Sunday, April 5, 2015
ရွေးကောက်ပွဲ စနစ်များနှင့် ကျား/မ ညီမျှမှုအပေါ် နှိုင်းယှဉ်လေ့လာမှု
စစ်မှန်တဲ့ ဒီမိုကရေစီစနစ်ကို ကျင့်သုံးတဲ့ အစိုးရတစ်ရပ် ဖြစ်လာစေဖို့အတွက် အစိုးရ ဖွဲ့စည်းတည်ဆောက်ပုံ အားလုံးရဲ့ စာမျက်နှာတိုင်းလိုလိုမှာ အမျိုးသမီး၊ အမျိုးသား ဘယ်သူမဆိုဟာ အတူတကွ ပူးပေါင်းဆောင်ရွက်ဖို့နဲ့ ဆုံးဖြတ်ချက်ချမှတ်တဲ့ လုပ်ငန်းစဉ်တွေမှာလည်း ညီတူညီမျှ အပြည့်အဝ ပူးပေါင်းပါဝင် လုပ်ဆောင်နိုင်ဖို့ လိုအပ်ပါတယ်။ အုပ်ချုပ်ရေး၊ ဥပဒေပြုရေးနဲ့ တရားစီရင်ရေးမဏ္ဍိုင် သုံးရပ်လုံးမှာ ပြည်သူလူထုကနေ အမှန်တကယ် ရွေးကောက် တင်မြှောက်လိုက်တဲ့ ကိုယ်စားလှယ်တွေဟာ ကျား/မ ခွဲခြားမှုမရှိရဘဲ၊ အရည်အချင်းနဲ့ ကိုယ်စားပြုလုပ်ဆောင်နိုင်စွမ်းအပေါ် မှီတည်နေရမှာဖြစ်တယ်။ အတိအကျပြောရရင်တော့ ခွဲခြားဆက်ဆံမှု (Discrimination) လုံးဝကင်းမဲ့ဖို့ပါပဲ။ အဲ့ဒီရည်ရွယ်ချက်ကို ပြည့်မီစေမယ့် အနေအထားတွေကို ရွေးကောက်ပွဲ စနစ်ကနေ
အတိုင်းအတာတစ်ခုအထိတော့ လွှမ်းမိုးချုပ်ကိုင်နိုင်ဖို့ အလွန်ကိုလိုအပ်ပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်ပြီး ကမ္ဘာအနှံ့အပြားက နိုင်ငံဒေသ အသီးသီးက အရေးယူကိုင်တွယ်ဆောင်ရွက်ပုံ အကြောင်းတွေကို အနည်းအကျဉ်းလောက် တူးဆွလေ့လာကြည့်ရအောင်။
အခြေခံစည်းမျဉ်းများ
ပါလီမန်များသမဂ္ဂ (IPU) ကနေပြီး ၁၉၇၇ ခုနှစ်မှာ ထုတ်ပြန်တဲ့ `ဒီမိုကရေစီ ကြေညာစာတမ်း (Declaration of Democracy)´ ထဲမှာဖော်ပြထားတာက-
`ဒီမိုကရေစီအောင်မြင်ဖြစ်ထွန်းမှုသည် လူ့အဖွဲ့အစည်းတစ်ရပ်၏ ကိစ္စအ၀၀ကို စီမံဆောင်ရွက်ရာမှာအမျိုးသမီးနှင့် အမျိုးသားများအကြား စစ်မှန်မျှတသည့် မိတ်ဖက်သဖွယ် ဆက်ဆံရေးတစ်ရပ်ကို တည်ဆောက်ထားရမည့် အချက်မှာ မဖြစ်မနေတည်ရှိနေရမည့် အကြောင်းအချက်တစ်ခုပင် ဖြစ်ပါသည်။ ထိုကဲ့သို့ လုပ်ဆောင်ရာတွင် ၎င်းတို့အကြား လိင်အရမတူညီသည့် ကျား/မဖြစ်မှုကနေ၍ အပြန်အလှန် တန်ဖိုးထားစေမှုကို ဆွဲယူစေခြင်းဖြင့် ညီမျှမှုနှင့် အပြန်အလှန်ဖြည့်စွမ်းဆောင်ရွက်နိုင်မှုများ ဒွန်တွဲလုပ်ဆောင်ရမည် ဖြစ်သည်´လို့ပဲဖြစ်တယ်။ ဓနသဟာယနိုင်ငံတွေရဲ့ အကြီးအကဲတွေကလည်း ၁၉၉၁ ဟာရာရီကြေညာစာတမ်း (Harare Declaration in 1991) ထဲမှာ-
`အမျိုးသမီးများအနေဖြင့် ၎င်းတို့၏ ပြည့်ဝညီမျှသည့် အခွင့်အရေးများကိုကျင့်သုံးဆောင်ရွက်နိုင်စေရန်အတွက် တန်းတူညီမျှမှု (Equality) ရှိရမည်´ လို့ အတိအလင်းထည့်သွင်းဖော်ပြခဲ့တယ်။ ဒီမိုကရေစီအယူအဆကိုက နိုင်ငံရေးမူဝါဒတွေရဲ့ ဥပဒေပြုရေးကိစ္စရပ်တွေကို ဆုံးဖြတ်ရာမှာ နိုင်ငံလူဦးရေစုစုပေါင်းရဲ့ ထက်ဝက်ခန့်စီရှိတယ်လို့ ယူဆရတဲ့ ကျား/မအရေအတွက်နဲ့ ပတ်သက်လို့ သဘောထားခံယူချက်တွေ၊ အကျိုးစီးပွားတွေ အောင်မြင်ဖြစ်ထွန်းဖို့ရာ အတူတကွပူးပေါင်းဆောင်ရွက်ဖို့ကို ဦးတည်တာပဲဖြစ်တယ်။ အဲ့ဒီလို ဦးတည်ဆောင်ရွက်ရာမှာလည်း ဒီမိုကရေစီအယူအဆကသာ စစ်မှန်ပြီး ပြောင်းလဲနိုင်စွမ်းရှိတဲ့ သိသာထင်ရှားမှုကို ထင်ဟပ်ပေါ်လွင်စေတာ ဖြစ်ပါတယ်။ ဒီသဘောတရားကနေပြီးတော့ ၁၉၉၄ ခုနှစ် ပါလီမန်များသမဂ္ဂကနေ ကမကထလုပ်တဲ့ လက်တွေ့ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်ကို စေ့ဆော်ပေးခဲ့တာ ဖြစ်ပါတယ်။
၁၉၉၅ ခုနှစ်၊ တရုတ်နိုင်ငံ၊ ပေကျင်းမြို့မှာ ကျင်းပခဲ့တဲ့ လေးကြိမ်မြောက် ကမ္ဘာ့အမျိုးသမီးများညီလာခံမှာ ထုတ်ပြန်ခဲ့တဲ့ တရုတ်ပါလီမန်ရဲ့ ကြေညာစာတမ်းမှာလည်း နိုင်ငံရေးမှာ အမျိုးသမီးနဲ့အမျိုးသား ပါဝင်ပတ်သက် နိုင်မှုနဲ့ ပတ်သက်ပြီး မညီမမျှဖြစ်နေတာကို အရေးယူဆောင်ရွက်ဖို့အတွက် ပါလီမန်များသမဂ္ဂရဲ့ လက်တွေ့ ပူးပေါင်းဆောင်ရွက်မှုအစီအစဉ်ကို ထောက်ခံအတည်ပြုခဲ့တယ်။ အဲ့ဒီညီလာခံမှာပဲ အမျိုးသမီးတွေဟာ အထူးသဖြင့် အခြေခံစာတတ်မြောက်မှုမှာဆိုရင် ကမ္ဘာ့နေရာဒေသတော်တော်များများမှာ နိမ့်ကျနေပြီး အဲ့ဒီအတွက် လေ့ကျင့်ပေးမှုနဲ့ ပညာရေးဆိုင်ရာအခွင့်အလမ်းရရှိနိုင်တဲ့ လမ်းကြောင်းနဲ့ပတ်သက်လို့ ညီမျှပြည့်ဝမှုရှိဖို့ မဖြစ်မနေလိုအပ်နေတာကိုလည်း သဘောတူလက်ခံခဲ့တယ်။ ကမ္ဘာ့လူဦးရေအားလုံးရဲ့ သန်းတစ်ထောင်နီးပါးဟာ စာမတတ်မြောက်သူပဲ ဖြစ်ပါတယ်။ ဒါပေမယ့် အဲ့ဒီ သန်းတစ်ထောင်ထဲကမှ သုံးပုံနှစ်ပုံဟာ အမျိုးသမီးတွေဖြစ်ပြီး နိုင်ငံအသီးသီးက လူဦးရေတိုးနှုန်းပေါ် မူတည်ပြီးတော့ အဲ့ဒီကွာဟချက်ကလည်း တဖြည်းဖြည်းချင်း တိုးလာနေတာပါ။
၁၉၉၇ ခုနှစ်မှာ ဓနသဟာယနိုင်ငံတွေက အစိုးရအကြီးအကဲတွေဟာ ၂၀၀၅ နောက်ပိုင်းကစပြီး နိုင်ငံရေး၊ ပြည်သူ့ရေးရာနဲ့ ပုဂ္ဂလိကကဏ္ဍတွေမှာ အမျိုးသမီးတွေရဲ့ ပါဝင်လုပ်ဆောင်မှုကို ၃၀ ရာခိုင်နှုန်းထက် မနည်းရအောင် ဦးတည်ချက်ထားပြီးလုပ်ဆောင်ဖို့ သဘောတူညီခဲ့ကြတယ်။ အဲ့ဒီညီလာခံတလျှောက်လုံးမှာ ထပ်ခါတစ်လဲလဲ ဆွေးနွေးပြောဆိုနေရတဲ့အကြောင်းအရာကလည်း ဓနသဟာယနိုင်ငံတွေတင်မကဘဲ ကမ္ဘာတစ်ဝှမ်းလုံးမှာ နိုင်ငံတော်အဆင့် ဆုံးဖြတ်ချက်ချမှတ်ရတဲ့ ရာထူးနေရာတွေမှာ အမျိုးသမီးတွေရဲ့ ပါဝင်လုပ်ကိုင်နိုင်မှု တိုးတက်စေဖို့ လိုအပ်နေတယ်ဆိုတဲ့ အချက်ပဲဖြစ်တယ်။
ပါလီမန် လွှတ်တော်ထဲက အမျိုးသမီးများ
၁၉၇၅ ခုနှစ်တုန်းကဆိုရင် တစ်ကမ္ဘာလုံးမှာရှိတဲ့ ပါလီမန်လွှတ်တော်တွေမှာ တာဝန်ထမ်းဆောင်နေတဲ့ အမျိုးသမီးအရေအတွက်ဟာ ၁၀ ဒသမ ၉ ရာခိုင်နှုန်းပဲ ရှိခဲ့ပါတယ်။ ၁၉၇၇ ကစပြီး တဖြည်းဖြည်းချင်း တိုးတက်လာခဲ့တာ ၁၉၈၈ ခုနှစ်မှာတော့ ၁၄ ဒသမ ၈ ရာခိုင်နှုန်းအထိ ရှိလာခဲ့တယ်။ ဒါပေမယ့် သိပ်မခံလိုက်ပါဘူး။ ၁၉၉၅ ခုနှစ်မှာ ၁၁ ဒသမ ၆ ရာခိုင်နှုန်းအထိ ပြန်ပြီးလျော့ကျသွားခဲ့တယ်။ လွန်ခဲ့တဲ့နှစ် ၂၀ လောက်တုန်းက အနေအထားကို ရောက်လုနီးဖြစ်သွားတဲ့ သဘောပါပဲ။ ၃၀ ရာခိုင်နှုန်းလောက်ကိုတော့ အတိမ်းအစောင်းမခံတဲ့ ထုထည်ပမာဏဖြစ်တယ်လို့ အများစုက တွေးထင်ခဲ့ကြပုံပါ။ အဲ့ဒီအဆင့်အနေအထားဟာ အမျိုးသမီးတွေရဲ့ ပါဝင်လုပ်ကိုင်နိုင်မှုနဲ့ပတ်သက်လို့ သိသာထင်ရှားတဲ့ သက်ရောက်မှုနဲ့ အဓိပ္ပါယ်ရှိတဲ့ ဖြည့်သွင်းမှုတစ်ခုအဖြစ် စတင်ပြီးတည်လာတဲ့သဘောပဲဖြစ်တယ်။ သဘောကတော့ အမျိုးသမီးတွေရဲ့ပါဝင်မှုဆိုတာကို လက်တွေ့မှာ မျက်ကွယ်ပြုမရတဲ့ပုံစံ ဖြစ်လာတာကို ဆိုလိုတာပါ။ တကယ်တော့ ၅၀ ရာခိုင်နှုန်းလောက်က လိင်အရသင့်တင့်တဲ့ သာတူညီမျှရှိမှုကို ကိုယ်စားပြုတယ်လို့ ဆိုနိုင်ပါတယ်။ နောက်တစ်ခုက ဘာသာရေး၊ လူမျိုးစု၊ ယဉ်ကျေးမှုအရ ဒါမှမဟုတ် လူနည်းစုအုပ်စုဖြစ်နေတယ်ဆိုတဲ့ အဆက်အစပ်တွေပေါ်မူတည်ပြီးမျှတမှုဆိုတဲ့ ကိစ္စနဲ့ပတ်သက်လို့ ပြောဖို့ကလည်း ခက်ခဲပါတယ်။ အမျိုးသမီးဖြစ်တယ်ဆိုတဲ့ အနေအထားကိုချည်းပဲတော့ သိပ်ပြီးစဉ်းစား သုံးသပ်နေလို့ မရပါဘူး။
အဲ့ဒီတော့ကာ အမျိုးသမီးတွေ နိုင်ငံရေးမှာသာမကဘူး၊ ကဏ္ဍပေါင်းစုံမှာ ပါဝင်နိုင်ဖို့အတွက် နိုင်ငံတကာ အတိုင်းအတာမှာ အပြုသဘောဆောင်တဲ့ ထုတ်ပြန်ချက်တွေ၊ ကြေညာချက်တွေ ဆက်တိုက်ဆိုသလို ဘယ်လိုပဲ အတည်ပြုလက်ခံကြသည်ဖြစ်စေ အပြောသက်သက်ကနေ လက်တွေ့ရလဒ်တွေဆီရောက်အောင် ပြောင်းလဲလုပ်ဆောင်ပေးဖို့အတွက်က ဘာအရေးယူဆောင်ရွက်မှုလမ်းကြောင်တွေ လိုအပ်နေလဲဆိုတာ ဆက်ပြီးလေ့လာကြည့်ရအောင်။
ရွေးကောက်ပွဲ စနစ်တွေနဲ့ ချိတ်ဆက်မှု
တချို့ကတော့ ကမ္ဘာအနှံ့အပြားက နိုင်ငံတော်တော်များများရဲ့ ပါလီမန်တွေကနေပြီး ဝက်စ်မင်းစတာ မိုဒယ်နဲ့အတူ အမွေဆက်ခံထားတဲ့ ‘first-past-the-post’ စနစ်ဟာဥပဒေပြုရေးကဏ္ဍတွေမှာ ကြီးထွားများပြားလာနေတဲ့ ကျား/မ အရညီမျှမှုဖြစ်နေတဲ့အပေါ် အနုတ်သဘောဆောင်တဲ့ လွှမ်းမိုးမှုတစ်ခုရှိနေတယ်လို့ ယုံကြည်ကြတယ်။ ဒီအဆိုအရဆိုရင်တော့ အချိုးကျကိုယ်စားပြုစနစ် (Proportional Representation System) က ဥပဒေပြုရေးပိုင်းမှာအမျိုးသမီးတွေ ပိုပြီးပါဝင်ခွင့်ရစေတယ် ဆိုတဲ့သဘောပဲ။ ဘာကြောင့်လဲဆို PR စနစ်က မဖြစ်မနေသဘောမျိုးနဲ့ ပိုပြီးတော့ အားလုံးပါဝင်ရမယ် ဆိုတာမျိုးဖြစ်နေလို့ပဲဖြစ်တယ်။ ဒါဆိုအဲ့ဒီအဆိုက တကယ်ဖြစ်လာအောင် အကောင်အထည်ဖော်ပေးမလားဆိုတဲ့ မေးခွန်းပေါ်လာတယ်။ ကမ္ဘာတစ်ဝန်းက နိုင်ငံတော်တော်များများကို ကြည့်ပြီးတော့ လူများစုဖြစ်ပေမယ့် ၅၀ ရာခိုင်နှုန်း မကျော်တဲ့စနစ် ကျင့်သုံးတဲ့ နိုင်ငံတွေကို အချိုးကျစနစ်ကျင့်သုံးတဲ့နိုင်ငံတွေနဲ့ နှိုင်းယှဉ်လေ့လာကြည့်မယ်ဆိုရင် ဘယ်လိုရလဒ်တွေ ရလာနိုင်မလဲဆိုတဲ့ မေးခွန်းကလည်း ထပ်ဆင့်ပေါ်လာမှာဖြစ်တယ်။ IPU ကနေပြီးနိုင်ငံပေါင်း ၁၉၇ နိုင်ငံက အချက်အလက်တွေပေါ် အခြေခံစုစည်းထားတဲ့ ထုတ်ပြန်ထားမှုတွေကို အထက်ပါအတိုင်း ဖော်ပြခဲ့ပြီးဖြစ်တယ်။ အဲ့ဒီထုတ်ပြန်မှုဟာ ပုံမှန်အားဖြင့် နှစ်စဉ်နောက်ဆုံးရ အချက်အလက်တွေနဲ့ မွမ်းမံထားတာဖြစ်တယ်။
၁၉၉၅ ခုနှစ်မှာရေရှည်တည်တံ့နိုင်မယ့် ဒီမိုကရေစီစနစ်ကိုအားပေးမြှင့်တင်ဖို့နဲ့ ရှေ့ကိုခြေလှမ်းဆက်နိုင်ဖို့ ရည်ရွယ်ချက်နဲ့ `ဒီမိုကရေစီနှင့် ရွေးကောက်ပွဲအထောက်အကူပြု နိုင်ငံတကာအဖွဲ့အစည်းကို ဆွီဒင်နိုင်ငံထဲမှာ အခြေစိုက်ဖွဲ့စည်းခဲ့တယ်။ အဲ့ဒီအဖွဲ့ကနေ Women in Parliament ; Beyond Numbers ဆိုတဲ့ လက်စွဲစာအုပ်တစ်အုပ်ကို ထုတ်ဝေခဲ့ပြီးကမ္ဘာတစ်ဝန်းလုံးက ပါလီမန်တွေမှာ အမျိုးသမီးပါဝင်မှုရဲ့ ထိရောက်မှုကို တိုးတက်စေမယ့် မဟာဗျူဟာတွေနဲ့ လုပ်ထုံးလုပ်နည်း ယန္တရားတွေအပေါ် အပြန်အလှန် ဆန်းစစ်ထားတာဖြစ်တယ်။ ပြီးတော့ အမျိုးသမီးတွေအနေနဲ့ ပါလီမန်ထဲမှာ ကိုယ်စားပြုနိုင်မှုကို ဘယ်လိုတိုးတက်အောင် လုပ်ဆောင်နိုင်မလဲဆိုတဲ့ နည်းလမ်းပေါင်းစုံကိုလည်း ကြည့်ရှုဆန်းစစ်ထားတာ ဖြစ်ပါတယ်။
ပါလီမန်ထဲမှာ အမျိုးသမီးတွေပါဝင်မှုရာခိုင်နှုန်းအမြင့်ဆုံးနဲ့ အနိမ့်ဆုံးရှိတဲ့ နိုင်ငံတွေကိုလေ့လာကြည့်ရင် ဘာတွေ တွေ့ရှိနိုင်မလဲ။
ဆွီဒင်၊ ဒိန်းမတ်၊ နော်ဝေ၊ ဖင်လန်၊ နယ်သာလန်၊ အိုက်စ်လန်၊ မိုဇင်ဘစ်၊ ဂျာမနီနဲ့ နယူးဇီလန်စတဲ့ နိုင်ငံပေါင်း၉ နိုင်ငံဟာပါလီမန်ထဲမှာအမျိုးသမီးအရေအတွက်ကို ၃၀ ရာခိုင်နှုန်းနဲ့ အထက်အထိ ရွေးကောက်တင်မြှောက်ထားတဲ့ နိုင်ငံတွေဖြစ်တယ်။ အဲ့ဒီထဲက အစဉ်အတိုင်းပြောရရင် ပထမဆုံး ၇ နိုင်ငံဟာ PR စနစ်ကို ကျင့်သုံးတဲ့ နိုင်ငံတွေဖြစ်တယ်။ ဂျာမနီနဲ့ နယူးဇီလန်နိုင်ငံတို့ကတော့ အချိုးကျ ရောနှောပေါင်းစပ်ထားတဲ့ ရွေးကောက်ပွဲပုံ စနစ်တွေကို ကျင့်သုံးကြပါတယ်။ ဒါကြောင့် အဲ့ဒီ့ ကိုးနိုင်ငံစလုံးဟာ ပါလီမန်ထဲမှာ အမျိုးသမီးတွေကို ၃၀ ရာခိုင်နှုန်းနဲ့အထက် ရွေးကောက်တင်မြှောက်ထားပြီး PR စနစ်ကိုအပြည့်အဝသုံးတာ ဒါမှမဟုတ်ရင် PR ပုံစံတစ်မျိုးကို အသုံးပြုနေတာလို့ ဆိုနိုင်တယ်။
အမျိုးသမီးတွေကိုဥပဒေပြုရေးပိုင်းမှာ၅ ရာခိုင်နှုန်းအောက်သာရွေးကောက်တင်မြှောက်ထားတဲ့ နိုင်ငံပေါင်း ၃၄ နိုင်ငံရှိပြီး အများစုက အာဖရိက၊ ပစိဖိတ်ကျွန်းနိုင်ငံတွေနဲ့ အာရပ်နိုင်ငံတွေပဲဖြစ်တယ်။ အဲ့ဒီထဲကမှ ၂၅ နိုင်ငံကလူများစုဖြစ်ပေမယ့် ၅၀ ရာခိုင်နှုန်းမကျော်တဲ့စနစ်ကို ကျင့်သုံးပြီးအဲ့ဒီ ၂၅ နိုင်ငံထဲက ၅ နိုင်ငံက first-past-the-post စနစ်ကို ကျင့်သုံးတဲ့ နိုင်ငံတွေဖြစ်တယ်။ ၃၄ နိုင်ငံတွေထဲက ကျန်တာတွေဖြစ်တဲ့ လက်ချက်စ်စတိန်း၊ သီရိလင်္ကာ၊ တူရကီ၊ အယ်လ်ဂျီးရိးယားနဲ့ ပါရာဂွေးနိုင်ငံတွေဟာ PR စနစ်ကိုကျင့်သုံးကြပြီးတော့ အာမေးနီးယား၊ နိုင်ဂျာနဲ့ ဂျော်ဒန်နိုင်ငံတွေက တစ်ဝက်အချိုးကျ ရွေးကောက်တဲ့ စနစ်ကိုအသုံးပြုတယ်။ အနှစ်ချုပ်ပြောရရင်တော့ အမျိုးသမီးတွေကို ကိုယ်စားပြုခွင့် အနည်းဆုံးပေးထားတဲ့ နိုင်ငံက အာရပ်စော်ဘွားများ ပြည်ထောင်စု (UAE) နိုင်ငံပဲ ဖြစ်တယ်။
ဒီအချက်အလက်တွေကိုကြည့်ရင် အမျိုးသမီးတွေ ကိုယ်စားပြုမှု အရေအတွက် အထိုက်အလျောက် မြင့်မားတဲ့နိုင်ငံတွေဟာ PR ကျင့်သုံးတဲ့ နိုင်ငံတွေဖြစ်နေ တာကို ကြည့်ပြီးတော့ PR စနစ်ကပဲအမျိုးသမီးတွေရဲ့ ပါဝင်လုပ်ဆောင်မှုကို အလိုအလျောက် မြှင့်ပေးတယ်လို့တော့ ပြောလို့မရပါဘူး။ အကြောင်းက ဥပဒေပြုရေးမှာ အမျိုးသမီးတွေ ပါဝင်နိုင်မှု အနည်းဆုံးဖြစ်နေတဲ့နိုင်ငံတွေထဲက ၂၅ ရာခိုင်နှုန်းလောက်က PR ပုံစံခွဲတချို့ကို ကျင့်သုံးနေကြလို့ပဲ ဖြစ်တယ်။
နိုင်ငံရေးပါတီတွေရဲ့ အပိုင်းကနေပြီး သူတို့ရွေးကောက်ခံမယ့် လူစာရင်းထဲမှာ အမျိုးသမီးတွေ ပါဝင်လို့ရအောင် နေရာချထားဖို့ စိတ်ဆန္ဒအမှန် တကယ်ရှိဖို့ လိုအပ်ပါတယ်။ ကျား/မ အချိုးညီမျှတဲ့လူဦးရေရှိတဲ့ နိုင်ငံတွေက နိုင်ငံရေးပါတီတွေဟာ သူတို့ရဲ့ပါတီလူစာရင်းမှာ အမျိုးသမီးတွေကို မျှမျှတတ ဖြန့်ဝေထည့်သွင်းနိုင်ဖို့အတွက် ပါတီတည်ဆောက်ပုံကို အသေအချာ လုပ်ဆောင်ထားရမှာဖြစ်တယ်။ ဥပမာ အနိုင်ရနိုင်ခြေများတဲ့ အမတ်နေရာတွေမှာ အမျိုးသမီးတွေရဲ့ အမည်စာရင်းကိုပေးဖို့အတွက် အလေးသာတဲ့ plurality-majority system ကိုကျင့်သုံးတာမျိုးလိုပေါ့။
စိန်ခေါ်မှုနှင့် အတားအဆီးများ
ကမ္ဘာ့နေရာတော်တော်များများမှာ ဘာသာရေး ဒါမှမဟုတ် ယဉ်ကျေးမှုဆိုင်ရာ အကြောင်းချင်းရာတွေက နိုင်ငံရေးမှာ အမျိုးသမီးတွေရဲ့ ပါဝင်ပတ်သက်မှုကို အတားအဆီးတစ်ခုလို ဖြစ်နေတာကို မြင်တွေ့ရမှာဖြစ်တယ်။ ပါလီမန်များသမဂ္ဂကနေ ၁၉၉၄ ခုနှစ်မှာထုတ်ပြန်တဲ့ လက်တွေ့ဆောင်ရွက်မှုအစီအစဉ် (၁) ကလည်း အမျိုးသမီးတွေ အများပြည်သူဆိုင်ရာနယ်ပယ်တွေမှာ ဝင်ရောက်လုပ်ကိုင်နိုင်ဖို့ လိုအပ်တဲ့ ရှေ့ပြေးလုပ်ဆောင်ရမယ့် စာရင်းကို သတ်မှတ်ပြဋ္ဌာန်ပေးခဲ့တယ်။ အဲ့ဒီမှာ ဘာသာရေးနဲ့ ယဉ်ကျေးမှုဆိုင်ရာ သိသာထင်ရှားတဲ့ စံတန်ဖိုးတွေသာမက ပညာရေး၊ ကျန်းမာရေး၊ အလုပ်အကိုင်၊ စီးပွားရေး နယ်ပယ်တွေမှာ ပါဝင်ပတ်သက်မှုတွေအပြင် ကျား/မ ညီမျှမှု အတွက် ဥပဒေဆိုင်ရာအခြေခံတွေကို တည်ဆောက်တဲ့အထိ ပါဝင်တယ်။ အဲ့ဒီအချက်တွေကို ကိုင်တွယ်ဆောင်ရွက်မှု မရှိဘဲနဲ့ ကျင့်သုံးနေတဲ့ ရွေးကောက်ပွဲစနစ်နဲ့ပတ်သက်ပြီး မေးခွန်းတွေ ထုတ်နေတာကတော့ အတော့်ကို ဆက်စပ်ပတ်သက်မှု မရှိတဲ့လုပ်ရပ်ပါပဲ။ ကျား/မ မညီမျှမှုတွေကတော့ ကမ္ဘာအနှံ့အပြားမှာ ပျံ့နှံ့ဖြစ်တည်နေတဲ့ ကိစ္စဖြစ်တယ်။ အဲ့ဒီလို ကျား/မ ဖြစ်မှုအပေါ် အခြေခံတဲ့ မညီမျှမှုတွေ ကမ္ဘာ့နေရာဒေသတစ်ခုချင်းစီနဲ့ နိုင်ငံတစ်ခုချင်းစီအလိုက် အသေးစိတ်သတ်မှတ်ထားတဲ့ ချဉ်းကပ်မှုတွေအတွက် လိုအပ်ချက်ကို အလေးထားနေတာဖြစ်တယ်။ ဥပမာ ဖွံ့ဖြိုးပြီးနိုင်ငံတော်တော်များများမှာဆိုရင် လူတွေဟာအလုပ်အကိုင်နဲ့ ပညာရေးကဏ္ဍတွေမှာ ညီမျှတဲ့အခွင့်အလမ်းတွေကို ရရှိခံစားကြပေမယ့် အများပြည်သူဆိုင်ရာ နယ်ပယ်တွေမှာ အမျိုးသမီးတွေရဲ့ ကိုယ်စားပြုခွင့်က သိသိသာသာကို နိမ့်ကျနေတာတွေ့ရပါတယ်။ ဒါဟာ ဘာကိုပြနေတာလဲ ဆိုတော့ ကျား/မအရညီမျှမှုနဲ့ ပတ်သက်ပြီး ဘယ်နိုင်ငံမှာမှ အားရကျေနပ်လောက်တဲ့ အနေအထားကို ရောက်မလာသေးဘူး ဆိုတာပဲ ဖြစ်တယ်။ နိုင်ငံရေး၊ စီးပွားရေးနဲ့ လူမှုရေးဆိုင်ရာညီမျှမှုနဲ့ ပတ်သက်တဲ့ အန္တိမရည်မှန်းချက်က နေရာအနှံ့အပြားမှာ အိပ်မက်နဲ့ဝေးကွာနေဆဲအခြေအနေမှာပဲ ရှိသေးတဲ့သဘောဖြစ်ပြီး အဲ့ဒီမမျှတမှုတွေကို ပြုပြင်ဖယ်ရှားဖို့ အတွက် အထူးအရေးယူ ဆောင်ရွက်ချက်တွေ လုပ်ဖို့ကတော့ လိုအပ်နေဆဲပါပဲ။
(ဆက်လက်ဖော်ပြပါမည်။)
(လူ့အခွင့်အရေးနှင့် ဒီမိုကရေစီဂျာနယ်ပါ ဆောင်းပါးကို ပြန်လည်ဖော်ပြခြင်း ဖြစ်ပါသည်။)
Mizzima
Subscribe to:
Post Comments (Atom)
No comments:
Post a Comment