Friday, April 3, 2015

ဗန်းမော်မြို့မှတစ်ဆင့် တရုတ်နိုင်ငံ လွယ်ဂျယ်နယ်စပ်သို့ ၁၀ ဘီးကားကြီးများဖြင့် တစ်ရက်လျှင် မီးသွေးတန် ၁၀၀ ခန့် ခိုးထုတ်နေ


ဗန်းမော်ဆိပ်ကမ်းတွင် တရုတ်နိုင်ငံသို့တင်ပို့မည့် မီးသွေးအိတ်များကို ဧပြီ ၁ ရက်က တွေ့ရစဉ်

ကချင်ပြည်နယ် လွယ်ဂျယ်နယ်စပ် ဂိတ်မှ တစ်ရက်လျှင် တန် ၁ဝဝ နီးပါးတင်ပို့နေမှုကို  မတ် ၂၃ ရက်က ကချင်ပြည်နယ် လွှတ်တော်တွင် မေးမြန်းဆွေးနွေးမှုများရှိခဲ့ကြောင်း သတင်းရရှိသည်။

ယင်းအဆိုကို ဗန်းမော်မဲဆန္ဒနယ်အမှတ် (၂) မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းရှိန်က  သစ်သားမီးသွေးကို နိုင်ငံခြား တိုင်းပြည်သို့ တရားဝင်တင်ပို့ရောင်းဝယ်ခွင့် ရှိ မရှိ မေးမြန်းခဲ့ခြင်းဖြစ်သည်။ ကချင်ပြည် နယ်လွှတ်တော်တွင် တင်ပြရသည့်အကြောင်း မှာ
ကချင်ပြည်နယ် ဗန်းမော်ခရိုင်တွင် သစ် တောများပြုန်းတီးသွားပြီး မီးသွေးပြုလုပ် နိုင်သည့် သစ်မာအမျိုးအစားမှာ ကျန်ရှိခြင်း မရှိတော့သည့်အချိန်တွင် မြန်မာနိုင်ငံ စစ်ကိုင်းတိုင်းအလယ်ပိုင်းနှင့် ရှမ်းပြည်မြောက်ပိုင်း၊ မန္တလေးတိုင်းမြောက်ပိုင်းမှ မီးသွေးများ မှာ ဗန်းမော်မြို့သို့ ရေကြောင်းလမ်း၊ ကုန်း လမ်းများမှ ဝင်ရောက်လာပြီး ဗန်းမော်မြို့မှ တစ်ဆင့် လွယ်ဂျယ်နယ်စပ်ဂိတ်ကို ၁ဝ ဘီး ကားကြီးများဖြင့် အနည်းဆုံး တစ်ရက်လျှင် သုံးစီး တရုတ်နိုင်ငံသို့ ခိုးထုတ်နေသည်ကို မြင်တွေ့နေရပြီး ရေရှည်တွင်မြန်မာနိုင်ငံမှ အဖိုးတန်သစ်မာများ ရှားပါးလာနိုင်သည့် အန္တရာယ်ရှိနေသည့်အတွက် လွှတ်တော်တွင် တင်ပြရခြင်းဖြစ်ကြောင်း ယင်းလွှတ်တော် ကိုယ်စားလှယ်က ပြောကြားသည်။

ကချင်ပြည်နယ်လွှတ်တော်တွင် မေးခွန်းမေးမြန်သူ ဦးထွန်းရှိန်က “ဗန်းမော်ခရိုင်မှာ အဆင့်မီ မီးသွေးဖုတ်နိုင်တဲ့သစ်မာ မရှိတော့ဘူး။ စစ်ကိုင်းတိုင်း ကသာခရိုင်၊ မန္တလေး တိုင်းမြောက်ပိုင်း၊ ရှမ်းမြောက်ကလာတာ။ မေးခွန်းမေးတော့ ခွင့်ပြုချက် မရှိတော့ဘူးလို့ပဲဖြေတယ်။ ဘယ်လိုတားဆီးသွားမယ် ဆိုတာမဖြေဘူး။ မီးသွေးကားတွေက စစ်ဆေးရေးဂိတ်တွေကို နည်းမျိုစုံနဲ့ ဖြတ်နေကြတာလေ။ မီးသွေးထုတ်တာဟာ သစ်ခိုးထုတ်နေတာပါပဲ။ တရုတ်က လောင်စာအဖြစ်မဝယ် ဘဲဗြောက်အိုး၊ ဖောက်ခွဲပစ္စည်းမှာသုံးတဲ့ ယမ်းလုပ်တဲ့နေရာမှာ ကုန်ကြမ်းအဖြစ် အသုံးပြုတယ်လို့ ကြားသိရပါတယ်။ ကြာရှည်သာ မီးသွေးတွေတင်ပို့နေရင် တခြားတိုင်းနှင့် ပြည်နယ်တွေလည်း ကချင်ပြည်နယ်လို သစ်မာတွေ ကုန်သလောက် ဖြစ်ဦးမှာပါ” ဟု ပြောကြားသည်။

တရုတ်နိုင်ငံသို့ မှောင်ခိုတင်ပို့နေသည့် မီးသွေးများမှာ ဗန်းမော်-မန္တလေး ကားလမ်း မှလည်းကောင်း၊ ဗန်းမော်-မန္တလေး ရေလမ်းကြောင်းမှလည်းကောင်း လမ်းနှစ်သွယ်ဖြင့် ဝင်ရောက်လာပြီး ဗန်းမော်မှတစ်ဆင့် ကားဖြင့် လွယ်ဂျယ်ဂိတ်ကိုဖြတ်ကာ တရုတ်နိုင်ငံသို့ တင်ပို့နေသည်မှာ နှစ်ဆယ်ချီကြာမြင့်ခဲ့ပြီဖြစ်ကြောင်း ၊ စစ်ကိုင်းတိုင်း ဧရာဝတီမြစ်ရိုးနှင့် မန္တလေးကားလမ်းကြောမှ သယ်ယူပို့ဆောင်နေရသည်မှာ ကချင်တိုင်းရင်းသား လက်နက်ကိုင်နှင့် တပ်မတော်တို့ ပစ်ခတ်မှုဖြစ်လာ သည့် ၂ဝ၁၁ ခုနှစ် နောက်ပိုင်းတွင်သာဖြစ်ကြောင်း တရုတ်သို့ မီးသွေးခိုးထုတ်ခဲ့သည့် ကုန်သည်များ၏ ပြောပြချက်အရ သိရသည်။

မီးသွေးကုန်သည်ဟောင်း တစ်ဦးက “အ ခု ဗန်းမော်မြို့ပေါ်ပေါက်ဈေးက တစ်အိတ် ကျပ် ၂ဝဝဝ ရှိတယ်။ ၁ဝ ဘီးကားဆိုရင် အိတ် ၁၃ဝဝ ပါတယ်။ ၁၈ တန်၊ ၂ဝ တန် လောက် လေးတယ်။ တရုတ်က အလေးချိန်နဲ့ ဝယ်တာ။ တစ်တန် ၁၆၅ဝ ယွမ်ပေါ့။ ကားကတစ်စီးကို ဗန်းမော် လွယ်ဂျယ် ငါးသိန်း၊ ခြောက်သိန်းရှိတယ်။ လမ်းမှာတော့ပိုင်ရှင်က လမ်းရှင်းရတာ။ လွယ်ဂျယ်ကိုကတော့  တစ်ရက် ခုနစ်စီး၊ ရှစ်စီးလောက် ရောက်နေတယ်။ မြန်မာဘက်က ကုန်သည်တွေရော၊ မီးသွေးဖုတ်သူတွေရော ဆင်းရဲတာများပါတယ်။ တရုတ်ဝယ်လက်ကတော့ လုပ်ငန်းရှင်တွေ များတယ်” ဟုဆိုသည်။

တရုတ်ငွေကြေးနှုန်းနှင့် တွက်ပါက ဗန်းမော်တွင်  ၁ဝ ဘီးကားတစ်စီး မြန်မာကျပ်ငွေ ၂၅ သိန်းဝန်းကျင်ရှိပြီး တရုတ်နိုင်ငံဘက်တွင် ကျပ်သိန်း ၅ဝ ကျော်အထိ ရရှိနေသော်လည်း လမ်းတွင် ဂိတ်ကြေးများလွန်းသောကြောင့်  အမြတ်ကျန်မှု နည်းပါးကြောင်း ယင်းကုန်သည်များက ဆိုသည်။ ကချင်ပြည်နယ်ရှိ တရုတ်နယ်စပ် သစ်တောများမှာ ၂ဝဝဝ ပြည့်နှစ်နောက်ပိုင်းမှ စတင်ကာ တရုတ်နိုင်ငံဘက်သို့ သစ်တောသယံဇာတ အလွန်အကျွံ မှောင်ခိုထုတ်ယူခဲ့ကြကြောင်း ဒေသခံများက ဆိုသည်။ 

Eleven Media Group 


No comments:

Post a Comment