Wednesday, April 22, 2015

လူသတ်မှုဖြင့် ပြောင်းလဲ အမှုဖွင့်ထားသည့် ဒေါ်ခင်ဝင်း အမှုကို ရှေ့နေများကွန်ရက် စောင့်ကြည့်မည်

ရန်ကုန် (မဇ္ဈိမ)။ ။ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဧရိယာတွင်  ဒီဇင်ဘာ ၂၂ ရက်က သေနတ်ထိမှန် သေဆုံးခဲ့ရသည့်
ဒေါ်ခင်ဝင်း၏ အမှုကို  ရဲစခန်းက လူသတ်မှုအဖြစ် ပြောင်းလဲ အမှုဖွင့်ထားပြီး ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ရာ ယင်းအမှုနှင့် ပတ်သက်၍  မြန်မာနိုင်ငံ ရှေ့နေများကွန်ရက်က အနီးကပ်စောင့် ကြည့်လေ့လာသွားမည်ဟု မြန်မာနိုင်ငံ ရှေ့နေများကွန်ရက်အဖွဲ့ဝင် ဦးအောင်သိန်းက မဇ္ဈိမကို ပြောသည်။
Lappataung-Daw-Khin-Win-1
စစ်ကိုင်းတိုင်း မုံရွာခရိုင် ဆာလင်းကြီးမြို့နယ် မိုးကြိုးပြင်အလယ်ရွာမှ ဒေါ်ခင်ဝင်းအား မိုးကြိုးပြင်အလယ်ရွာ သုသာန်၌ ဂူသွင်းသဂြိုလ်သည့် ဈာပနကို ၂၀၁၄ ခုနှစ် ဒီဇင်ဘာလ ၂၅ ရက် မွန်းလွဲပိုင်းက ပြုလုပ်စဉ်။ ( ဓာတ်ပုံ - ဘိုဘို၊ မဇ္ဈိမ)
သေမှုသေခင်းဖြင့်  ဒီဇင်ဘာ ၂၃ ရက်က အမှုကို လက်ခံခဲ့ခြင်းဖြစ်ကာ ဧပြီ ၉ ရက်တွင် ဆားလင်းကြီးမြို့နယ် တရားသူကြီးက သာမန် သေမှုသေခင်း မဟုတ်ကြောင်း အမိန့်ချမှတ်ပြီးနောက် ယခုကဲ့သို့ အမှုပြောင်းလဲ ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။

ယင်းအမှုကို လူသတ်မှု  အမှုကြီး အမှတ်စဉ် (၃/၂၀၁၅) (ပ)၅၉/၁၅ ပြစ်မှုပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့် ထားပြီး အမှုစစ် ဒု-ရဲမှူးသန်းနိုင်က  တရားလိုပြု တိုင်ကြားထားခြင်း ဖြစ်သည်။
ဦးအောင်သိန်းက “ရဲစခန်းက လူသတ်မှု အမှုဖွင့်ထားပြီးပြီဆိုတဲ့ နောက်ပိုင်းမှာ ရဲက တရားလိုပြု စုံစမ်းစစ်ဆေးနေတာကို
တွေ့ရတယ်ပေါ့နော်။ အဲ့ဒီအပေါ်မှာ ကျွန်တော်တို့က ဘာမှ ဆက်လက်ဆောင်ရွက်စရာတော့ မလိုသေးဘူး။ စုံစမ်းစစ်ဆေးပြီးလို့  ရုံးတင် တရားစွဲတာကို သိရတဲ့အခါမှ တရားခံ မပြည့်စုံရင် တရားခံကို ပြည့်စုံအောင် ဆောင်ရွက်ဖို့ ဆက်လက်ဆောင်ရွက် လုပ်ကိုင်ဖို့ ရှိတာပေါ့။  ဒီအမှုကို အနီးကပ် စောင့်ကြည့်လေ့လာသွားမှာပေါ့” ဟု ပြောသည်။ အဆိုပါ အမှုကို ဥပဒေပါ အခွင့်အရေးအရ ဆောင်ရွက်သွားမည်ဟုလည်း ဦးအောင်သိန်းက ဆိုသည်။
အမှုတွင် တရားလိုရှေ့နေအဖြစ် လျှောက်ထားရန်ကို ဒေါ်ခင်ဝင်း၏ မိသားစုဝင်များက အကူအညီ တောင်းခံလာပါက လိုက်ပါဆောင်ရွက်ပေးမည်ဖြစ်ပြီး ယင်းအမှုဖြစ်စဉ်တွင် မြန်မာနိုင်ငံရှေ့နေများကွန်ရက်မှ လိုက်ပါကူညီ ဆောင်ရွက်ပေးမည်ကိုလည်း ကာယကံရှင် မိသားစုဝင်များကို ကတိပေးအပ်ပြီးဖြစ်သည်ဟု ဦးသိန်းသန်းဦးက ဆိုသည်။
၎င်းက “ကာယကံရှင်က တိုက်ရိုက်သက်ဆိုင်သူ မဟုတ်ဘူး။ ဥပဒေအရ တရားလိုဖြစ်တဲ့ အစိုးရဘက်က လိုက်ပါဆောင်ရွက်မယ့် ဥပဒေအရာရှိ လက်အောက်ခံအဖြစ် လိုက်ပါဆောင်ရွက်ခွင့် လျှောက်လို့ရပါတယ်” ဟု ပြောသည်။
ဒေါ်ခင်ဝင်း ဦးခေါင်းတွင် သေနတ်ကျည်ဆန် ထိမှန် သေဆုံးခဲ့မှုကို သေမှုသေခင်းဖြင့် စစ်ဆေးရာမှ ဆားလင်းကြီးမြို့နယ် တရားသူကြီးက မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ ပစ်ခတ်သည့် သေနတ်ဒဏ်ရာဖြင့် သေဆုံးခဲ့ကြောင်း အမိန့်ချမှတ်ပြီးနောက်တွင် ယင်းကဲ့သို့ ဒု-ရဲမှူး သန်းနိုင်က တရားလိုပြု တိုင်ကြားထားခြင်း ဖြစ်သည်။
ဒေါ်ခင်ဝင်းနှင့် မောင်တော်စပ်သူ ဦးကျော်မြင့်သိန်းက “အခု မြန်မာနိုင်ငံ ရှေ့နေများကွန်ရက်က ရှေ့နေ ဦးသိန်းသန်းဦး၊ ဦးအောင်သိန်းတို့နဲ့ တိုင်ပင်ဆောင်ရွက်ဖို့ရှိပါတယ်။ ကျွန်တော်တို့က ဥပဒေအကြောင်းလည်း သိပ်နားမလည်တော့ ရှေ့နေတွေနဲ့ တိုင်ပင်ဆောင်ရွက်သွားမှာပါ” ဟု ဆိုသည်။
ဒေါ်ခင်ဝင်း သေဆုံးမှုနှင့် ပတ်သက်၍ ဆားလင်းကြီး ပြည်သူ့ဆေးရုံကြီး၌ ၂၀၁၄ ခုနှစ် ဒီဇင်ဘာ ၂၄ ရက် နံနက် ၁၀ နာရီက ရင်ခွဲစစ်ဆေးရာ သေနတ်ဒဏ်ရာဖြင့် သေဆုံးကြောင်း မုံရွာဆေးရုံအုပ်ကြီးက အတည်ပြုခဲ့ပြီးလည်း ဖြစ်သည်။
ဒေါ်ခင်ဝင်း သေဆုံးမှု အမှုမှန်ပေါ်ပေါက်ရေးနှင့် သိမ်းဆည်းခံ လယ်ယာမြေများ ပြန်လည်ရရှိရေး ၂၀၁၄ ခုနှစ် ဒီဇင်ဘာ ၁၉ ရက်မှ စတင်၍ ဆည်တည်းရွာအနီး သပိတ်စခန်း ဖွင့်လှစ်ထားခဲ့သော်လည်း သက်ဆိုင်ရာမှ တစ်စုံတစ်ရာ လာရောက်ဖြေရှင်းမှု မရှိသေးဟု ဒေသခံများက ပြောသည်။
ဇန်န၀ါရီလ ၂၉ ရက်ကလည်း လက်ပံတောင်းတောင် ဒေသခံ ၁၀၀ ကျော်က ဒေါ်ခင်ဝင်းအမှုမှန် ပေါ်ပေါက်ရေးနှင့် မီးလောင်ဗုံးဖြင့် ဖြိုခွင်းခံရမှု ၂၆ လပြည့် အထိမ်းအမှတ် ဆန္ဒပြမှုကို ဒေါ်ခင်ဝင်း၏ နေအိမ်တွင် ပြုလုပ်ခဲ့ကြသေးသည်။
Mizzima 

No comments:

Post a Comment