Friday, April 10, 2015

ဒီမိုကရေစီနှင့် ပညာရေး ရွှေခေတ်ဆီသို့

ကမ္ဘာ့တက္ကသိုလ်အသီးသီး၏ စွမ်းဆောင်ရည်ဆိုင်ရာ သတင်းအချက်အလက်နှင့် ကိန်းဂဏန်းများကို စုဆောင်းရယူပြီး တက္ကသိုလ်တစ်ခုချင်းစီအပေါ် အကဲဖြတ်၍ ကမ္ဘာ့အဆင့်ကြီးစဉ်ငယ်လိုက်စာရင်းများကို ထုတ်ပြန်လေ့ရှိသည့် အဖွဲ့အစည်းများအနက် စပိန်နိုင်ငံအစိုးရ၏ Consejo Superior de Investigaciones Cientificas (CSIC) အဖွဲ့လည်း ပါဝင်သည်။ ယင်းအဖွဲ့ကို ၁၉၃၉ က ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး အဓိပ္ပာယ်မှာ သိပံ္ပသုတေသနဆိုင်ရာ အဆင့်မြင့်ကောင်စီ (Superior Council of Scientific Research) ဖြစ်ပါသည်။

အဆိုပါ CSIC အဖွဲ့က ၂၀၁၅ ဇန်န၀ါရီတွင် ကမ္ဘာ့တက္ကသိုလ်ပေါင်း ၂၅၀၀၀ နှင့် သက် ဆိုင်သည့် စာရင်းတစ်ခုကို ဒေသအလိုက်၊ နိုင်ငံအလိုက် ပြုစုထုတ်ပြန်ခဲ့ပါသည်။ ထိပ်တန်းစာရင်းဝင် တက္ကသိုလ် ၁၀၀ ထဲတွင် အမေရိကန်ပြည်ထောင်စုတက္ကသိုလ် ၅၈ ခု၊ ကနေဒါနိုင်ငံက တက္ကသိုလ်ငါးခု၊ မက္ကဆီကိုနှင့် ဘရာဇီးနိုင်ငံတို့က တက္ကသိုလ်တစ်ခုစီ၊ ဗြိတိန်နိုင်ငံကတက္ကသိုလ်လေးခု၊ ဖင်လန်၊ ဆွီဒင်၊ နော်ဝေးနှင့် ဒိန်းမတ်နိုင်ငံများက တက္ကသိုလ်တစ်ခုစီ၊ နယ်သာလန်နိုင်ငံက တက္ကသိုလ်သုံးခု၊ ဘယ်လ်ဂျီယံနိုင်ငံက တက္ကသိုလ်နှစ်ခု၊ ဂျာမနီနိုင်ငံက တက္ကသိုလ်သုံးခု၊ သြစတြေးလျ၊ ဆွစ်ဇာလန်၊ အီတလီ၊ စပိန်နှင့် ချက်နိုင်ငံများကတက္ကသိုလ် တစ်ခုစီ၊ တရုတ်နိုင်ငံက တက္ကသိုလ်ငါးခု၊ ဂျပန်နိုင်ငံက တက္ကသိုလ်နှစ်ခု၊ တရုတ် (တိုင်ပေ)၊ တောင်ကိုရီးယားနှင့် ဟောင်ကောင်တို့က တက္ကသိုလ်တစ်ခုစီနှင့် သြစတြေးလျနိုင်ငံက တက္ကသိုလ်လေးခုတို့ ပါဝင်ကြောင်း တွေ့ရသည်။ ကမ္ဘာ့အဆင့်တစ်တက္ကသိုလ်မှာ အမေရိကန်ပြည်ထောင်စု ဟားဗတ်တက္ကသိုလ်ဖြစ်ပြီး ဗြိတိန်နိုင်ငံမှ ကင်းဘရစ်ခ်ျတက္ကသိုလ်မှာ ကမ္ဘာ့အဆင့် ၁၅၊  အောက်စဖို့ဒ်တက္ကသိုလ်မှာ ကမ္ဘာ့အဆင့် ၁၆ တွင် ရှိပါသည်။ ကမ္ဘာ့အင်အားကြီးနိုင်ငံဖြစ်သည့်  ရုရှားနိုင်ငံ မော်စကိုတက္ကသိုလ်မှာ ကမ္ဘာ့အဆင့် ၁၂၉ ဖြစ်သဖြင့် ယခုဖော်ပြခဲ့သည့် ထိပ်တန်း ၁၀၀ စာရင်းထဲတွင် ပါဝင်ခြင်းမရှိကြောင်း ဖော်ပြလိုပါသည်။
ဆက်လက်ပြီး အာဆီယံနိုင်ငံများ၏ နိုင်ငံတစ်ခုချင်းအလိုက် အကောင်းဆုံးတက္ကသိုလ်တစ်ခုစီ၏ ကမ္ဘာ့အဆင့်ကို တင်ပြလိုပါသည်။ စင်ကာပူနိုင်ငံ စင်ကာပူအမျိုးသားတက္ကသိုလ်က အဆင့် ၁၁၆ ဖြစ်ပါသည်။ ထိုင်းနိုင်ငံ ကက်ဆက်ဆတ်တက္ကသိုလ်က အဆင့် ၂၁၃၊ မလေးရှားနိုင်ငံ ပူထရာအမျိုးသားတက္ကသိုလ်က အဆင့် ၄၂၀၊ အင်ဒိုနီးရှားနိုင်ငံ ဂါဂျယာမဒါးတက္ကသိုလ်က အဆင့် ၅၁၈၊ ဗီယက်နမ်နိုင်ငံ ဗီယက်နမ်အမျိုးသားတက္ကသိုလ်က အဆင့် ၈၉၄၊ ဖိလစ်ပိုင်နိုင်ငံ ဖိလစ်ပိုင်တက္ကသိုလ်က အဆင့် ၁၃၅၆၊ ဘရူနိုင်းနိုင်ငံ ဘရူနိုင်းဒါရူဆလမ်တက္ကသိုလ်က အဆင့် ၃၄၉၄၊ လာအိုနိုင်ငံ လာအိုအမျိုးသားတက္ကသိုလ်က အဆင့် ၃၉၁၂၊ ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်ဘုရင့်တော်ဝင်တက္ကသိုလ်က အဆင့် ၅၅၆၅နှင့် အဆိုပါစာရင်းတွင် မြန်မာနိုင်ငံမှ အဆင့်အမြင့်ဆုံးသတ်မှတ်ခံရသော ရန်ကုန်ကွန်ပျူတာတက္ကသိုလ်မှာ အဆင့် ၁၆၁၅၇ အသီးသီးဖြစ်ကြပါသည်။ မြန်မာ့အိမ်နီးချင်းများဖြစ်သည့် အိန္ဒိယနိုင်ငံ ဘုံဘေစက်မှုတက္ကသိုလ်က အဆင့် ၅၈၉၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ရှားဂျာလားသိပ္ပံနှင့် နည်းပညာတက္ကသိုလ်က အဆင့် ၂၄၀၀ နှင့် တရုတ်နိုင်ငံ ဘေဂျင်းတက္ကသိုလ်က အဆင့် ၄၇ ဖြစ်ပါသည်။
အလျဉ်းသင့်သဖြင့် ကမ္ဘာ့အဆင့်သတ်မှတ်ချက်စာရင်းတွင် တွေ့ရသော မြန်မာ့တက္ကသိုလ်အချို့ကိုလည်း တင်ပြလိုပါသည်။ အထက်တွင် ဖော်ပြခဲ့သည်မှာ ရန်ကုန်ကွန်ပျူတာတက္ကသိုလ်ပြီး ရန်ကုန်ဆေးတက္ကသိုလ် (၁)က အဆင့် ၁၈၀၉၃၊ မန္တလေးဆေးတက္ကသိုလ်ကအဆင့် ၂၀၁၁၄၊ မကွေးဆေးတက္ကသိုလ်က အဆင့် ၂၁၄၈၂၊ ရန်ကုန်အဝေးသင်တက္ကသိုလ်က အဆင့် ၂၁၈၃၂၊ ရန်ကုန်ဆေးတက္ကသိုလ်(၂)က အဆင့် ၂၁၉၄၈၊ မန္တလေးတက္ကသိုလ်က အဆင့် ၂၂၆၇၃၊ ဟင်္သာတတက္ကသိုလ်က အဆင့် ၂၃၄၀၃၊ မန္တလေးကွန်ပျူတာတက္ကသိုလ်က အဆင့် ၂၃၄၅၁၊ ရန်ကုန်စက်မှုတက္ကသိုလ်က အဆင့် ၂၃၄၇၄၊ ရန်ကုန်သူနာပြုတက္ကသိုလ်က အဆင့် ၂၃၅၄၈၊ မြိတ်တက္ကသိုလ်က အဆင့် ၂၃၅၅၉၊ ရန်ကုန်ပညာရေးတက္ကသိုလ်က အဆင့် ၂၃၅၈၉၊ ရေဆင်းမွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ်က အဆင့် ၂၃၆၀၁၊ မန္တလေးသူနာပြုတက္ကသိုလ်က အဆင့် ၂၃၇၆၄ နှင့် ရန်ကုန်တက္ကသိုလ်က အဆင့် ၂၃၈၄၁ အသီးသီးဖြစ်ကြပါသည်။
ဤနေရာတွင် CSIC အဖွဲ့၏ တက္ကသိုလ်အဆင့်အနိမ့်အမြင့် သတ်မှတ်ရာတွင် စံထားသည့် နည်းနာပညာအချို့ကိုလည်း ဖော်ပြလိုပါသည်။ နံပါတ်(၁)အချက်မှာ တက္ကသိုလ်တစ်ခု၏အောက်တွင် ပညာရပ်သင်ကောလိပ် အမျိုးအစားများပြားစုံလင်မှု ရှိ၊ မရှိကို ကြည့်ပါသည်။ နံပါတ်(၂)အချက်မှာ မဟာဘွဲ့၊ ပါရဂူဘွဲ့စသည့် မြင့်မားသောပညာရပ် သင်ဆရာအင်အားခိုင်မာတောင့်တင့်မှု ရှိ၊ မရှိကို ကြည့်ပါသည်။ နံပါတ်(၃)အချက်မှာ ကျောင်းသားနှင့် ဆရာအချိုးအစား (ဥပမာ-ဆရာတစ်ယောက်သည် ကျောင်းသား ၂၀ ယောက်ထက်မပိုဘဲ နည်းနည်းနှင့် နိုင်နိုင်နင်းနင်း မည်မျှထိ ကွပ်ကဲရသည်)ကို ကြည့်ပါသည်။ နံပါတ်(၄)အချက်မှာ လူသားအကျိုးပြုသုတေသနစာတမ်း (Research Paper) နှင့် ဆန်းစစ်လေ့လာချက်အစီရင်ခံစာ (Survey Report) များဆိုင်ရာ စွမ်းဆောင်နိုင်မှုကို ကြည့်ပါသည်။ နံပါတ်(၅)အချက်မှာ တက္ကသိုလ်၏ ပထမဘွဲ့၊ မဟာဘွဲ့၊ ပါရဂူဘွဲ့များ နှစ်စဉ်မည်မျှ ချီးမြှင့်နိုင်သည်ကို ကြည့်ပါသည်။ နံပါတ် (၆) အချက်မှာ ပညာသင်နှစ်တစ်နှစ်တွင် ၀င်ခွင့်ပြုနိုင်သည့် ကျောင်းသားသစ်ပမာဏကို ကြည့်ပါသည်။ နံပါတ်(၇)အချက်မှာ ဆရာများ၏ သုတေသနလုပ်ငန်း စီမံဆောင်ရွက်မှုကြောင့် ပညာသင်နှစ်တစ်နှစ်အတွင်း ရရှိသည့် တက္ကသိုလ်ဝင်ငွေကို ကြည့်ပါသည်။
နံပါတ်(၈)အချက်မှာ အပြည်ပြည်ဆိုင်ရာမှ ၀င်ရောက်လာသည့် ဆရာ၊ ကျောင်းသားအရေအတွက်နှင့် တက္ကသိုလ်၏ လက်ရှိဆရာ၊ ကျောင်းသားအရေအတွက် အချိုးအစားကို ကြည့်ပါသည်။ နံပါတ် (၉) အချက်မှာ အပြည်ပြည်ဆိုင်ရာ (သို့) ဒေသဆိုင်ရာ သုတေသနစာတမ်းများ ပြုစုရာတွင် ပြည်ပနိုင်ငံပညာရှင်များနှင့် ပူးတွဲရေးသားပြုစုနိုင်မှု အခြေအနေကို ကြည့်ပါသည်။ နံပါတ် (၁၀) အချက်မှာ တက္ကသိုလ်၏ လိုအပ်ချက်အရ ပြည်ပနိုင်ငံများမှ သုတေသနပညာရှင်များ၊ ပါမောက္ခများကို ငှားရမ်းခန့်ထားနိုင်မှု ရှိ၊ မရှိကို ကြည့်ပါသည်။ နံပါတ် (၁၁)အနေနှင့် တက္ကသိုလ်က မွေးထုတ်လိုက်သည့် ကျောင်းသားဟောင်းများထဲက စာပေပညာရပ်ဆိုင်ရာ နိုဗယ်လ်ဆုရှင်များ ပေါ်ထွက်မှု ရှိ၊မရှိကို ကြည့်ခြင်းဖြစ်ပါသည်။
အထက်စာပိုဒ် (၄)ပါ မြန်မာ့အဆင့်မြင့်ပညာတက္ကသိုလ်များ၏ ကမ္ဘာ့အဆင့်သတ်မှတ်ခံရချက်များမှာ မြန်မာတိုင်းအတွက် ၀မ်းနည်းဖွယ်ဖြစ်ပါသည်။ ရန်ကုန်တက္ကသိုလ်၊ မန္တလေးတက္ကသိုလ်၊ ဆေးတက္ကသိုလ်၊ စက်မှုတက္ကသိုလ်၊ ပညာရေးတက္ကသိုလ် စသည်တို့မှာ အစဉ်အလာရှိခဲ့သော တက္ကသိုလ်ကြီးများဖြစ်ခဲ့ပါသည်။  မြန်မာ့အခြေခံပညာရေးစနစ်နှင့် ပကတိအခြေအနေများကို စစ်တမ်းကောက်ယူကြည့်လျှင်လည်း ပို၍ ၀မ်းနည်းဖွယ်တွေ့ရမည်ဖြစ်ပါသည်။ ဤသို့ မြန်မာ့ပညာရေး အဆင့်အတန်းနိမ့်ကျသွားရခြင်း၏ အဓိကအကြောင်းရင်းမှာ တပ်မတော်အစိုးရများ နှစ်ပေါင်း (၅၀)ကျော် တစ်ဆက်တည်း စိုးမိုးအုပ်ချုပ်ခဲ့မှုကြောင့်ပင်ဖြစ်ပါသည်။  ခေတ်တစ်ခေတ်ပညာရေးဖွံ့ဖြိုးတိုးတက်ဖို့ဆိုသည်မှာ နှစ်ပေါင်း  (၂၀) ၀န်းကျင်လောက် တည် ဆောက်ခဲ့ကြရပါသည်။ စစ်ကြိုခေတ်က နိုင်ငံခြားသားပညာရှင်အများစုထံမှ ပညာသင်ယူခဲ့ကြသော မြန်မာပညာရှင်များသည် ၀န်ကြီးချုပ်ဦးနု ခေါင်းဆောင်သည့် ဖဆပလဒီမိုကရေစီနိုင်ငံရေးခေတ်တွင် ပါဝင်ထမ်းဆောင်ခွင့်ရခဲ့ကြသဖြင့် နိုင်ငံရေးနှင့် ပညာရေး ရွှေခေတ်ပေါ်ထွန်းခဲ့ဖူးပါသည်။ ဖဆပလခေတ်က မွေးထုတ်လိုက်သော မြန်မာပညာရှင်များမှာ ကံမကောင်းစွာဖြင့် မြန်မာ့ဆိုရှယ်လစ် တစ်ပါတီအာဏာရှင်ခေတ်တွင် တာဝန်ထမ်းခွင့်ကြုံကြရပြန်ပါသည်။ မူမှန်၊ လူမှန်၊ နေရာမှန် တာဝန်ထမ်းဆောင်ရမှု အားနည်းခဲ့ပြီး ခွဲခြားဆက်ဆံမှု၊ မသိမသာဖိနှိပ်မှု၊ ဘက်လိုက်မှုများရှိခဲ့သဖြင့် နိုင်ငံရေးနှင့် ပညာရေးမှာ ငွေခေတ်သို့ လျှောကျခဲ့ရပါသည်။ တစ်ဖန်ဆိုရှယ်လစ်ခေတ်က မွေးထုတ်လိုက်သော မြန်မာပညာတတ်အများစုသည်လည်း ၁၉၈၈ နောက်ပိုင်း စစ်အစိုးရများနှင့် လက်တွဲခဲ့ကြရာ နိုင်ငံရေးနှင့် ပညာရေးမှာ  ကြေးခေတ်၊ သံခေတ်သို့ ထပ်မံလျော့ကျခဲ့ရသည်ဟု ဆိုရပါမည်။
ယခုအခါ ပညာရေးဆိုင်ရာ ကျွမ်းကျင်သူများပါဝင်သည့် အဖွဲ့အစည်းအချို့ ပေါ်ထွက်လာသည်ကို ၀မ်းမြောက်ဖွယ် တွေ့ရပါသည်။ ပညာရေးပြုပြင်ပြောင်းလဲမှုတိုင်းသည် နိုင်ငံရေးနှင့် စီးပွားရေးပြုပြင်ပြောင်းလဲမှု မှန်ကန်ခိုင်မာမှုအပေါ် များစွာတည်မှီလျက်ရှိနေပါသည်။ ငွေကြေးဓနအင်အားလည်း များစွာတောင့်တင်း ရန်လိုပါသည်။ ဒီမိုကရေစီနှင့် စစ်မှန်သော ပြည်ထောင်စုစနစ်ကသာ လုံခြုံသော တိုင်းပြည်၊ ခိုင်ခံ့သော လွှတ်တော်၊ ကောင်းမွန်သော အစိုးရနှင့် ကောင်းမွန်သော ပညာရေးအစဉ်အလာများ ဆက်ကာဆက်ကာ ပေါ်ပေါက်စေနိုင်ကြောင်း ကမ္ဘာကလည်း သက်သေပြလျက်ရှိပါသည်။
ထို့ကြောင့် လာမည့် ၂၀၁၅ ရွေးကောက်ပွဲနှင့် လွှတ်တော်သစ်၊ အစိုးရသစ်တို့က နိုင်ငံရေးကြောင့် တဖြည်းဖြည်း လျော့ကျလာခဲ့ရသည့် ကြေးခေတ်၊ သံခေတ်ပညာရေးကို မူလနေရာရွှေခေတ်သို့ ဦးစွာပြန်လည်ရောက်ရှိအောင် ပြည်သူတို့နှင့် ယုံယုံကြည်ကြည်၊ ရင်းရင်းနှီးနှီး အေးအတူပူအမျှခံစားရင်း လက်တွဲကြိုးပမ်းထမ်းဆောင်နိုင်ကြလိမ့်မည်ဟု မျှော်လင့်မိပါကြောင်း ဖော်ပြအပ်ပါသည်။
7Day Daily

No comments:

Post a Comment