ်ဆိုရင် နေပြည်တော်အထိပဲ သွားမယ့်သူလည်း အဆင်ပြေမယ်။ မန္တလေးအထိသွားမယ့်သူလည်း အဆင်ပြေတယ်။ ခရီးသည်ထပ်နေတာမျိုးတွေ သွားနိုင်တယ်’’ဟု ဦးချိုကဆိုသည်။
မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံဖြစ်သည့် ထိုင်းနိုင်ငံတွင်လည်း ယခုကဲ့သို့ အုံလိုက်ကျင်းလိုက် ခရီးသွားမှုများတွင် လက်မှတ်ကြိုတင်မှာရပြီး သယ်ယူပို့ဆောင်ရေးလုပ်ငန်းသည် ပုဂ္ဂလိကပိုင်ဖြစ်သဖြင့် ယခုကဲ့သို့ ဈေးမြှင့်တင်ခြင်းမပြုလုပ်ကြောင်းနှင့် ပြုလုပ်ပါက အခြားကားလိုင်း၊ ရထား၊ သင်္ဘောနှင့် လေယာဉ်လိုင်းများ ရွေးချယ်စရာများရှိကြောင်း ဘန်ကောက်တွင် နေထိုင်သူ မနူးနူးကပြောသည်။ ဟောင်ကောင်တွင် တရုတ်နှစ်ကူးအချိန်များတွင် အစိုးရက လက်မှတ်ဈေးနှုန်းမမြှင့်ရန် ထိန်းချုပ်ထားပြီး ရထားလိုင်း၊ ကားလိုင်းများ ပိုမိုပေးထားကြောင်း ဟောင်ကောင်နိုင်ငံသား Gordon Wong က ပြောသည်။
မြန်မာနိုင်ငံတွင် နှစ်ပေါင်းများစွာကြာ ဖြစ်ပေါ်နေသော ယင်းဖြစ်ရပ်များမှာ ယခုအချိန်ထိ ဖြေရှင်းနိုင်ရန် အလှမ်းဝေးနေပြီး အစိုးရဘက်က အာရုံစိုက်မှုပင်မရှိပေ။
‘‘ဒီကိစ္စကို အစိုးရ၀င်ဖြေရှင်းပေးတာ အကောင်းဆုံးပဲ။ အစိုးရပိုင်ကား၊ ရထား၊ လေယာဉ်စတာတွေကို အစားထိုးပြီးလုံလောက်အောင် ဖြေရှင်းပေးနိုင်ရင် ဈေးကွက်ကို ထိန်းညှိပေးရာရောက်တယ်။ ဒါပေမဲ့ ခက်တာက အစိုးရရဲ့ အဲဒီစနစ်တွေကိုက ပျက်နေပြီ’’ ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရဲထွန်းကပြောသည်။
နှစ်များစွာ အစဉ်အလာမပျက်ခဲ့သော နှစ်ကူးခရီးသွားအခက်အခဲက ယခုနှစ်တွင်လည်း ရိုက်ခတ်မှုများစွာနှင့်အတူ နွေရာသီအားလပ်ရပ်ကို ဖြတ်သန်းနေကြရပြီဖြစ်သည်။
‘‘ပြီးခဲ့တဲ့နှစ်ကလည်း လက်မှတ်မရလို့ မပြန်လိုက်ရဘူး။ ဒီနှစ်လည်း ဒီပုံစံအတိုင်းဆိုရင်ပြန်ရဖို့ လမ်းမမြင်ဘူး’’ဟု မုံရွာသို့ မိသားစုနှင့်အတူပြန်ရန် လက်မှတ်လာရောက်စုံစမ်းသော အင်းစိန်မြို့နယ်နေ ဦးတိုးအောင်က လေးခုမြောက်ကားဂိတ်မှ လက်မှတ်စုံစမ်းပြီး ပြန်ထွက်ကာ စိတ်မသက်မသာအမူအရာဖြင့် ပြောသည်။
7Day Daily

No comments:

Post a Comment