Friday, April 3, 2015

ပူးတွဲစုံစမ်းစစ်ဆေးမှု သုံးသပ်ချက် ထွက်ပေါ်လာပြီးနောက် မြန်မာက ဗုံးကြဲတိုက်ခိုက်မှုကြောင့် တရုတ်ငါးဦး သေဆုံးမှုကို တရားဝင်တောင်းပန်


တရုတ်ပြည်သူ့သမ္မတနိုင်ငံ ယူနန်ပြည်နယ် လင်းချန်းခရိုင် မုန်တိမ်မြို့ တာ့ရွှေရှန်း တုကျွေးရွာအနီး ကြံခင်းတွင် မြန်မာစစ်လေယာဉ်က ဗုံးဆန်ကျရောက်မှုကြောင့် တရုတ်နိုင်ငံသားငါးဦး သေဆုံးခဲ့ပြီး ရှစ်ဦးဒဏ်ရာ ရရှိခဲ့သည့် ဖြစ်စဉ်နှင့်စပ်လျဉ်း၍ မြန်မာ-တရုတ် ပူးတွဲစုံစမ်းစစ်ဆေးမှု သုံးသပ်ချက် ထွက်ပေါ်လာပြီးနောက် မြန်မာက တရုတ်အား ဧပြီ ၂ ရက်က တရားဝင်တောင်းပန်ခဲ့ကြောင်း သတင်းဖော်ပြချက်များအရ သိရသည်။

အဆိုပါ မြန်မာ-တရုတ် ပူးတွဲစုံစမ်းစစ်ဆေးမှုကို နှစ်ဖက်တပ်မတော်မှ ကျွမ်းကျင်ပညာရှင်များဖြင့် မတ် ၂၄ ရက်မှ ၂၆ ရက် အထိ ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မြန်မာအစိုးရနှင့် တပ်မတော်ကိုယ်စား မိမိအနေဖြင့် တရုတ်နိုင်ငံအား တရားဝင်တောင်းပန်ပါကြောင်း၊ ထိခိုက်သေဆုံး ဒဏ်ရာရသူများ၏ မိသားစုများကိုလည်း ထပ်တူဝမ်းနည်း ကြေကွဲပါကြောင်းကိုလည်း ပြောကြားလိုကြောင်း မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်က တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ရီနှင့် တွေ့ဆုံဆွေးနွေးမှုတွင် ပြောကြားခဲ့သည်ဟု တရုတ်ဆင်ဟွာသတင်း၌ ဖော်ပြထားသည်။

မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်သည် သမ္မတဦးသိန်းစိန်၏ အထူးကိုယ်စားလှယ်အဖြစ် မတ် ၁၃ ရက် ညနေ ပိုင်း ကိုးကန့်ဒေသအတွင်း ကိုးကန့်သောင်းကျန်းသူများနှင့် ဖြစ်ပွားခဲ့သော ဖြစ်စဉ်များအတွင်း တရုတ်ပြည်သူ့သမ္မတနိုင်ငံ ယူနန်ပြည်နယ် လင်းချန်းခရိုင် မုန်တိမ်မြို့ တာ့ရွှေရှန်းတု ကျေးရွာအနီး ကြံခင်းတွင် တရုတ်နိုင်ငံသားငါးဦး သေဆုံးခဲ့ပြီး ရှစ်ဦးဒဏ်ရာ ရရှိခဲ့သည့်ဖြစ်စဉ်နှင့် စပ်လျဉ်း၍ ဆွေးနွေးရန် တရုတ်နိုင်ငံသို့ ရောက်ရှိနေခြင်းဖြစ်သည်။

မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်၏ အဆိုအရ မြန်မာအနေဖြင့် မြန်မာ-တရုတ် ပူးတွဲစုံစမ်းစစ်ဆေးမှု သုံးသပ်ချက်ကို လက်ခံကြောင်း သတင်းတွင် ဖော်ပြထားသည်။

သင့်လျော်သည့် စီမံမှုများကို ဆောင်ရွက်ရန်နှင့် ထိခိုက်သေဆုံး ဒဏ်ရာရသူများအတွက် လျော်ကြေးပေးနိုင်ရန်အတွက် တရုတ်နိုင်ငံနှင့် အဆက်အသွယ်ပြုရန် မြန်မာအနေဖြင့် ဆန္ဒရှိပါကြောင်း၊ အလားတူဖြစ်စဉ်များ ထပ်မံမဖြစ်ပွားစေရန် စီမံခန့်ခွဲမှုကို အားကောင်းအောင် ပြုလုပ်သွားမည်ဖြစ်ပါကြောင်း၊ ဖြစ်စဉ်နှင့်စပ်လျဉ်း၍ တာဝန်ရှိသူများကို ဥပဒေနှင့်အညီ အပြစ်ပေးသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်က ပြောကြားသည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရီက ဘက်စုံနှစ်နိုင်ငံ ဆက်ဆံရေးကို ကာကွယ်ရန်အတွက် မြန်မာအနေဖြင့် ယခုဖြစ်စဉ်ကို လေးလေးနက်နက် သဘောထားပြီး ကောင်းမွန်စွာ ဖြေရှင်းဆောင်ရွက်ရန် တိုက်တွန်းသည်။

နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးများသည် နယ်စပ်တစ်လျှောက် တည်ငြိမ်ရေး ဆောင်ရွက်သွားရန်လည်း သဘောတူညီခဲ့ကြသည်။

အဆိုပါ တရုတ်နိုင်ငံသားငါးဦး သေဆုံးခဲ့ပြီး ရှစ်ဦးဒဏ်ရာ ရရှိခဲ့သည့်ဖြစ်စဉ်နှင့် ပတ်သက်၍ တရုတ်နိုင်ငံနှင့်မြန်မာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနများ အချင်းချင်းနှင့် တပ်မတော်များ အချင်းချင်း ဆက်သွယ် ဆောင်ရွက်လျက် ရှိပါကြောင်း၊ မြန်မာ့တပ်မတော်သည် အထက်ပါကိစ္စနှင့် ပတ်သက်၍ ပဏာမ စုံစမ်းစစ်ဆေးမှုများကို ပြုလုပ်ခဲ့ပါကြောင်း၊ မြန်မာ့တပ်မတော် အနေဖြင့် နှစ်နိုင်ငံချစ်ကြည်ရေးကိုရှေးရှုပြီး တစ်ဖက်နယ်နိမိတ်ကို ကျော်လွန်ခြင်းမရှိစေရန် ပစ်ခတ်တိုက်ခိုက်မှုများကို မိမိတို့နိုင်ငံ နယ်နိမိတ်အတွင်း၌သာ အထူးအလေးထား ထိန်းသိမ်းကြပ်မတ် ဆောင်ရွက်ခဲ့ပါကြောင်း၊ သို့ရာတွင် တိုက်ခိုက်မှုများကြောင့် နယ်နိမိတ်နှင့် နီးကပ်စွာ တည်ရှိသော တရုတ်နိုင်ငံတွင်းမှ ပြည်သူအချို့သေဆုံး ထိခိုက်ဒဏ်ရာ ရရှိမှုဖြစ်ပေါ်ခဲ့ခြင်းအတွက် စိတ်မကောင်းဖြစ်ရကြောင်း မြန်မာအစိုးရက မတ် ၁၅ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။

အဆိုပါဖြစ်စဉ် ဖြစ်ပွားပြီးနောက် တရုတ်တပ်နှင့် လေတပ်တို့က မြန်မာ-တရုတ် နယ်စပ်အနီးတွင် တည်ရှိသည့် လင်းချန်းမြို့သို့ တိုက်ခိုက်ရေး ဂျက်လေယာဉ်များနှင့် ဒုံးကျည်များကို မတ် ၁၅ ရက်က စေလွှတ် တပ်စွဲခဲ့သည်။

Eleven Media  Group

No comments:

Post a Comment