Sunday, April 26, 2015

အောင်တံခွန်သင်္ဘော နစ်မြုပ်ရာတွင် သေဆုံးခဲ့သူ ၃၁ ဦး အာမခံလျော်ကြေး ငါးသိန်းစီရမည်

တောင်ကုတ်မှစစ်တွေသို့ ပြေးဆွဲခဲ့သည့် အောင်တံခွန်သင်္ဘော နစ်မြုပ်ရာတွင် သေဆုံးခဲ့သူ ၃၁ ဦး အတွက် တစ်ဦးလျှင် ထိခိုက်မှု အာမခံလျော်ကြေး ကျပ်ငွေ ငါးသိန်းစီ ရရှိမည်ဖြစ်ကြောင်း မြန်မာ့အာမခံ လုပ်ငန်း ထံမှ သိရသည်။

အလောင်းရရှိသူ ၆၆ ဦးအနက် ၃၅ ဦးသည် ပိုင်ရှင်မဲ့အလောင်းများ ဖြစ်နေ၍ ပိုင်ရှင်ရှိအလောင်း ၃၁ လောင်း၏ ကျန်ရစ်သူမိသားစုကို သူတစ်ပါးထိခိုက်မှု အာမခံလျော်ကြေး ပေးသွားမည်ဖြစ်ကြောင်း အဆိုပါ လုပ်ငန်းမှ ဦးဆောင်ညွှန်ကြားရေးမှူး ဦးအေးမင်းသိန်းက ပြောကြားသည်။

‘၃၁ ဦးကတော့ အမည်၊လိပ်စာ ရတယ်။ ခုချိန်ထိတော့ ၉ ဦးကို လျော်ပြီးသွားပြီ။ ၇ ဦးကတော့ ဆောင် ရွက်ဆဲ ဖြစ်တယ်၊ ၁၀ ဦးကိုတော့ ပုံစံ ထုတ်ပေးထားတယ်။ ပြန်လာမတင်သေးဘူး။ ကျန်တဲ့ ၅ ဦးကတော့ ခုထိ တောင်းခံလွှာ မတင်သေးဘူး’ ဟု ဦးအေးမင်းသိန်းက ဆိုသည်။ 

သူတစ်ပါးထိခိုက်မှု အာခံလျော်ကြေးမှာ ရထား၊ကုန်းလမ်း တစ်မိုင်လျှင် တစ်ပြားနှုန်း၊ ရေလမ်းတစ်မိုင်လျှင် နှစ်ပြားနှုန်းဖြင့် တွက်ချက်၍ အာမခံအနေဖြင့် ပေးလျော်ခြင်းဖြစ်ကာ နစ်မြုပ်သွားသည့် သင်္ဘောအတွက် ကိုမူ အာမခံယူထားခြင်း မရှိကြောင်း မြန်မာ့အာမခံလုပ်ငန်းထံမှ သိရသည်။

အောင်တံခွန်သင်္ဘောမှာ မတ်လ ၁၃ ရက်၊ ညပိုင်းက နစ်မြုပ်ခဲ့ပြီး အသက်ရှင်သူ ၁၆၉ ဦး ရှိသော်လည်း သင်္ဘောတွင် လိုက်ပါခဲ့သည့် ခရီးသည်နှင့် သေဆုံး၊ ပျောက်ဆုံးသူ အရေအတွက်ကို အစိုးရဘက်မှ ထုတ် ပြန်ပေးနိုင်ခြင်း မရှိသေးပေ။

The Voice Weekly

No comments:

Post a Comment