နိုင်ငံတော်သမ္မတဦးသိန်းစိန်နှင့် ပြည်ထောင်စုလွှတ်တော် နာယက၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း တို့သည် လာမည့် ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲတွင် ယခင်အောင်နိုင်ပြီး ၂၀၁၀ မဲဆန္ဒနယ်များအတိုင်း ၀င်ရောက် ယှဉ်ပြိုင်ရန် ပါတီတွင်း မဲဆန္ဒနယ် စာရင်းများတွင် လျာထားပြီးဖြစ်သည်ဟု ဧပြီလ ၇ ရက်တွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် ဦးစိုးနိုင်၏ ကိုယ်ရေးအရာရှိ ဗိုလ်ကြီး ညီညီလွင်(ငြိမ်း)က မြန်မာသံတော်ဆင့် သို့ ပြောသည်။
၂၀၁၅ ခုနှစ်အလွန် အစိုးရသစ် သက်တမ်းတွင် သမ္မတ မလုပ် လိုတော့ကြောင်း ပြောကြားခဲ့သည့် နေပြည်တော် အစိုးရအဖွဲ့ ၏ ခေါင်းဆောင် ဦးသိန်းစိန်သည် ယခုလာမည့် ၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲတွင် ၀င်ရောက် ယှဉ်ပြိုင်ရန် စာရင်းပေးထား သည်ဟု ပြည်ခိုင်ဖြိုးပါတီ အဆင့်မြင့် တာဝန်ရှိသူ တစ်ဦးက ထုတ်ဖော် ပြောကြား ခဲ့ပြီး ဖြစ်သည်။
““ကျွန်တော် သိသလောက်တော့ အဲဒီ ကိုယ်စားလှယ်လောင်းတွေ ကို လျှောက်လွှာခေါ်ပြီး ပြန်ရွေးချယ်ဦးမှာ။ လူအများကြီး ပြန်စုပြီးပြီဆိုမှ CEC အစည်းအဝေး ထိုင်ဖို့လုပ်ကြမှာ။ ဘယ်ပုံစံနဲ့ ဘယ်လိုခေါ်မယ်ဆိုတာ ပါတီက တရားဝင် ထုတ်ပြန်တာ မရှိသေးဘူး။ သမ္မတကြီးက ပြိုင်မယ် မပြိုင်ဘူးဆိုတာ ကျွန်တော်တို့တောင် သေချာ မသိသေးဘူး။ ဘာမှတော့ မပြောသေးဘူး။ အရင်မဲဆန္ဒနယ်တွေ အတိုင်းတော့ စာရင်းလုပ်နေကြ တာပဲ။ သူ့နေရာသူပေါ့။ အခုက ပါတီတွင်း လျာထားတာပေါ့။ အရင် ပြည်သူ့လွှတ်တော်၊ အမျိုးသား လွှတ်တော် အဲဒီအတိုင်းပါပဲ။ သမ္မတကြီးရော၊ သူရဦးရွှေမန်းရော စာရင်းအရ သိရတာ အရင်မဲဆန္ဒနယ်ပဲ။ ဒါတွေကို CEC အစည်းအဝေးကျမှ အတည်ပြုမှာပါ””ဟု ဗိုလ်ကြီးညီညီလွင်က ပြောကြားခဲ့သည်။
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ၂၀၁၀ အထွေထွေ ရွေးကောက်ပွဲတွင် ဇမ္ဗူသီရိမဲဆန္ဒနယ်မှ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် အဖြစ်လည်းကောင်း၊ ပြည်ထောင်စု လွှတ်တော်နာယက၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် ဇေယျာသီရိမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် လည်းေ ကာင်း ရွေးကောက်ပွဲ အောင်နိုင်ခဲ့ပြီး ယခုလာမည့် ၂၀၁၅ ရွေးကောက်ပွဲတွင် ယခင် ၂၀၁၀ မဲဆန္ဒနယ်များ အတိုင်း လွှတ်တော် ကိုယ်စားလှယ် အသီးသီးအား ပြန်လည်နေရာချ ၀င်ရောက်ယှဉ်ပြိုင်ရန် ပြည်ခိုင်ဖြိုး ပါတီတွင်း လျာထားပြီးဖြစ်သည်။
သမ္မတဦးသိန်းစိန် ပါတီတာဝန် မထမ်းဆောင်နိုင်၍ ပါတီဥက္ကဋ္ဌတာဝန်နှင့် ၂၀၁၅ ရွေးကောက်ပွဲ၌ ပြန်လည် ပါဝင်လာနိုင်မှု အလားအလာပေါ် ““ဥက္ကဋ္ဌရဲ့ တာဝန်ဝတ္တရားတွေကို အပြည့်အ၀ ထမ်းဆောင် နေတာကတော့ ဦးရွှေမန်းပေါ့။ ၂၀၁၅ ရွေးကောက်ပွဲ အဲဒါတော့ မပြောနိုင်သေးဘူး။ အဲဒါကျတော့ ဘယ်လိုလုပ်ပြောမလဲ။ အသက်အရွယ် အရရယ် သမ္မတအငြိမ်းစားအနေနဲ့ ဖြစ်သွားတာလည်း ဖြစ်ရင်ဖြစ်မှာပေါ့။ သမ္မတ ပြန်ရွေး ချင်ရင်လည်း ရွေးမှာပေါ့”” ဟူ၍ မြန်မာ သံတော်ဆင့်နှင့် တွေ့ဆုံမေးမြန်းခဲ့စဉ် ပါတီဗဟိုအတိုင်ပင်ခံ ဦးအောင်သောင်းက ထည့်သွင်း ပြောကြားမှုရှိခဲ့သည်။
နိုင်ငံတော်သမ္မတ ဦးသိန်းစိန် အစိုးရအဖွဲ့အနေဖြင့် ဒုတိယ သက်တမ်း ပြန်လည်ရရှိရန် တိကျသေချာသော အလုပ်လုပ်ရန် လိုကြောင်း၊ ၎င်းတို့ကိုယ်တိုင် ပြည်သူလူထုကို တိကျသော ကတိစကား (သို့ မဟုတ်) ကတိက၀တ်များ ပေးခဲ့ပါက ပေးခဲ့သည့် ကတိအတိုင်း လူထုကို ကြွေးဆပ်သင့်ကြောင်း၊ လက်ရှိ သမ္မတ ဦးသိန်းစိန်နှင့် လက်ရှိပြည်ခိုင်ဖြိုး ပါတီဥက္ကဋ္ဌ သူရဦးရွှေတို့နှစ်ဦး ယှဉ်ပြိုင်ကြမည်ဆိုသည့် သုံးသပ်ချက်များ သည် နိုင်ငံရေး ကစားရန် အကွက်ဆင်ခြင်း ဖြစ်နိုင် ၍ ပြည်သူများ စဉ်းစားရန် လိုအပ်ကြောင်း စသည်ဖြင့် သမ္မတဦးသိန်းစိန် အစိုးရအဖွဲ့ကို စာမျက်နှာများပေါ်တွင် တောက်လျှောက် ဝေဖန်ရေး သားခဲ့သူ တောင်ကလေး ဆရာတော် ဦးပညာသာမိ ရေးသားခဲ့သည့် (မြန်မာသံတော်ဆင့် အတွဲ(၃)၊ အမှတ်(၄၉) စာမျက်နှာ ၂၆၊ ၂၇ တွင် ဖော်ပြခဲ့သော ၂၀၁၅ ခုနှစ်ကို နှုတ်ဆက်ခြင်း) ဆောင်းပါးတွင် ထည့်သွင်း ဖော်ပြခဲ့သည်။
ပြီးခဲ့သည့် မတ်လဆန်းက ပြုလုပ်ခဲ့သည့် ပြည်ခိုင်ဖြိုးဌာနချုပ်ရုံး၌ ဗဟိုကော်မတီဝင် တိုင်းဒေသကြီးနှင့် ပြည်နယ် အတွင်းရေးမှူးများ အစည်းအဝေး၌ သက်ဆိုင်ရာ မဲဆန္ဒနယ်များတွင် ၂၀၁၅ ရွေးကောက်ပွဲ ၀င်ပြိုင်ရန် စာရင်းပေးသွင်းထားသည့် ကိုယ်စားလှယ်လောင်း အမည်စာရင်း သေချာရန် အတည်ပြု ဆွေးနွေး ခဲ့ကြောင်း ဗဟိုကော်မတီဝင်တစ်ဦးက မြန်မာသံတော်ဆင့်သို့ ပြောသည်။
ဝတ်ရည်နွေးနွေး
မြန်မာသံတော်ဆင့်သတင်းဌာန
No comments:
Post a Comment