Friday, April 10, 2015

ပြန်စဉ်းစားရတော့မည့် နှစ်သစ်ကူးရုံးပိတ်ရက်ရှည်

နအဖအစိုးရလက်ထက်မှစတင်၍ မဟာသင်္ကြန်နှင့် နှစ်သစ်ကူးရုံးပိတ်ရက်အဖြစ် ၁၀ ရက်တာ အားလပ်ရက် သတ်မှတ်ခဲ့သည်။ အပတ်စဉ် စနေ၊ တနင်္ဂနွေရုံးပိတ်ရက်တစ်ရာကျော်နှင့် အစိုးရရုံးပိတ်ရက် ၂၀ ၀န်းကျင်ရှိနေရာမှ နှစ်သစ်ကူးရုံးပိတ်ရက်ကြောင့် နိုင်ငံတွင် အစိုးရရုံးပိတ်ရက် ပိုများလာခဲ့သည်။ စနေ၊ တနင်္ဂနွေရုံးပိတ်ရက်မပါ အစိုးရရုံးပိတ်ရက် တစ်နှစ်လျှင် ၂၅ ရက်ဝန်းကျင်ရှိနေပြီး ကမ္ဘာပေါ်တွင် အားလပ်ရက် အများဆုံးအဖြစ် သတ်မှတ်ခံထားရသော ရုံးပိတ်ရက် ၂၁ရက်ရှိသည့် အိန္ဒိယနိုင်ငံထက်ပင် မြန်မာနိုင်ငံက ပိုများသွားသည်။ ကမ္ဘာ့အဆင်းရဲဆုံး စာရင်းဝင် နိုင်ငံတွင် ပုံမှန်အားလပ်ရက်များအပြင် နှစ်သစ်ကူးရုံးပိတ်ရက်ရှည်သတ်မှတ်ထားခြင်းနှင့် ပတ်သက်၍ အမြင်များကို စုစည်းဖော်ပြပေးလိုက်ပါသည်။

ဒေါ်ခင်စန်းလှိုင်
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ ပုလဲမဲဆန္ဒနယ်
ဒီမိုကရေစီထွန်းကားတဲ့ တခြားနိုင်ငံတွေမှာလည်း အလုပ်သမားအခွင့်အရေးတွေ ပေးထားတာရှိတယ်။ ဒီလိုရက်ရှည်ခွင့်ပေးထား တာ ကောင်းပါတယ်။ အလုပ်သမားအခွင့်အရေးတစ်ရပ်အနေနဲ့လည်း ပေးသင့်တယ်လို့ ထင်တယ်။ နိုင်ငံအနေနဲ့ကလည်း ၀န်ထမ်းတွေကို ဒီလိုခွင့်ပေးထားတဲ့နည်းတူ ၀န်ထမ်းတွေဘက်ကလည်း ရုံးပြန်ဖွင့်ပြီးတဲ့အခါ နိုင်ငံအတွက်၊ ပြည်သူအတွက် အင်တိုက်အားတိုက် အလုပ်လုပ်ပေးလာနိုင်မလားဆိုတာ စောင့်ကြည့်ရမယ့် သဘောပေါ့။ ရက်ရှည်ပိတ်လိုက်တဲ့အတွက် ရုံးကိစ္စနဲ့ ပတ်သက်လို့ လုပ်ရကိုင်ရတာတွေမှာ အနှောင့်အယှက်တွေဖြစ်ရတယ်လို့ သိရတယ်။ နိုင်ငံအတွက်လည်း အဲဒီကာလမှာ အရေးပေါ်ကိစ္စတွေပေါ်လာပြီဆိုရင်လည်း လုပ်ငန်းပိုင်း ဆိုင်ရာ ထိခိုက်မှုတွေ ဖြစ်လာနိုင်တယ်။ ဒါကြောင့် ရုံးပိတ်ထားတယ် ဆိုပေမယ့်လည်း အစိုးရဌာနတွေအနေနဲ့က အရေးပေါ်ဆောင်ရွက်လို့ရအောင် ဌာနခွဲတချို့ကို ဖွင့်ထားဆောင်ရွက်သင့်တယ်လို့ ထင်ပါတယ်။ ဒီလိုပိတ်ရက်ရှည်လုပ်ထားတဲ့အပေါ်မှာတော့ ပြောင်းလဲဖို့ မလိုဘူးလို့ ထင်တယ်။ ဘာကြောင့်လဲဆိုတော့ ဒါက ၀န်ထမ်းတွေရဲ့ အခွင့်အရေးတစ်ခုလို့  နားလည်လက်ခံထားတယ်လေ။ ဒါပေမဲ့ ဒီလိုလုပ်ပေးတဲ့အပေါ်မှာတော့ ၀န်ထမ်းတွေက အခွင့်အရေးမယူဘဲနဲ့ နိုင်ငံ့အတွက် အကျိုးရှိစေချင်ပါတယ်။
ဦးရဲမြတ်သူ
မန္တလေးတိုင်းဒေသကြီး ကွန်ပျူတာလုပ်ငန်းရှင်အသင်း နာယက
သင်္ကြန်ရုံးပိတ်ရက်က အလုပ်လုပ်တဲ့သူအတွက်များတာပေါ့။ ရုံးပိတ်ရက်ရှည်ဆိုတာ တခြားနိုင်ငံတွေမှာလည်း ရှိတယ်။ ဒါပေမဲ့ ဒီမှာ ဘာပြဿနာရှိလဲဆိုတော့ သင်္ကြန်လည်း ရုံးပိတ်ရက်ရှည်ပိတ်တယ်။ ခရစ္စမတ်ဆိုလည်းပိတ်တယ်။ New Year ဆိုလည်း New Year ချင်ကြတယ်။ ဒီဧပြီဆိုရင် သက်သက်သုံးစားလို့မရတဲ့ လလို ဖြစ်နေတယ်။ Tourist Guide တွေအတွက်တော့ အကျိုးရှိမှာပေါ့။ အခြားသူတွေအတွက်တော့ လုပ်အားဆုံးရှုံးတာပေါ့နော်။ သင်္ကြန်ရုံးပိတ်ရက်က ဥပဒေမှာလည်း ခံစားခွင့်ရှိသည်လို့ သတ်မှတ်ထားတာကိုး။ အဲဒါကို အကြောင်းပြပြီး ကုန်ဈေးနှုန်းတက် တာရှိတယ်။ ဈေးတင်ရောင်းတာ တွေရှိလာတယ်။ အဲဒီမှာ လုပ်အားနဲ့ ၀င်ငွေနဲ့ မကိုက်တာတွေ ဖြစ်လာတယ်။ အစိုးရအနေနဲ့ ဗမာပြက္ခဒိန်အရ ပိတ်ချင်ပိတ်လိုက်။ ဒါမှမဟုတ် အင်္ဂလိပ်ပြက္ခဒိန်အတိုင်း ပိတ်ချင်ပိတ်။ ရောတော့  မရောနဲ့။ အခုရောနေတော့ အခက်တွေအများကြီးရှိတယ်။ ပိုဆိုးတာက အလုပ်အကိုင်အခွင့်အလမ်းပေါတယ်ဆိုတဲ့ ရန်ကုန်နဲ့ မန္တလေးမှာပဲ လူတွေပြုံနေတော့ သင်္ကြန်ပိတ်ရက်ဆို သွားလာရေးပြဿနာတွေရှိလာတယ်။ ဒီပို့ဆောင်ဆက်သွယ်ရေးကိစ္စကို အစိုးရအနေနဲ့ Management ကောင်းကောင်းနဲ့ ဖြေရှင်းဖို့ လိုတယ်။ တာဝန်ယူဖို့ လိုတယ်။ အရေးယူတာတစ်ခုတည်းနဲ့ လုပ်နေရုံနဲ့တော့ အစိုးရက ဘယ်လိုမှ အဆင်မပြေသေးဘူး။ 
ဒေါ်ဖြူအိသိန်း
Sunflowers Group Socail Enterprise တည်ထောင်သူ
အစ်မကတော့ သင်္ကြန်ရုံးပိတ်ရက်ကို အရမ်းရှည်တယ်လို့ မြင်တယ်။ အလုပ်လုပ်နေတဲ့သူတွေအတွက် နားရက်တော့ရတာပေါ့။ အစ်မတို့နိုင်ငံက တစ်ကမ္ဘာလုံးမှာ နားရက်အများဆုံးနိုင်ငံတွေထဲမှာ အဆင့် ခြောက်လို့သိထားရတယ်။ ပိုဆိုးတာက ပိတ်ရက်မတိုင်ခင်လည်း အလုပ်လုပ်ရက်ဆုံးရှုံးတယ်။ ပိတ်ရက် ပြီးတော့လည်း ဆုံးရှုံးသေးတယ်။ သင်္ကြန်ရှိတဲ့ ဒီလဆိုရင် အလုပ်လုပ်ရတာ အဆင်မပြေဘူး။ နောက်ပြီး အစ်မတို့ဆီမှာ New Year ဆိုလည်း နား။ ခရစ္စမတ်ဆိုလည်း နားဆိုတော့ နားရက်တွေ များတာပေါ့။ လုပ်အားတွေ အရမ်းဆုံးရှုံးတယ်။ လုပ်အားတက် လာအောင် လုပ်သင့်နေပြီ။ နားရက်ကိုလျှော့ပြီး လုပ်တဲ့ရက်မှာလည်း အားထည့်လုပ်ရင် အစိုးရ လုပ်ငန်းရော၊ ကိုယ်ပိုင်အလုပ်အတွက်ပါ အကျိုးဖြစ်ထွန်းမှာပါ။ ချမ်းသာတဲ့ နိုင်ငံမှာဆိုရင်တော့ ရုံးပိတ်ရက်ရှည်က ပြဿနာမဖြစ်ပေမယ့် ဒီမှာတော့ ပြန်စဉ်းစားသင့်နေပါပြီ။
ဦးသီဟအောင်
အတွင်းရေးမှူး (မြန်မာနိုင်ငံဟိုတယ်လုပ်ငန်းရှင်များအသင်း)
နိုင်ငံတော်အတွက် အားလပ်ရက်ဆိုတာ လိုအပ်ပါတယ်။ ဒါပေ မဲ့ အခုလို ဆယ်ရက်ဆိုတော့ အရမ်းများတယ်လို့ထင်တယ်။ ၀န်ထမ်းတွေက သင်္ကြန်ပိတ်ရက်တွေ မတိုင်ခင်ကလည်း ကြိုတင်ပြင်ဆင်ကြတယ်။ ပြန်ဖွင့်တော့လည်း စီစဉ်ရတယ်။ စီးပွားရေးလုပ်ငန်းတွေ အနည်းငယ်ထိခိုက်ပါတယ်။ အခုစနစ်တစ်ခုလို ဖြစ်သွားတော့ ၀န်ထမ်းအတွက် အိမ်ပြန်တယ်။ အနားရတယ်။ ပိတ်ရက်ရှည်မှာ အလုပ်ဖြစ်တဲ့ စီးပွားရေးလုပ်ငန်းတွေရှိတယ်။ ဟိုတယ်လုပ်ငန်းတွေဆို သင်္ကြန်ပိတ်ရက်တွေမှာ လူဝင်နည်းပေမယ့် တခြားပိတ်ရက်တွေမှာ စီးပွားဖြစ်တာတွေရှိတယ်။ ပိတ်ရက်တွေများတယ်။ နိုင်ငံတော်အတွက် နစ်နာတယ်ဆိုပေမယ့် ၀န်ထမ်းအတွက် အပန်းဖြေဖို့ လိုပါတယ်။ သင်္ကြန်ပိတ်ရက်က ယခင်အစိုးရစနစ်ဆိုပေမယ့် အခုတော့ အကုန်လုံးအသားကျနေပါပြီ။
ဦးသန်းလွင်
ကမ္ဘောဇဘဏ်အကြီးတန်းအတိုင်ပင်ခံပုဂ္ဂိုလ်
သင်္ကြန်နှစ်သစ်ကူးပွဲတော် မှာ ပိတ်ရက်တွေရှည်နေတာမကောင်းဘူး။ အထူးသဖြင့် ဘဏ်တွေက ပိတ်ရက်များနေတယ်။ တရုတ်နိုင်ငံမှာဆိုရင် နှစ်သစ်ကူးရုံးပိတ်ရက်က တစ်လလောက်ရှိပေမယ့် ဘဏ်တွေက ငါးရက်လောက်ပဲ ပိတ်တာ။ ဘယ်နိုင်ငံမှ ဒီလောက်ကြာအောင် ပိတ်တာမျိုး မရှိဘူး။အစိုးရအနေနဲ့ တိုင်းပြည် တည်ဆောက်နေချိန်မှာ အခုလို ပိတ်ရက်တွေများတာ တစ်ဖက်ကကြည့်ရင် ဖွံ့ဖြိုးရေးအတွက် အတားအဆီးဖြစ်စေတယ်။ ဘဏ်တွေမှာဆိုရင်လည်း ပိတ်ရက်များရင် ငွေကြေးလည်ပတ်မှုစနစ်မှာ နစ်နာမှုတွေ ဖြစ်စေတယ်။
အစိုးရက သူရုံးပိတ်ရက်များတာနဲ့ ပုဂ္ဂလိကကို လိုက်ပိတ်ခိုင်းတာ စီးပွားရေးအတွက် မကောင်းဘူး။ အစိုးရက ပိတ်တိုင်း ပုဂ္ဂလိက ကပါ လိုက်ပိတ်နေရတာ အတော်ကို အဆင်မပြေဘူး။ အဲဒီမှာမှ ဘဏ်တွေပါ ပိတ်ပေးနေရတာဆိုးတယ်။
ဒီမိုကရေစီခေတ်မှာ အရင်ခေတ်ဟောင်းကအတိုင်း ဆက်လက်ကျင့်သုံးနေတာမကောင်းဘူး။ ကောင်းတာတွေ ဆက်ယူသင့်ပေမယ့်  ဒါမျိုးတွေ ပြုပြင်သင့်တယ်။ ပြုပြင်ပြောင်းလဲရေးမှာ အကုန်စဉ်းစားဖို့ လိုတယ်။ ကောင်းကောင်း၊ မကောင်းကောင်း ဟိုဘက်ခေတ်ဟောင်းက အကျင့် တွေ ဆက်ယူတာမဖြစ်သင့်ဘူး။
ဦးဖြိုးမင်းသိန်း
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ လှည်းကူးမဲဆန္ဒနယ်
၁၀ ရက်ပိတ်တာကို ကျွန် တော့်တစ်ဦးတည်းအမြင်ကတော့ များတယ်လို့ မြင်တယ်။ ကျွန်တော်တို့လို ပြန်လည်ထူထောင်ရေးလုပ်နေရတဲ့ နိုင်ငံတစ်ခုမှာ ရုံးပိတ်ရက်ရှည်တွေပေးထားတဲ့အတွက် လုပ်အားယုတ်လျော့မှုတွေ၊ အလုပ်မတွင်မှုတွေ ဖြစ်စေတယ်။ ကျွန်တော်တို့ဆီမှာက ဒီပိတ်ရက်မှ ရယ်မဟုတ်ပါဘူး။ တခြားပိတ် ရက်တွေလည်း အများကြီးရှိပါ တယ်။ ရုံးပိတ်ရက်ရှည်တွေများတော့ အလုပ်ချိန်တွေလည်း နည်းလာတာပေါ့။ ဂျပန်မှာဆိုရင် လူတွေက အလုပ်တွေပဲ လုပ်နေတဲ့အတွက် ပိတ်ရက်တွေယူပြီး နားဖို့ တိုက်တွန်းတာတွေတောင် လုပ်နေရတယ်။ ဒီမှာက ဗိုလ်ချုပ်ပြောခဲ့သလိုပဲ သူများတစ်လှမ်းလှမ်းတဲ့အချိန်မှာ ကိုယ်က လေးငါးလှမ်းလှမ်းရမယ့်  အနေအထားဖြစ်နေတယ်။ ဒါကြောင့် ပိတ်ရက်တွေကို အပြောင်းအလဲလုပ်သင့်တယ်။ နှစ်သစ်ကူးပိတ်ရက်ဆိုလည်း အခုလိုရက်ရှည်မဟုတ်ဘဲနဲ့ သင်္ကြန်လောက်ပဲပိတ်သင့်တယ်။ နိုင်ငံအသီးသီးရဲ့ ရုံးပိတ်ရက်တွေနဲ့ ချိန်ညှိပြီး ညှိနှိုင်းပြင်ဆင်သင့်ပါတယ်။
ဒေါက်တာစိုးထွန်း
စီးပွားရေးလုပ်ငန်းရှင်
ပိတ်ရက်တွေများတော့ လုပ်ငန်းလုပ်ရတာ မကောင်းဘူး။ ရုံးလုပ် ငန်းတွေ ကြန့်ကြာမှုရှိတယ်။ ဒါပေမဲ့ မြန်မာလူမျိုးရဲ့ ရိုးရာဖြစ်လို့ ပြောရ ခက်တယ်။ မြန်မာနိုင်ငံမှာ ရုံးပိတ်ရက်တွေများတယ်။ ဒါကြောင့် နိုင်ငံစီးပွားရေးထိခိုက်နိုင်တယ်။ ဂျီဒီပီလည်း ထိခိုက်တယ်။ သွင်းကုန်၊ ပို့ကုန်တွေ သင်္ကြန်တွင်း ဘာမှလုပ်လို့မရဘူး။ ဧပြီလဆို လုပ်ငန်းတွေလုပ်ရတာ မကောင်းဘူး။ ဘဏ်လုပ်ငန်းတွေကို အချိန်တိုးစေချင်တယ်။ အခုလို ရုံး ပိတ်ရက်အစား တခြားနိုင်ငံတွေမှာလို အလှည့်ကျနားရက်မျိုးလုပ်မယ် ဆိုရင် လုပ်ငန်းတွေလည်ပတ်လို့ ပိုကောင်းလာမယ်။ အခုဧပြီဆို အလုပ် လုပ်ဖို့ အဆင်မပြေဘူးဖြစ်နေတယ်။
7Day

1 comment:

  1. ငါလိုးမသားတွေ...အပေါ်က ရုံးပိတ်ရက်ကိုအပြစ်တင်တယ့်ကောင်တွေ...

    ReplyDelete