Saturday, April 25, 2015

ဗာတီကန် နန်းတော်ကို အကြမ်းဖက်သမားများ ပစ်မှတ်ထားခဲ့ဟု အီတလီ သံသယရှိနေ


အကြမ်းဖက်သမားများက အီတလီနိုင်ငံထဲ ဝင်ရောက်လာပြီး ဗာတီကန် နန်းတော်ကို ပစ်မှတ်ထား တိုက်ခိုက်ရန် စီစဉ်ခဲ့ဖူးသည်ဟု ယုံကြည်ရသည့် အခြေအနေအတွက် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေကြောင်း သိရှိရသည်။



အဆိုပါ စစ်ဆေးရေး အစီအစဉ်များကို အဓိက ဦးဆောင်နေသူ တစ်ဦးဖြစ်သည့် ကက်ဂလီယာရီမှ အစိုးရ ရှေ့နေချုပ် မော်ရိုမူရာက ပါကစ္စတန်နှင့် အာဖဂန်နစ္စတန်တို့တွင်လည်း တိုက်ခိုက်မှုများ ပြုလုပ်နိုင်သည့် ထောက်လှမ်းရေး သတင်းများကို မိမိတို့ ရရှိခဲ့ကြောင်း ဆိုသည်။

ရိုမန်ကက်သလစ် ခရစ်ယာန် ဘာသာရေး၏ အထွဋ်အမြတ် နေရာဖြစ်သည့် ဗာတီကန် နန်းတော်ကို ဦးတည် တိုက်ခိုက်ရန်အတွက် အသေခံ ဗုံးသမား တစ်ဦးသည် ရောမမြို့ထိ ရောက်လာပြီး အဘယ်ကြောင့်မှန်းမသိ ပြန်လည် ထွက်ခွာသွားသည်ကို မိမိတို့ ခြေရာခံ တွေ့ရှိခဲ့ကြောင်း မူရာက ပြောကြားခဲ့သည်။ ထို့နောက်ပိုင်းတွင် အကြမ်းဖက်မှု ကျူးလွန်ရန် နောက်ထပ် အားထုတ်သည့် အခြေအနေမျိုး မတွေ့ရတော့ကြောင်းလည်း သိရသည်။

အီတလီ ရဲတပ်ဖွဲ့သည် ဧပြီ(၂၄)ရက်တွင် နိုင်ငံတစ်ဝန်းရှိ နေရာအများအပြားတွင် ရှောင်တခင် စီးနင်းရှာဖွေမှုများ ပြုလုပ်ခဲ့ကြသည်။ ၎င်းတို့သည် အယ်လ်ကိုင်ဒါ အကြမ်းဖက် တပ်ဖွဲ့နှင့် ဆက်နွှယ်သည်ဟု ယူဆရသည့် မသင်္ကာသူ (၁၀)ဦးကို ဖမ်းဆီးခဲ့ပြီး နောက်ထပ်(၈)ဦးကို လိုက်လံရှာဖွေလျက် ရှိသည်။ “ကျွန်တော်တို့မှာ ခိုင်ခိုင်မာမာ သက်သေတော့ မရှိဘူး။ ဒါပေမဲ့ တကယ့်ကို အားကောင်းတဲ့ သံသယမျိုးတော့ ရှိနေတယ်”ဟုလည်း မူရာက မှတ်ချက်ပြုခဲ့သည်။

ဖုန်းလိုင်းများကို ကြားဖြတ် နားထောင်ရာ၌ မသင်္ကာသူများက မိမိတို့သည် အီတလီမြေတွင် ကြီးမားသည့် ဘာသာရေး စစ်ပွဲတစ်ရပ် ဆင်နွှဲမည်ဟု အချက်ပေး ပြောဆိုမှုများ ရှိခဲ့ကြောင်း သိရသည်။ လတ်တလော အီတလီ ရဲတပ်ဖွဲ့က လိုက်လံ ရှာဖွေနေသည့် မသင်္ကာသူများသည် အာဖဂန်နှင့် ပါကစ္စတန် နိုင်ငံသားများ ဖြစ်ကြကြောင်းလည်း သိရသည်။

အယ်လ်ကိုင်ဒါတို့နှင့် ဆက်နွှယ်သော အကြမ်းဖက်သမားများသည် ဗာတီကန် နန်းတော်ကို ပစ်မှတ်ထား တိုက်ခိုက်ရန် (၂၀၁၀)ပြည့်နှစ် ကတည်းက စတင်စီစဉ်နေခဲ့သည်ဟု ယူဆရသည်။ (၂၀၀၆)ခုနှစ်က ပုပ်ရဟန်းမင်း ဘင်နဒစ်သည် ဘိုင်ဇင်တိုင်း အင်ပါယာနှင့် ဆက်နွှယ်သော ဟောပြောမှု တစ်ခု၌ အစ္စလာမ်မစ် တမန်တော် မိုဟာမက်၏ သွန်သင်မှု အချို့သည် ဆိုးယုတ်ပြီး လူမဆန်သည့် သဘောမျိုး သုံးနှုန်းသွားရာ ဘာသာရေးအရ တင်းမာမှုများ ရှိနေခဲ့သည်။ သို့သော်လည်း (၂၀၁၁)ခုနှစ် နောက်ပိုင်းတွင်မူ ယင်းအခြေအနေ တဖြည်းဖြည်း လျော့ပါးပြီး ကိုးကွယ်ယုံကြည်မှု ဘာသာနှစ်ခုကြား နွေးထွေးသော ဆက်ဆံရေးမျိုး ပြန်လည် တည်ရှိလာခဲ့သည်။

Ref: irishexaminer.com

No comments:

Post a Comment