Thursday, April 9, 2015

ထားဝယ် ငြိမ်းချမ်းရေး ထောက်ခံဆန္ဒပြပွဲ ဌာဆိုင်ရာဝန်ထမ်း ထက်ဝက်ကျော်ပါ


တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့တွင် ဧပြီလ ၈ ရက်နေ့က တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူမူကြမ်းကို ထောက်ခံသည့် ဆန္ဒပြပွဲကို လူဦးရေ သုံးထောင်ကျော်ဖြင့် ပြုလုပ်ခဲ့ရာ ဌာနဆိုင်ရာဝန်ထမ်း ထက်ဝက်ကျော် ပါဝင်ခဲ့ကြောင်း မြို့ခံများက ပြောကြားသည်။

ယင်းဆန္ဒပြပွဲတွင် ဌာနဆိုင်ရာ ပေါင်းစုံမှ ဝန်ထမ်းများ ပါဝင်ခဲ့ကြပြီး စစ်ကြောင်းသုံးကြောင်းဖြင့်နေရာသုံးနေရာမှ ချီတက်ကာ ထားဝယ်မြို့ တိုင်းဒေသကြီး အားကစားကွင်းတွင် ငြိမ်းချမ်းရေလုပ်ငန်းစဉ်အား ထောက်ခံဆန္ဒထုတ်ဖော်သည့် အခမ်းအနားကို ပြုလုပ်ခဲ့သည်။
ယင်းဆန္ဒထုတ်ဖော်ပွဲသည် ထားဝယ်တွင် ပြုလုပ်သည့် ဆန္ဒပြပွဲများအနက် လူဦးရေအများဆုံး ဆန္ဒပြပွဲဖြစ်သည်။

“သွားလိုက်ပါဆိုလို့ သွားလိုက်တာ၊ ဘာမှမသိဘူး။ ရုံးကြီး (တိုင်းအစိုးရအဖွဲ့ရုံး) ရောက်မှ ဆန္ဒပြရမယ်ဆိုတာ သိတယ်။ ဗိုက်ဆာ ခြေညောင်းပေါ့ဗျာ” ဟု ထားဝယ်မြို့ခံ ပညာရေးဝန်ထမ်း တစ်ဦးက ဖွင့်ဟသည်။

ဌာနဆိုင်ရာ ဝန်ထမ်းများ ဆန္ဒပြခွင့် ရှိမရှိ၊ ဝန်ထမ်းတစ်ဦးချင်းစီ၏ ဆန္ဒကို မေးပြီး မပြီးနှင့် ထုတ်ဖော်ပွဲလုပ်မည့် အစီအစဉ်ကို ဝန်ထမ်းများအား သေချာရှင်းပြခြင်း ရှိမရှိ သိချင်ကြောင်း အထက်ပါ ပညာရေးဝန်ထမ်းက မေးခွန်းထုတ်သည်။

အဆိုပါ ထောက်ခံဆန္ဒပြပွဲနှင့် ပတ်သက်ပြီး ထားဝယ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးသိန်းအောင်ကို ဆက်သွယ်မေးမြန်းရာ အခြားပြည်နယ်နှင့် တိုင်းများက ပြုလုပ်သည်ကို နမူနာယူပြီး ပြုလုပ်ခဲ့သည်ဟု ပြန်လည်ဖြေကြားသည်။
“ဝန်ထမ်းတွေကိုတော့ စိတ်ဝင်စားရင်တက် မလာမနေရတော့ မဟုတ်ဘူး” ဟု ဦးသိန်းအောင်က ဆိုသည်။

တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ တစိုက်မတ်မတ် ကြိုးပမ်းဆောင်ရွက်ရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် မူကြမ်းအား ဆက်လက်အတည်ပြု အကောင်အထည်ဖော်နိုင်ရေး စသော အချက် ၈ ချက်ပါ ကြွေးကြော်သံနှင့် ဆိုင်းဘုတ်များ ကိုင်ဆောင်ခဲ့ကြသည်။

အစိုးရနှင့် တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့ (NCCT) တို့ မတ်လ ၃၀ ရက်နေ့က တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ် (မူကြမ်း) ပါ အချက်အားလုံးကို သဘောတူညီမှု ရရှိခဲ့ကြသည်။

(Dawei Watch)



No comments:

Post a Comment