Tuesday, April 21, 2015

အခြေခံဥပဒေ ပြင်ဆင်ရေး မေလ ၁၁ ရက် ကျင်းပမည့် လွှတ်တော်အစည်းအဝေးတွင် ဆွေးနွေးမည်


၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်နိုင်ရေးအတွက် မေလ ၁၁ ရက်နေ့တွင် ကျင်းပမည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ဥပဒေကြမ်းတစ်ရပ် တင်သွင်းဆွေးနွေးမည် ဖြစ်ကြောင်း လွှတ်တော်ကိုယ်စားလှယ်များက ပြောကြားသည်။
အဆိုပါ ၂၀၀၈ အခြေခံဥပဒေ ပြင်ဆင်ရေးဆိုင်ရာ ဥပဒေကြမ်းကို ပြည်ထောင်စုလွှတ်တော် အစည်းအဝေးများ ပြန်လည်ကျင်းပပါက ဦးဆုံးဆွေးနွေးမည် ဖြစ်ကြောင်း လွှတ်တော်ကိုယ်စားလှယ် အချို့က ဆိုသည်။

ယင်းဥပဒေကြမ်းတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီနှင့် နိုင်ငံရေးပါတီအချို့က ပြင်ဆင်ပေးရန် တောင်းဆိုထားသည့် ပုဒ်မ ၄၃၆ နှင့် ၅၉ (စ) တို့ ပါဝင်ခြင်း ရှိမရှိကိုမူ မသိရှိရသေးကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးရဲထွန်းက ပြောကြားသည်။
သို့သော် ယင်းအချက်များကို လွှတ်တော်တွင်း ဥပဒေကြမ်း ဆွေးနွေးစဉ်တွင် လွှတ်တော်ကိုယ်စားလှယ်များက ထည့်သွင်းပေးရန် ဆွေးနွေးနိုင်ကြောင်း ၎င်းက ပြောဆိုသည်။
“အခြေခံဥပဒေတွင် အရေးကြီးတဲ့ ပုဒ်မ ၄၃၆ နှင့် ၅၉ (စ) ပြင်ဆင်လိုရင် လွတ်တော်ကို ဥပဒေကြမ်း အရင်တင်သွင်းပြီးမှ ပြည်သူဆန္ဒခံယူပွဲကို လုပ်ရမှာပါ။ အခုဟာက ပြည်သူဆန္ဒခံယူပွဲ အရင်လုပ်ပြီး လွတ်တော်ကို ဖိအားပေးနေသလို ဖြစ်နေတယ်” ဟု ၎င်းက ရှင်းပြသည်။
အခြေခံဥပဒေ ပြင်ဆင်ရေး လုပ်ငန်းစဉ်များ နှောင့်နှေးကြန့်ကြာနေခြင်းကြောင့် ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက ကတိပြု ပြောဆိုထားသော မေလအတွင်းတွင် အခြေခံဥပဒေ ဆန္ဒခံယူပွဲ ကျင်းပရန် မဖြစ်နိုင်တော့ကြောင်း လွှတ်တော်ကိုယ်စားလှယ် အချို့က ဝေဖန်ပြောဆိုနေကြသည်။
အခြေခံဥပဒေ ပြင်ဆင်ရာတွင် တပ်မတော်သား ကိုယ်စားလှယ်များ၏ ထောက်ခံသည့် အချက်များသည် အောင်မြင်နိုင်ခြေများပြီး အခြေခံဥပဒေတွင် အရေးကြီးသည့် ပုဒ်မ ၄၃၆ နှင့် ၅၉ (စ) ပြင်ဆင်လျှင် လွှတ်တော်တွင် ထောက်ခံမဲ ၇၅ ရာခိုင်နှုန်းကျော် ရရှိမှသာ ပြည်သူ့ဆန္ဒခံယူပွဲ ကျင်းပနိုင်မည်ဖြစ်ပြီး ယင်းပြည်သူ့ဆန္ဒခံယူပွဲမှ ၅၀ ရာခိုင်နှုန်းအထက် ထောက်ခံမှသာ အောင်မြင်မည်ဖြစ်ကြောင်း ပြည်သူလွတ်တော် ကိုယ်စားလှယ် ဦးရဲထွန်းက ပြောကြားသည်။
အဆိုပါ အခြေခံဥပဒေ ပြင်ဆင်ရေးနှင့် ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ယခုလ ၁၀ ရက်နေ့တွင် နိုင်ငံတော်သမ္မတ၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ဒေါ်အောင်ဆန်းစုကြည်၊ လွှတ်တော်ဥက္ကဋ္ဌ နှစ်ဦးနှင့် တိုင်းရင်းသားကိုယ်စားလှယ် ဒေါက်တာအေးမောင်တို့ ပါဝင်သော ခြောက်ပွင့်ဆိုင် ဆွေးနွေးပွဲကို ကျင်းပခဲ့သည်။
အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် ၂၀၁၄ ခုနှစ် အတွင်းတွင် ပြည်ထောင်စုလွှတ်တော်က အခြေခံဥပဒေ ပြင်ဆင်ရေး အကောင်အထည်ဖော်မှု ကော်မတီတစ်ရပ် ဖွဲ့စည်းခဲ့သည်။

No comments:

Post a Comment